အခန်း (၄၁) စက္ကန့်ပိုင်းအလို ကပ်လျက်အောင်ပွဲ
ချိုးမင်းရွှမ်းသည် ဆုဟွေရှန်၏ မိတ်ကပ်ကို ပြန်လည်ပြင်ဆင်ပေးနေရင်း...
"ဒီနေ့တော့ ဆုဘင်းတစ်ယောက် ကံဆိုးမိုးမှောင်ကျသွားပြီ ထင်တယ်ဟေ့။ သူမစီးသွားတဲ့ကားက ကွေ့ကောက်လွန်းတဲ့ တောင်ပတ်လမ်းပေါ်မှာ ပျက်သွားလို့... အခု အဲ့ဒီမှာတင် သောင်တင်နေပြီတဲ့"
ဟု ခပ်ရွှတ်ရွှတ် ဆိုလိုက်၏။
ဆုဟွေရှန်က စိတ်မကောင်းဖြစ်ရဟန်ဖြင့် ခေါင်းကို ဝေ့ဝဲခါယမ်းလိုက်ရင်း...
"ဆုဘင်းက အမြဲတမ်း ကံမကောင်းတတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့လို နေ့မျိုးမှာတောင် ကံကြမ္မာက သူမဘက်မှာ မရှိဘူး ဖြစ်နေလိမ့်မယ်လို့ ငါလည်း မထင်ထားမိဘူး"
"ကဲပါအေ... တကယ်လို့ သူမရဲ့ ကားသာ မပျက်ခဲ့ရင်တောင်မှ သေချာပေါက် ပွဲကျမှာပဲ။ ဒုတိယအဆင့် စည်းမျဉ်းအရ ပြိုင်ပွဲဝင်အားလုံးက ဝတ်စုံနက်ကိုပဲ ဝတ်ဆင်ရမယ်လေ။ ပြီးတော့ နောက်ကွယ်က အဝတ်လဲခန်းထဲမှာပဲ လဲလှယ်ခွင့် ရှိတာ။ အခု အဝတ်လဲခန်းကလည်း ပိတ်သွားပြီဆိုတော့... သူမ ဘယ်လိုမှ အမှီလာနိုင်တော့မှာ မဟုတ်ဘူး"
ချိုးမင်းရွှမ်းက အထာကျကျ ပြုံးရင်း ဆိုလိုက်သည်။
"ငါ ပွဲထဲဝင်ရမယ့် အချိန်ရောက်ပြီ။ အပြင်မှာပဲ ငါ့ရဲ့ သတင်းကောင်းကို စောင့်နေလိုက်တော့"
ဆုဟွေရှန်သည် သူမ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်လိုက်ပြီးနောက်... လူတွေ့စစ်ဆေးမည့် အင်တာဗျူးအခန်းဆီသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့တော့၏။
ယခုတစ်ကြိမ် အဆင့်မှာမူ ပထမအဆင့် လူရွေးပွဲနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။ ယခုတစ်ခေါက်တွင်... ရွေးချယ်ခံထားရသော မော်ဒယ်လ် (၁၉) ဦးလုံးသည် အင်တာဗျူးအခန်းတွင်းသို့ တစ်ပြိုင်နက်တည်း အတူတူ ဝင်ရောက်ကြရခြင်း ဖြစ်၏။
ဒိုင်လူကြီးများမှာလည်း ပြီးခဲ့သည့်အကြိမ်ထက် ပိုမို၍ စည်းကမ်းတင်းကျပ်ကာ တရားမျှတမှု ရှိလှပေသည်။ ၎င်းတို့သည် အမှတ်များကိုလည်း ပွဲချင်းပြီး ချက်ချင်း ပေးကြသဖြင့်... ပြိုင်ပွဲဝင်အားလုံးက တစ်ဦးနှင့်တစ်ဦး၏ အမှတ်များကို အထင်အရှား မြင်တွေ့နေရသည်။
အင်တာဗျူး ပြီးဆုံးသွားသည့် အခါတွင်မူ... ဆုဟွေရှန်သည် မော်ဒယ်လ် (၁၉) ဦးအနက် ပဉ္စမမြောက် နေရာတွင် ကပ်လျက် ရပ်တည်နိုင်ခဲ့၏
ဤပြိုင်ပွဲကြီးတွင် S နိုင်ငံမှ မော်ဒယ်လ် (၅) ဦးကိုသာ အပြီးသတ် ရွေးချယ်သွားမည် ဖြစ်သည်။
ထို့ကြောင့် မည်သည့် မတော်တဆမှုမျှ ထပ်မံမရှိတော့လျှင်... ဆုဟွေရှန်သည် ဤပွဲကို ကပ်သီးကပ်သတ်ဖြင့် အောင်မြင်သွားတော့မည် ဖြစ်ပေသည်။
သူမ၏ နှုတ်ခမ်းအစုံထက်တွင် အောင်နိုင်သူတစ်ဦး၏ အပြုံးကြီးက ပေါ်ထွက်လာခဲ့၏။ သူမအနေဖြင့် မိမိကိုယ်ကိုယ် သေချာပေါက် အောင်မြင်တော့မည်ဟု ယုံကြည်မှု အပြည့်ရှိနေခဲ့ပြီ ဖြစ်သည်။
တကယ်လို့ ဆုဘင်းတစ်ယောက် ဤပွဲသို့ ရောက်ရှိလာခဲ့လျှင်ပင်... သူမကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပါချေ။
ဒါပေမဲ့... အခုတော့ ဆုဘင်းက ပွဲကိုပင် ရောက်မလာနိုင်တော့ပါဘူး။
"ဂုဏ်ယူပါတယ် ဟွေရှန်ရေ။" ချိုးမင်းရွှမ်းက မျက်နှာထက်တွင် တောက်ပလှသော အပြုံးကြီးဖြင့် အော်ဟစ်ကာ ကြိုဆိုလိုက်သည်... "နင် နောက်ဆုံးတော့ လိုချင်တဲ့အရာကို ရရှိသွားခဲ့ပြီနော်။"
"လာမယ့် ရက်တွေမှာ... ငါ့ရဲ့ အလုပ်အချိန်ဇယား တွေကို သေသေချာချာလေး စီစဉ်ပေးဖို့ နင့်ကို လိုအပ်လိမ့်မယ်။"
"သေချာပေါက်ပေါ့အေ။ အိုရီဆာ ရဲ့ ဖက်ရှင်ရှိုးကြီးမှာ ပါဝင်ခွင့်ရပြီးတာနဲ့... နင့်ဆီကို လာမယ့် အနုပညာလှုပ်ရှားမှုတွေက ရေတွက်လို့တောင် ကုန်မှာ မဟုတ်ဘူး။ အချိန်ဇယားတွေလည်း အပြည့် ဖြစ်နေတော့မှာ။ နင်ကတော့ S နိုင်ငံရဲ့ အသစ်စက်စက် စူပါမော်ဒယ်လ်ကြီး ဖြစ်လာတော့မှာပဲ။" ချိုးမင်းရွှမ်း၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုကြောင့် အရောင်တောက်နေခဲ့ရသည်
အဘယ်ကြောင့်ဆိုသော် ဆုဟွေရှန်၏ အောင်မြင်မှု တိုင်းက... သူမအတွက်လည်း လစာငွေ အမြောက်အမြား တိုးပွားလာခြင်းကို ဆိုလိုသောကြောင့် ဖြစ်၏။
ထိုအချိန်တွင်... ရွှေဝါရောင်ဆံပင်နှင့် ပြာလွင်သော မျက်ဝန်းများ ရှိကြသည့် နိုင်ငံခြားသား ဒိုင်လူကြီးအချို့က... စာရင်းထဲက နောက်ဆုံးအမည်ကို စိုက်ကြည့်လိုက်ရင်း...
"နံပါတ် (၂၀) ဆုဘင်း... မင်းရဲ့ အလှည့် ရောက်ပါပြီ။"
ဟု လှမ်း၍ အော်ဟစ်လိုက်ကြသည်။
သို့သော်ငြားလည်း... မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့သို့ တိုးထွက်လာခြင်း မရှိသကဲ့သို့၊ ပြန်လည် ထူးခြင်းလည်း မရှိပါချေ။
ကျန်ရှိနေသော မော်ဒယ်လ်များသည် တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြရင်း... ဆုဘင်းတစ်ယောက် ဘယ်နေရာမှာ သောင်တင်နေပါလိမ့်ဟု ပတ်ဝန်းကျင်ကို ဝေ့ဝဲရှာဖွေကြည့်မိကြသည်။ ခုနက ပွဲအတွက် ပြင်ဆင်နေကြစဉ်တုန်းကပင် သူမ၏ အရိပ်အယောင်ကို မည်သူမျှ သတိမထားမိခဲ့ကြသည် မဟုတ်ပါလား။
‘မဖြစ်နိုင်တာ။ ဘယ်သူကများ ဒီလိုမျိုး အခွင့်အရေးကောင်းကြီးကို ဒီအတိုင်း အလဟဿ အဆုံးရှုံးခံလိုက်မှာလဲ’
ဒုတိယအဆင့် ပြိုင်ပွဲအထိ တက်လှမ်းခွင့်ရရှိခြင်းက မော်ဒယ်လ်တိုင်း၏ အိမ်မက် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤအခွင့်အရေးကြီးကို မိမိရရ ဆုပ်ကိုင်နိုင်မည့် မော်ဒယ်လ်သည်... သူမ၏ လူမှုပတ်ဝန်းကျင် အဆင့်အတန်းကို မြှင့်တင်နိုင်မည့်အပြင် မိမိ၏ ကံကြမ္မာကိုပါ တစ်ဆတ်တည်း ပြောင်းလဲပစ်နိုင်သောကြောင့် ဖြစ်၏
"ဆုဘင်း... ရှိနေလားဗျာ။ ဒီပြိုင်ပွဲရဲ့ စည်းမျဉ်းအရ... ခင်ဗျားအနေနဲ့ ဒီနေရာကို ရောက်လာဖို့အတွက် အချိန် (၁) မိနစ်ပဲ ကျန်ပါတော့တယ်။ အကယ်၍ အချိန်မီ ရောက်မလာဘူးဆိုရင်တော့... ကျွန်တော်တို့အနေဖြင့် ခင်ဗျားရဲ့ ပြိုင်ပွဲဝင်ခွင့်ကို ပယ်ဖျက်ရပါလိမ့်မယ်"
ဒိုင်လူကြီးတစ်ဦးက လုပ်ထုံးလုပ်နည်းများအရ သတိပေး စကားဆိုလိုက်သည်။
သို့သော်လည်း... မည်သည့် တုံ့ပြန်မှုမျှ ရှိမနေခဲ့ဆဲ ဖြစ်၏။
ဒိုင်လူကြီးများသည်လည်း ၎င်းတို့၏ ပစ္စည်းများကို စတင်သိမ်းဆည်းလိုက်ကြပြီ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ပြိုင်ပွဲဝင် (၁၉) ဦးလုံးကို အသည်းအသန် အင်တာဗူး စစ်ဆေးခဲ့ရသဖြင့် လွန်စွာမှပင် ပင်ပန်းနေခဲ့ကြပြီ ဖြစ်၏။
၎င်းတို့အနေဖြင့် စည်းကမ်းကိုပင် သေသေချာချာ မလိုက်နာနိုင်သော မော်ဒယ်လ်တစ်ယောက်အတွက် အချိန်ကုန်ခံကာ စောင့်ဆိုင်းနေရန် မလိုအပ်ပါချေ။ ဤကဲ့သို့သော မော်ဒယ်လ်မျိုးသည် အခွင့်အရေးအသစ်များနှင့် မထိုက်တန်ဟု ယူဆရပေမည်။ ကြည့်ရသရွေ့တော့... ဆုဘင်းတစ်ယောက် တကယ်ပဲ အမှီမလာနိုင်တော့ပုံ ရပေသည်
ရရှိထားသော အမှတ်များပေါ် မူတည်၍ မော်ဒယ်လ် (၅) ဦးကို မကြာမီ ရွေးချယ်တော့မည် ဖြစ်ပြီး... ၎င်းတို့သည် အိုရီဆာ နိုင်ငံတကာ ဖက်ရှင်ရှိုး စင်မြင့်ထက်သို့ တက်လှမ်းကြရတော့မည် ဖြစ်၏။
ကျန်ရှိနေသော မော်ဒယ်လ်များမှာလည်း အခုဆိုလျှင် စိတ်အေးလက်အေး ဖြစ်သွားကြပြီ ဖြစ်သည်။ ရလာဒ်များက ထွက်ပေါ်လုနီးပါး ဖြစ်နေပြီဖြစ်ရာ... ၎င်းတို့အနေဖြင့် ဆက်လက်၍ ရင်ခုန်စိတ်လှုပ်ရှားနေရန် မလိုအပ်တော့ပါချေ။
ဒီနေ့ပွဲကို ရောက်မလာနိုင်ခဲ့သော ဆုဘင်းကတော့... သူမ၏ ပေါ့ဆမှုအတွက် ရလာဒ်ဆိုးကို ကိုယ်တိုင်ပဲ ခံယူရပေလိမ့်မည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ... ဆုဟွေရှန်၏ မျက်နှာထက်တွင်မူ နှမြောတသဖြစ်ရဟန် အရိပ်အယောင်များက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ သို့သော်လည်း သူမ၏ ရင်ထဲ၌မူ... ကျန်ရှိနေသော အချိန်များကို တစ်စက္ကန့်ချင်းစီ ပျော်ရွှင်စွာ ရေတွက်နေမိ၏
‘တစ်ဆယ်... ကိုး... ရှစ်... ခုနစ်...’
သူမ နောက်ဆုံး စက္ကန့် (၃) စက္ကန့်အလိုသို့ အရောက်တွင်မူ... အင်တာဗူး အခန်း၏ တံခါးကြီးသည် ဝုန်းခနဲ မြည်သံနှင့်အတူ ရုတ်တရက် ပွင့်အာသွားခဲ့တော့သည်။ ထို့နောက်တွင်မူ... လွန်စွာမှပင် လှပကျော့ရှင်းပြီး စတိုင်ကျလှသော ဆိုင်ကယ်အလန်းစားကြီး တစ်စီးက လူတိုင်း၏ ရှေ့မှောက်သို့ ရုတ်တရက် ဆိုက်ရောက် ပေါ်ထွက်လာခဲ့လေတော့၏။
၎င်းဆိုင်ကယ်ကြီးပေါ်တွင် စီးနင်းလိုက်ပါလာသူမှာမူ... ကိုယ်ကျပ် ဝတ်စုံနက်ပြိုင်ကွင်းဝတ်စုံ ကို ဆင်မြန်းထားပြီး... လွန်စွာမှပင် ရဲရင့်ပြတ်သားကာ ကျော့ရှင်းလှပလွန်းလှသော မိန်းမပျိုလေး ဆုဘင်း ဖြစ်နေခဲ့ပေတော့သည်