အခန်း (၄၄) မင်းက ဆုဘင်း ဖြစ်နေလို့ပေါ့
၎င်းတို့နှစ်ဦး သိကျွမ်းခဲ့ကြသည်မှာ သိပ်မကြာသေးသော်လည်း... သူက သူမအပေါ် မည်သည့်သံသယမျှမရှိဘဲ အကြွင်းမဲ့ ယုံကြည်ပေးခဲ့သည်။
တစ်ဖက်တွင်မူ... သူမနှင့် နှစ်ပေါင်းများစွာ လက်ပွန်းတတီး သိကျွမ်းလာခဲ့ကြသည့် သူများကတော့ သူမအပေါ် တစ်စက်ကလေးမျှ ပင် ယုံကြည်မှု မရှိခဲ့ကြပါချေ။
"ဒါတင်မကသေးဘူး... မင်းကို ငါကာကွယ်ပေးမှာပါ။"
လုဟဲ့ထင်က သူမကို ဆိုင်ကယ်ပေါ်တက်ရန် ကူညီပေးလိုက်ပြီးနောက်... သူ၏ လက်မောင်းနှစ်ဖက်ဖြင့် သူမ၏ ခါးပြတ်လေးကို နောက်ကနေ သိုင်းဖက်လိုက်၏။
ဆုဘင်း၏ နှုတ်ခမ်းအစုံက ပိုမိုကျယ်ပြန့်သော အပြုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်...
"ကောင်းပြီလေ... ဒါဆိုရင်လည်း တင်းတင်းကြပ်ကြပ် ဖက်ထားနော်။ ကျွန်မက အရှိန်ပြင်းပြင်း မောင်းရတာကို အရမ်းသဘောကျတာ။"
လုဟဲ့ထင်က သူမ၏ ခါးလေးကို ပိုမို၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်တော့သည်။
ဆိုင်ကယ်ကြီးသည် လေးကြိုးမှ ရုန်းထွက်သွားသော မြားတစ်စင်စာအလား ရှေ့သို့ ဝုန်းခနဲ ပျံသန်းထွက်ခွာသွားခဲ့၏။ ဆုဘင်းသည် ပျော်ရွှင်လွန်းသဖြင့် အော်ဟစ်လိုက်ရာ... ထိုအသံလေးမှာ တောင်ပေါ်လေညင်းများနှင့်အတူ လွင့်ပါးသွားခဲ့တော့သည်။ ဆိုင်ကယ်ရှေ့မီးကြီးက ရှေ့မှောက်က မှောင်မိုက်ခြင်းကို ဖြတ်တောက်ကာ လမ်းမထက်သို့ အလင်းရောင် ပေးနေခဲ့၏။
ဆိုင်ကယ်ကြီးသည် ရှေ့က ပြေးနေသော အလင်းတန်းကို လိုက်လံဖမ်းဆီးနေသည့်အလား... အမြဲတမ်း မှီတော့မည့်အတိုင်း ဖြစ်နေသော်လည်း လုံးဝမူ ဖမ်းမမိနိုင်ခဲ့ပါချေ။
၎င်းတို့ တောင်ထိပ်သို့ ရောက်ရှိသွားသည့် အခါတွင်မှ ဆုဘင်းသည် ဆိုင်ကယ်ကို အရှိန်လျှော့ကာ ရပ်တန့်လိုက်ပြီး ဆိုင်ကယ်စီးဦးထုပ်ကို ချွတ်လိုက်တော့သည်။ မှောင်မိုက်လှသော ညဉ့်နက်သန်းခေါင်အချိန် ဖြစ်သော်လည်း သူမ၏ မျက်ဝန်းအစုံမှာမူ အရောင်တောက်နေခဲ့၏။
"ကျွန်မ အရမ်းပျော်တာပဲ။" သူမက အသံချဲ့စက်သဖွယ် ဖြစ်အောင် လက်နှစ်ဖက်ကို နှုတ်ခမ်းနားတွင် ကပ်လိုက်ရင်း... လူသူကင်းမဲ့လှသော သဘာဝရှုခင်းကြီးဆီသို့ အော်ဟစ်လိုက်ရှာသည်။
သူမ ဤမျှလောက်အထိ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေပုံကို စိုက်ကြည့်ရင်း... လုဟဲ့ထင်၏ မျက်ဝန်းအစုံထဲတွင်လည်း ကြင်နာယုယမှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားခဲ့ရ၏။
"ဒီနေ့ပွဲမှာ ကျွန်မ ဘယ်လောက်အဆင့် ရခဲ့လဲဆိုတာ ရှင်သိလား။" သူမက သူ့ဘက်သို့ လှည့်ကာ မေးမြန်းလိုက်သည်။
"ကိုယ့်အထင်တော့... မင်း ပထမနေရာကို ရခဲ့တယ် ထင်တယ်။"
"ရှင်က ဒါကို ဘယ်လိုသိတာလဲ။"
"မင်းလို အမျိုးသမီးတစ်ယောက်က... ဘယ်အချိန်မဆို သေချာပေါက် ပထမနေရာမှာပဲ ရှိနေရမှာမလို့ပေါ့။" လုဟဲ့ထင်၏ နက်ရှိုင်းလှသော မျက်ဝန်းအစုံထဲက စိတ်လှုပ်ရှားမှုများကိုမူ ညဉ့်မှောင်ရိပ်များက ဖုံးကွယ်ပေးထားခဲ့သည်။
ဆုဘင်းက သဘောကျစွာ ရယ်မောလိုက်ရင်း... "ကျေးဇူးတင်ပါတယ်နော်။ ကျွန်မကြောင့် ဆုဟွေရှန်တစ်ယောက် ပါဝင်ခွင့် ဆုံးရှုံးသွားခဲ့ရတာ။ အော်... ဒါနဲ့ ဆုဟွေရှန်က ကျွန်မရဲ့ အဖေတူအမေကွဲ ညီမလေးလေ။ သူမက ကျွန်မကို အမြဲတမ်း ပြဿနာရှာပြီး ဒုက္ခရောက်အောင် မဟုတ်မမှန် လုပ်ကြံတတ်တာ။ ကျွန်မ ပွဲခန်းထဲ ဝင်သွားလို့ သူမ ပဉ္စမနေရာမှာ ရှိနေတာကို မြင်လိုက်ရတဲ့ အချိန်မှာ... ဒိုင်တွေကို အထင်ကြီးအောင် လုပ်ပြချင်စိတ်တွေ ပိုပြီးတော့တောင် ပေါက်သွားခဲ့ရသေးတယ်။"
အတိတ်တုန်းက မိမိအပေါ် မတရား ဆက်ဆံခံခဲ့ရပုံများကို ဆုဘင်းက သာမန်ကိစ္စတစ်ခုအလား ပေါ့ပေါ့ပါးပါး ပြောဆိုနေသည်ကို ကြားရသည့်အခါ... လုဟဲ့ထင်၏ ရင်ထဲ၌ အပ်ဖြင့် အထိုးခံလိုက်ရသည့်အလား တဆဆ နာကျင်သွားခဲ့ရရှာသည်။
သူ၏ တိတ်ဆိတ်မှုကို အထင်လွဲသွားခဲ့သဖြင့် ဆုဘင်းက ဆက်လက်ပြုံးနေရင်း... "ကျွန်မကို လူဆိုးမကြီးလို့ ရှင်ထင်သွားတာလား။" ဟု မေးလိုက်၏။
"မဟုတ်ပါဘူး... သူမက ခံထိုက်လို့ ခံရတာပါ။ မင်းက ကောင်းပါတယ်။ မင်းက မင်းရဲ့ အလုပ်ကို မင်း သေသေချာချာ လုပ်ခဲ့တာပဲဥစ္စာ။" မှောင်မိုက်နေသည့် တိုင်အောင်... လုဟဲ့ထင်၏ တည်ငြိမ်လေးနက်လှသော လေသံကြီးက အခြားသူများကို အကြောင်းပြချက်မရှိဘဲ စိတ်သက်သာရာရသွားစေသည့် စွမ်းအား ရှိနေခဲ့သည်။
ဆုဘင်းသည် ခေါင်းလေးကို အနည်းငယ် ငုံ့လိုက်မိရာ... တောင်ပေါ်လေညင်းက သူမ၏ ဆံနွယ်ရှည်များကို တိုက်ခတ်သွားပြီး သူမ၏ မျက်နှာငယ်လေးကို ဖုံးအုပ်သွားခဲ့သည်။ သူမက တုန်ရီနေသော လေသံလေးဖြင့်... "လုဟဲ့ထင်... အရင်တုန်းက ကျွန်မနဲ့ ဆုဟွေရှန်ကြားမှာ ဘယ်လိုပြဿနာမျိုးပဲ တက်ခဲ့တက်ခဲ့... အခြားသူတွေ အားလုံးက ကျွန်မဘက်ကပဲ မှားတယ်လို့ အမြဲတမ်း ယူဆခဲ့ကြတာ။ ရှင်တစ်ယောက်တည်းပဲ... ကျွန်မကို ယုံကြည်ပေးတာ။"
"သေချာတာပေါ့... ကိုယ်က မင်းကို ယုံကြည်တာပေါ့။" သူက သူမ၏ ရှုပ်ပွနေသော ဆံနွယ်လေးများကို စိုက်ကြည့်ရင်း ဆိုလိုက်သည်... "ဘာလို့လဲဆိုတော့... မင်းက ဆုဘင်း ဖြစ်နေလို့ပေါ့။"
ညဉ့်လွန်လေက အေးစက်လွန်းလှသဖြင့် ခန္ဓာကိုယ်လေးပင် အနည်းငယ် တုန်ခါသွားရသော်လည်း... ယခုခဏ၌ ဆုဘင်း၏ ရင်ထဲတွင်မူ နွေးထွေးမှုလှိုင်းလုံးကြီးတစ်ခု ဖြတ်သန်းစီးဆင်းသွားခဲ့ပြီး... ၎င်းနွေးထွေးမှုမှာ ပါးပြင်ထက်အထိပင် ဆန်တက်လာခဲ့ရသည်။
လုဟဲ့ထင်သည် သူမ၏ မျက်နှာပေါ်တွင် ရှုပ်ပွနေသော ဆံနွယ်လေးများကို သာယာစွာ ဖယ်ရှားပေးလိုက်ပြီးနောက်... သူ၏ ဦးခေါင်းကို အောက်သို့ အနည်းငယ် ငုံ့လိုက်မိသည်။ သူ၏ နှုတ်ခမ်းအစုံနှင့် သူမ၏ နဖူးပြင်လေးကြားတွင် မိုင်အကွာအဝေး အနည်းငယ်မျှသာ လိုတော့သည့် ထိုခဏမှာပင်... ရုတ်တရက်ဆိုသလို ၎င်းတို့နှစ်ဦးကြားက ဟာကွက်လွတ်ထဲသို့ ပဲစေ့ခန့်ရှိသော မိုးပေါက်ကြီးတစ်ပေါက်က ဖျတ်ခနဲ ကျရောက်လာခဲ့၏။ မကြာမီမှာပင်... ၎င်းတို့၏ ပတ်ဝန်းကျင် တစ်ခုလုံးတွင် မိုးက သဲသဲမဲမဲ ရွာသွန်းလာခဲ့တော့သည်
"မိုးရွာပြီ။ တို့တွေ အမြန်ပြန်ကြစို့။" ဆုဘင်းက အော်လိုက်၏။
သူမ၏ နဖူးပြင်လေးကို ဖွဖွလေး နမ်းရှုံ့ခွင့်ရမည့် အခွင့်အရေးကြီးနှင့် လွဲချော်သွားခဲ့ရသဖြင့်... လုဟဲ့ထင်၏ စိတ်အခြေအနေမှာ ချက်ချင်းပင် မည်းမှောင် ညှိုးငယ်သွားခဲ့ရရှာသည်။
မိုးက ပိုမို၍ သဲထန်လာသည်ကို မြင်တွေ့ရသဖြင့်... သူသည် ဆိုင်ကယ်တူးဘောက်စ် ထဲတွင် သိမ်းဆည်းထားသော မိုးကာအင်္ကျီကို ထုတ်ယူကာ ဆုဘင်းကို သေသေချာချာ ဝတ်ဆင်ပေးလိုက်၏။ ထို့နောက်တွင်မူ ၎င်းတို့နှစ်ဦးစလုံး ဆိုင်ကယ်ပေါ်သို့ ပျာပျာသလဲ တက်စီးလိုက်ကြပြီး ချက်ချင်း ထွက်ခွာလာခဲ့ကြတော့သည်။
ဆုဘင်း နေထိုင်သည့် တိုက်ခန်းအဆောက်အဦးအောက်သို့ ရောက်ရှိလာသည့် အချိန်တွင်မူ... လုဟဲ့ထင်တစ်ယောက် ထိပ်ဆုံးမှ ခြေဖျားအထိ မိုးရေထဲတွင် တုပ်တုပ်စိုနေခဲ့ပြီ ဖြစ်သည်။
"အပေါ်ကို တက်ပြီး မိုးရေတွေ အရင် သုတ်လိုက်ပါလားဟင်။" သူမက ဆိုင်ကယ်ပေါ်က ဆင်းလိုက်ရင်း အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ဖိတ်ခေါ်လိုက်မိသည်။
တကယ်လို့ သူမသာ မရှိခဲ့လျှင် လုဟဲ့ထင်တစ်ယောက် ယခုကဲ့သို့ စုတ်စုတ်ပြတ်ပြတ် အခြေအနေမျိုး ဖြစ်လာစရာ အကြောင်းမရှိသည် မဟုတ်ပါလား။
သို့သော်လည်း သူမ စကားပြောပြီးသွားသည်နှင့် တပြိုင်နက်... ရင်ထဲ၌ နောင်တတရားတစ်ခုက ချက်ချင်း ရိုက်ခတ်သွားခဲ့ရ၏။ ညဉ့်နက်သန်းခေါင် အချိန်ကြီးတွင်... အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တခန်းတည်း အတူတူ ရှိနေဖို့ရန်မှာ မသင့်တော်လှသည် မဟုတ်ပါလား။
သို့သော်ငြားလည်း သူမအနေဖြင့် အခြားစကားများ ထပ်မံ၍ မပြောနိုင်သေးခင်မှာပင်... လုဟဲ့ထင်က "ကောင်းပြီလေ။" ဟု ချက်ချင်း သဘောတူလိုက်တော့သည်။
သူက သူမ ဤသို့ ပြောလာမည့်အချိန်ကို ကြိုတင်စောင့်ဆိုင်းနေခဲ့သည့်အလား... ဘာဖြစ်လို့ သူမ စိတ်ထဲတွင် ခံစားနေရပါလိမ့်။
ဒါပေမဲ့... သူမကိုယ်တိုင်က စတင်၍ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သဖြင့်... စကားကို ပြန်လည်ရုပ်သိမ်းလိုက်ရန်မှာလည်း ယဉ်ကျေးမှု မရှိရာ ကျပေလိမ့်မည်။ ထို့ကြောင့် သူမအနေဖြင့် ဒါတွေကို ထပ်မံ၍ တွေးတောမနေတော့ဘဲ... သူ ဆိုင်ကယ်ရပ်နားရန်အတွက် နေရာလွတ်တစ်ခု ရှာဖွေပေးလိုက်တော့၏။
ထို့နောက်တွင်မူ... သူမသည် သူ့ကို ခေါ်ဆောင်ကာ အပေါ်ထပ်က သူမ၏ အိမ်ခန်းဆီသို့ ဦးဆောင်ကာ တက်လှမ်းလာခဲ့သည်။
သူမ တံခါးကို ဖွင့်လိုက်သည့်အခါ... လုဟဲ့ထင်ကလည်း သူမ၏ နောက်ကနေ လိုက်ပါဝင်ရောက်လာခဲ့ပေတော့သည်။