အခန်း (၄၃) မင်းကို ငါယုံတယ်
ဆုဟွေရှန်တစ်ယောက် အခန်းထဲမှ လျှောက်လှမ်းထွက်ခွာလာသည့်အခါတွင်မူ... သူမ၏ မျက်နှာထက်၌ ဟန်ဆောင်အပြုံးလေးတစ်ခုကို မနည်းထိန်းသိမ်းထားရန် ကြိုးစားနေရှာသည်။ သို့သော်ငြားလည်း သူမ၏ တောင့်ခံထားသော ဟန်ပန်များမှာ အချိန်မရွေး ပြိုလဲပျက်စီးတော့မည့်အတိုင်း အက်ကြောင်းထင်နေခဲ့ပြီ ဖြစ်၏။
သူမသည် ခြေလှမ်းများ ယိုင်နဲ့သွားခဲ့ပြီး မတ်တတ်ပင် မရပ်နိုင်တော့လုနီးပါး ဖြစ်သွားရသည်။ သူမအနေဖြင့် မည်သူ့ကိုမဆို ရှုံးနိမ့်၍ ရသော်လည်း... ဆုဘင်းကိုမူ လုံးဝ အရှုံးမပေးနိုင်ပါချေ။
သူမသည် ဤရလာဒ်အပေါ် လုံးဝ စိတ်ကျေနပ်မှု မရှိခဲ့ပါ။
ချိုးမင်းရွှမ်းက ချက်ချင်း ရှေ့သို့ တိုးလာပြီး ဆုဟွေရှန်၏ လက်မောင်းကို တွဲကူပေးလိုက်သည်။ ဆုဘင်းတစ်ယောက် အရေးအကြီးဆုံးသော အချိန်ကျမှ ရုတ်တရက် ပေါ်ထွက်လာပြီး... ဆုဟွေရှန်၏ ခြေဖဝါးအောက်က ပါဝင်ခွင့် အခွင့်အရေးကြီးကို ဝင်ရောက်လုယူသွားလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့မိပါချေ။
"မင်းရွှမ်း... တို့ရဲ့ အလုပ်အချိန်ဇယား ကိစ္စကို ဘယ်တော့လောက် ဆွေးနွေးကြမလဲ။"
ဆုဘင်းက ချိုးမင်းရွှမ်း၏ ရှေ့သို့ လျှောက်လှမ်းလာရင်း ခပ်အေးအေးလေး မေးမြန်းလိုက်သည်။
ချိုးမင်းရွှမ်းမှာလည်း မတတ်သာသည့်အဆုံး အောင့်ကာနမ်း ပြုံးလိုက်ရရင်း...
"မနက်ဖြန်ကျမှ လုပ်ကြတာပေါ့။ မနက်ဖြန်ကျရင် ကုမ္ပဏီကို လာခဲ့လိုက်ပါ။ ပြီးတော့... ဂုဏ်ယူပါတယ် ဆုဘင်း။"
ဆုဘင်း၏ နှုတ်ခမ်းအစုံမှာ လှောင်ပြုံးတစ်ခုအဖြစ် အနည်းငယ် ကော့ညွှတ်သွားခဲ့သည်...
"ကျေးဇူးတင်ပါတယ်နော်။ ဒါပေမဲ့ ဒီနေ့လိုမျိုး သေးသေးမွှားမွှား မတော်တဆမှုလေးတွေက... မနက်ဖြန်မှာ ထပ်ပြီး ဖြစ်မလာတော့ဘူးလို့ပဲ မျှော်လင့်မိပါတယ်"
သူမက တည်ငြိမ်ပြတ်သားစွာ ပြောဆိုလိုက်ပြီးနောက်...
"မင်းရွှမ်း... ဘယ်သူမဆို ကုမ္ပဏီရဲ့ အကျိုးစီးပွားကိုတော့ လာပြီး ထိခိုက်အောင် လုပ်ချင်ကြမှာ မဟုတ်ဘူး... ဟုတ်တယ်မလား။"
ဟု ထပ်လောင်း၍ ဖိပြောလိုက်၏။
ချိုးမင်းရွှမ်းမှာ အလွန်အမင်း စိတ်ရွှေသွားရကာ နေရခက်လှသော အပြုံးဆိုးကြီးဖြင့်သာ တုံ့ပြန်နိုင်ရှာတော့သည်။
ဆုဘင်းသည် အဆောက်အဦးအပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာလာခဲ့ရာ... လူသူမနီးသော မှောင်မိုက်သည့် ထောင့်စွန်းတစ်ခုတွင် သူမကို စောင့်ဆိုင်းနေသည့် လုဟဲ့ထင်ကို တွေ့ရှိလိုက်ရသည်။ သူသည် အခြားသူများ၏ သတိပြုမိခြင်းကို မခံချင်သည့်အလား အရိပ်အောက်တွင် ပုန်းကွယ်နေခဲ့ခြင်း ဖြစ်၏။
သို့သော်ငြားလည်း... သူ၏ အရပ်အမောင်း မြင့်မားကျနပြီး ခန့်ညားလွန်းလှသော ပုံရိပ်ကြီးကြောင့်... အခြားသူများ၏ အာရုံစိုက်မှုကို မခံရအောင် ရှောင်လွှဲရန်မှာ လွန်စွာမှပင် ခက်ခဲလှပေသည်။ ဖြတ်သန်းသွားလာနေကြသော လမ်းသွားလမ်းလာ အားလုံးမှာလည်း သူ၏ အသွင်အပြင်ကြောင့် မသိမသာ ခိုးကြည့်နေကြရ၏။
ဆုဘင်းသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး သူ၏ထံသို့ ဆိုင်ကယ်ကြီးကို ပြန်လည်တွန်းပေးလိုက်ရင်း ခပ်နောက်နောက်လေး ညည်းတွားလိုက်သည်..
"မစ္စတာလု... ရှင့်ရဲ့ ဆိုင်ကယ်ကြီးက အရမ်းလေးတာပဲ။ ကျွန်မဖြင့် ဒါကြီးကို ဟိုတွန်းဒီတွန်း လုပ်နေရတာနဲ့တင် အမောဆို့တော့မှာပဲ။"
"သူက မင်းကို ကူညီပေးခဲ့တာပဲဟာ... သူ့ကို ဒီလိုမျိုး စောင်းမြောင်းမပြောသင့်ပါဘူး။" သူက သူ၏ ညာဘက်လက်ကို ဆန့်တန်းပေးလိုက်ရင်း ထပ်လောင်းဆိုသည်... "ဂုဏ်ယူပါတယ်ဗျာ။"
ဆုဘင်းသည် မိမိ၏ ခံစားချက်များကို ဖုံးကွယ်ထားတတ်သည့် အမျိုးသမီးမျိုး မဟုတ်ပါချေ။ လုဟဲ့ထင်အနေဖြင့် သူမ၏ မျက်နှာထက်က တောက်ပလွန်းလှသော အပြုံးကို ကြည့်ရုံမျှဖြင့်... သူမ ဤပွဲကို အောင်မြင်စွာ အရည်အချင်း ပြည့်မီသွားခဲ့ပြီ ဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်ပေသည်။
သေချာတာပေါ့... သူမက လက်လှမ်းပြီး သူ၏လက်ကို ဆုပ်ကိုင်လိုက်ရင်း... "ရှင့်စကားအရဆိုရင်... ကျွန်မအနေနဲ့ ရှင့်ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်ခုခု လုပ်ပေးရမယ်ပေါ့... ဟုတ်လား။"
"ကောင်းပြီလေ... တကယ်လို့ မင်းအတွက် သိပ်ပြီး အလုပ်မရှုပ်ဘူးဆိုရင်ပေါ့။"
လုဟဲ့ထင်က ဆိုင်ကယ်နောက်ထိုင်ခုံကို လက်ဟန်ပြလိုက်ရင်း သူမကို တက်စီးရန် ဖိတ်ခေါ်လိုက်သည်…
"ကိုယ့်အနေနဲ့ ဒီကောင်ကြီးကို မစီးဖြစ်တာ တော်တော်ကြာပြီ။ ကိုယ်နဲ့အတူ လေညင်းခံ လိုက်စီးချင်လား။"
ထိုစကားကို ကြားသည်နှင့် ဆုဘင်းသည် ဆိုင်ကယ်ပေါ်သို့ ခြေတစ်ဖက်ကို လွှားခနဲ ကျော်ခွလိုက်ရင်း အခက်အခဲမရှိဘဲ အေးဆေးစွာပင် တက်စီးလိုက်တော့၏။
လုဟဲ့ထင်သည် ဆိုင်ကယ်စီးဦးထုပ်ကို သေသေချာချာ ဆောင်းပေးကာ ပြင်ဆင်ပြီးနောက်... ဆိုင်ကယ်ကို စတင်မောင်းနှင် ထွက်ခွာခဲ့တော့သည်။
ဆုဘင်းသည် သူ၏ နောက်ကနေ လိုက်ပါစီးနင်းရင်း... သူ၏ သန်မာလှသော ခါးအစုံကို လက်နှစ်ဖက်ဖြင့် သက်တောင့်သက်သာပင် သိုင်းဖက်ထားလိုက်၏။
ယခုတစ်ကြိမ်တွင်မူ... လုဟဲ့ထင်သည် ဆိုင်ကယ်ကို အရှိန်ပြင်းပြင်း မမောင်းတော့ဘဲ မှန်မှန်လေးသာ မောင်းနှင်နေခဲ့သည်။ သူ၏ ကျောပြင်ထက်တွင် သူမ၏ ခန္ဓာကိုယ်လေးဆီက နွေးထွေးမှုကို ခံစားနေရသဖြင့်... သူကိုယ်တိုင်ပင် မသိလိုက်ဘဲ နှုတ်ခမ်းများ ကော့ညွှတ်ကာ ပြုံးမိနေမိ၏။
"မင်း ကားမခေါ်ဖြစ်တာ ရက်အနည်းငယ် ရှိသွားပြီနော်။" လုဟဲ့ထင်က တည်ငြိမ်သော လေသံဖြင့် စကားစလိုက်သည်။
"ဟင်... ရှင်က ဒါကို ဘယ်လိုသိတာလဲ။"
"ဘာလို့လဲဆိုတော့... ကိုယ့်ဆီကို မင်းရဲ့ အော်ဒါဖုန်းခေါ်သံ ဝင်မလာလို့ပေါ့။"
သူမသည် သဘောကျစွာဖြင့် ခပ်ဖွဖွလေး ရယ်မောလိုက်မိသည်…
"မစ္စတာလု... ကြည့်ရတာ ရှင်က ရှင့်ရဲ့ အချိန်ပိုင်းအလုပ်အကြောင်းကို လေ့လာဖို့ လိုပါသေးတယ်။ ကျွန်မ ကားခေါ်လိုက်တိုင်း... ရှင့်ရဲ့ကားဆီကို အော်ဒါ တိုက်ရိုက်ရောက်လာလိမ့်မယ်လို့ မဆိုလိုပါဘူးရှင်။ အဲ့ဒီလိုမျိုး တိုက်ဆိုင်ဖို့ ရာခိုင်နှုန်းက တကယ်ကို နည်းလွန်းလှပါတယ်။"
"ဒါဆို... မင်း မကြာသေးခင်က အပြင်ကို လုံးဝ မထွက်ဖြစ်ဘူးပေါ့။"
"ထွက်တာပေါ့ရှင်။ တချို့အချိန်တွေမှာ ကျွန်မက သိန်းသန်းချီတန်တဲ့ ကားကြီးတွေကို စီးပြီး... တချို့အချိန်တွေမှာကျတော့ သန်းပေါင်း (၁၀၀) ကျော်တန်တဲ့ ယာဉ်ကြီးတွေကို စီးဖြစ်တာ။"
ဆုဘင်းက ပေါ့ပါးစွာ ပြန်လည်ဖြေကြားလိုက်၏။
ထိုခဏ၌ လုဟဲ့ထင်၏ မျက်ဝန်းအစုံထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း မကြာမီမှာပင်... သူမ ဆိုလိုသည်မှာ အများသုံး ဘတ်စကားကြီးများနှင့် ရထားကြီးများကို စီးနင်းခြင်းဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် စိတ်အေးသွားရတော့၏။
မကြာမီမှာပင်... ၎င်းတို့သည် ကွေ့ကောက်လွန်းလှသော တောင်ပတ်လမ်းမထက်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြသည်။ ယခုတစ်ကြိမ်တွင်မူ ဆုဘင်း၏ စိတ်ခံစားချက်မှာ သိသိသာသာကို ကောင်းမွန်နေခဲ့ပြီ ဖြစ်၏။ စောစောတုန်းကမူ... သူမသည် လူတွေ့စစ်ဆေးပွဲသို့ အမှီသွားရန်အတွက် အလွန်အမင်း အလျင်စလို ဖြစ်နေခဲ့သဖြင့် လမ်းခရီး၏ အလှတရားကို ခံစားရန် အချိန်ကော စိတ်အာရုံပါ မရှိခဲ့သည် မဟုတ်ပါလား။
သို့သော် ယခုအခါတွင်မူ... သူမသည် လမ်းခရီးတစ်လျှောက်လုံး၏ ကြည်နူးစရာ အလှတရားများထဲတွင် လုံးဝ စိတ်နှစ်မြှုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။
ခဏအကြာတွင်... သူမက "ကျွန်မ ဆိုင်ကယ်ကို မောင်းကြည့်လို့ ရမလားဟင်။" ဟု မေးမြန်းလိုက်၏။
"ရတာပေါ့။" လုဟဲ့ထင်သည် ဆိုင်ကယ်ကို အရှိန်လျှော့ကာ ရပ်တန့်လိုက်ပြီးနောက် ကားပေါ်ကနေ လိုက်လံ ဆင်းသက်ပေးလိုက်သည်။
"ကျွန်မ ဆိုင်ကယ်မစီးဖြစ်တာ တော်တော်လေး ကြာသွားပြီ။ ကျွန်မကြောင့် တို့နှစ်ယောက်လုံး တောင်ပေါ်ကနေ လိမ့်ကျသွားမှာကို ရှင် မကြောက်ဘူးလား။"
"မင်းကို ငါယုံတယ်။" လုဟဲ့ထင်က သူ၏ ဦးခေါင်းကို အနည်းငယ် ငုံ့လိုက်ရင်း... ဆိုင်ကယ်စီးဦးထုပ်၏ မှန်ကာမျက်နှာပြင်မှတစ်ဆင့် သူမကို စိုက်ကြည့်ကာ ဆိုလိုက်၏။
ဤရိုးရှင်းလွန်းလှသော စကားတစ်ခွန်းက ဆုဘင်း၏ နှလုံးသားကို ထိမှန်သွားခဲ့ရပြီး... ရင်ထဲ၌ ဒီရေအလား တိုးဝှေ့လာသော စိတ်လှုပ်ရှားမှုများကြောင့် နှာခေါင်းလေးပင် ရှုံ့သွားခဲ့ရရှာပေတော့သည်။