အခန်း (၄၀) သံချပ်ကာဝတ်စုံနှင့် သူရဲကောင်းမင်းသားလေး
ဆုဘင်းတစ်ယောက် လုဟဲ့ထင် ဖုန်းကိုင်ပါ့မလားဟု စိုးရိမ်ပူပန်နေမိသည့် ထိုခဏမှာပင်... ဖုန်းလိုင်းချိတ်ဆက်သွားသည်နှင့် တပြိုင်နက် တစ်ဖက်မှ သူ၏ အသံက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူမအနေဖြင့် အခြေအနေကိုပင် ချက်ချင်း ပြန်လည်မတုံ့ပြန်နိုင်လောက်အောင် ဖြစ်သွားရ၏။
"ဆုဘင်း..."
ဖုန်းလိုင်းထဲက လျှပ်စစ်လှိုင်းများကြားမှတစ်ဆင့် ထွက်ပေါ်လာသော ထိုအမျိုးသား၏ တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိလှသော လေသံကြီးက... အကြောင်းပြချက်မရှိဘဲ သူမကို စိတ်အေးချမ်းသွားစေသည်။
"မစ္စတာလု... ကျွန်မကို လာကြိုပေးလို့ ရမလားဟင်။ ကျွန်မ အရမ်းအရေးကြီးနေလို့ပါ၊ ဒါပေမဲ့ အခု အရမ်းလူသူပြတ်လပ်တဲ့ နေရာတစ်ခုမှာ သောင်တင်နေလို့။ ပြီးတော့ လမ်းမှာလည်း ကားတွေ အကြီးအကျယ် ပိတ်နေတာဆိုတော့... တက္ကစီကို စောင့်နေရင် သေချာပေါက် နောက်ကျသွားလိမ့်မယ်"
ဆုဘင်းက အားကိုးတကြီး တောင်းပန်လိုက်ရှာသည်။ သူသည် သူမ၏ နောက်ဆုံးသော မျှော်လင့်ချက် မဟုတ်ပါလား။
"မင်းရှိတဲ့ တည်နေရာ ကို ပို့လိုက်ပါ။ စိတ်မပူနဲ့... ကိုယ် အမြန်ဆုံး လာခဲ့မယ်။ ကိုယ့်ကို စောင့်နေနော်"
လုဟဲ့ထင်သည် မည်သို့မျှ ထပ်မံတွန့်ဆုတ်မနေဘဲ ကုလားထိုင်မှ ထရပ်ကာ ရုံးခန်းထဲကနေ ခြေလှမ်းကျဲကြီးများဖြင့် ချက်ချင်း ထွက်ခွာလာခဲ့တော့၏။
ဆုဘင်းလည်း ရင်ထဲ၌ အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။ လုဟဲ့ထင်၏ စကားလုံးများက ဆန်းကြယ်လှသော မှော်အတတ်တစ်ခုအလား သူမ၏ စိုးရိမ်စိတ်များကို ငြိမ်းချမ်းသွားစေခဲ့၏။
ကားမောင်းသမားကတော့ ကားကို ပြင်ဆင်ရန်အတွက် အလုပ်ရှုပ်နေဆဲ ဖြစ်သည်။ ဆုဘင်း သူ့ကို အပြစ်မတင်သကဲ့သို့၊ စကားလည်း ထပ်မံ၍ မပြောတော့ပါချေ။
ဤကဲ့သို့ ဝေးလံခေါင်ဖျားသော နေရာမျိုးတွင်... မိမိကိုယ်ကိုယ် အန္တရာယ်ကင်းအောင် ကာကွယ်ထားခြင်းကသာ အကောင်းဆုံး ဖြစ်ပေသည်။
သို့သော်လည်း အချိန် တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ... ဆုဘင်း ပိုမို၍ စိုးရိမ်စိတ်လှုပ်ရှားလာခဲ့ရသည်။
လုဟဲ့ထင် အချိန်မီ ရောက်ရှိလာနိုင်ပါ့မလား။
သူမ လက်ပတ်နာရီကို စစ်ဆေးကြည့်လိုက်၏။ တကယ်လို့ သူ မလာနိုင်ခဲ့ရင်တောင်မှ သူမ သူ့ကို အပြစ်တင်မည် မဟုတ်ပါချေ။ ဤကဲ့သို့သော ရုံးဆင်းချိန် ယာဉ်ကြောပိတ်ဆို့မှုမျိုးတွင် မည်သူမဆို သူမရှိရာဆီသို့ ရောက်ရှိလာရန်မှာ မလွယ်ကူလှသည် မဟုတ်ပါလား။
‘ချိုးမင်းရွှမ်းနဲ့ ဆုဟွေရှန်တို့ကတော့... တကယ့်ကို အကွက်စေ့စေ့နဲ့ ယုတ်မာတတ်တာပဲ’
သူမသည် လုဟဲ့ထင် ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရင်း... ကားတံခါးကို မှီကာ ကျင်းဒူး မြို့ကြီး၏ ရှုခင်းကို ငေးမောကြည့်ရှုနေမိသည်။ နေဝင်ဖျိုးဖျား အချိန်ဖြစ်သော်လည်း မြို့ပြကြီးတစ်ခုလုံးမှာမူ နီယွန်မီးရောင်စုံများဖြင့် တောက်ပလင်းထိန်နေခဲ့ပြီ ဖြစ်၏။
သူမ ခပ်ဖွဖွလေး သက်ပြင်းချလိုက်မိရှာသည်။
သို့သော် အဆုံးသတ်တွင်မူ... လုဟဲ့ထင်သည် သူမ ထင်မှတ်ထားသည်ထက် ပိုမိုမြန်ဆန်စွာဖြင့် ရောက်ရှိလာခဲ့ပေသည်။ သူမ အရေးတကြီး လိုအပ်နေသည်ကို သိရှိထားသဖြင့်... သူသည် ကားကို မမောင်းနှင်တော့ဘဲ ဂိုထောင်ထဲတွင် ရပ်နားထားသည်မှာ ကြာမြင့်ပြီဖြစ်သော အဆင့်မြင့် ဆိုင်ကယ်အလန်းစားကြီးကို ထုတ်ယူကာ... သူမရှိရာ တည်နေရာဆီသို့ အရှိန်အကုန်တင်၍ မောင်းနှင်လာခဲ့ခြင်း ဖြစ်၏။
သို့သော်ငြားလည်း ဆုဘင်းသည် အတွေးကမ္ဘာထဲတွင် နစ်မြုပ်နေသဖြင့်... သူ ရောက်ရှိလာသည်ကို သတိမပြုမိလိုက်ပါချေ။
သူမသည် ကိုယ်ကျပ် ဂါဝန်တိုလေးကို ဝတ်ဆင်ထားသဖြင့်... သူမ၏ ပြေပြစ်လှပသော ပုခုံးအလှနှင့် ညှပ်ရိုးလေးများက အထင်အရှား ပေါ်လွင်နေခဲ့သည်။
ဒေါက်ဖိနပ် အမြင့်ကြီးဖြင့် ဖြစ်ရာ... သူမ၏ ဖြူဖွေးသွယ်လျပြီး ရှည်လျားလှသော ခြေတံအစုံက ပိုမို၍ ဆွဲဆောင်မှု ရှိနေခဲ့၏။ တောင်ပေါ်လေညင်းက သူမ၏ မျက်နှာပြင်ကို ဖြတ်သန်းတိုက်ခတ်သွားချိန်တွင်... သူမသည် လူသားတစ်ယောက်ထက် ပန်းချီကားတစ်ချပ်အလား လွန်စွာမှပင် လှပလွန်းလှပေသည်။
"ဆုဘင်း... လာခဲ့"
လုဟဲ့ထင်၏ အသံကို ကြားလိုက်ရသည့်အခါမှ ဆုဘင်း ချက်ချင်း လှည့်ကြည့်လိုက်မိသည်။ ထိုအမျိုးသားသည် လွန်စွာ စတိုင်ကျလှသော ဆိုင်ကယ်ကြီးကို စီးနင်းကာ... သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် သူရဲကောင်းမင်းသားလေးတစ်ပါးအလား သူမ၏ထံသို့ သူ၏ လက်မောင်းရှည်ကြီးကို ဆန့်တန်းပေးလာခဲ့၏။
ဆုဘင်းတစ်ယောက် ဝမ်းသာအားရဖြင့် သူ့ထံသို့ ပြေးသွားခဲ့တော့သည်။ သူ ဤမျှလောက်အထိ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူမ တကယ်ကို မမျှော်လင့်ထားခဲ့မိပါချေ။
သူ၏ ကူညီပွေ့ထောက်ပံ့မှုဖြင့်... သူမ ဆိုင်ကယ်ပေါ်သို့ လွှားခနဲ ခွစီးလိုက်ပြီးနောက်၊ သူ လှမ်းပေးလာသော ဆိုင်ကယ်စီးဦးထုပ်ကို ယူကာ အမြန်ဆုံး ဆောင်းလိုက်၏။
"ကိုယ့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားနော်"
လုဟဲ့ထင်က သူမ၏ သွယ်လျလှပသော လက်မောင်းနှစ်ဖက်ကို သူ၏ ခါးပြတ်ပေါ်သို့ သိုင်းဖက်စေလိုက်ပြီးနောက်... လီဗာကို အကုန်တင်လိုက်တော့သည်။ ထိုအခါ ဆိုင်ကယ်ကြီးသည် မြားတစ်စင်စာအလား ရှေ့သို့ ဝုန်းခနဲ ပြေးထွက်သွားခဲ့လေတော့၏။
ဆုဘင်းမှာ ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်မိတော့သည်။ အဘယ်ကြောင့်ဆိုသော် ကွေ့ကောက်လွန်းလှသော တောင်ပတ်လမ်းပေါ်တွင် ဤမျှလောက်အထိ မြန်ဆန်လှသော ဆိုင်ကယ်ကို စီးနင်းရခြင်းကြောင့် ဖြစ်၏။ သို့သော်လည်း သူမ၏ နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲကနေ ထွက်ကျမတတ် တုန်ခါသွားရသလို... တစ်ဖက်မှာလည်း စိတ်လှုပ်ရှားလွန်းသဖြင့် အော်ဟစ်ရယ်မောပစ်ချင်စိတ်များ ပေါက်ပွားသွားခဲ့ရသည်။
သူမကို အံ့အားသင့်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သူ တကယ်ကို ကျွမ်းကျင်လွန်းလှပေသည်။
လုဟဲ့ထင်၏ မျက်နှာထက်တွင်လည်း ခပ်ဖွဖွ အပြုံးလေးတစ်ခု ပေါ်ထွက်လာခဲ့၏။ သူမကို ကူညီခွင့်ရသည့်အတွက် သူ လွန်စွာ ကျေနပ်မိသည်။
သူ၏ မင်းသမီးလေးကို ပွေ့ချီတင်ဆောင်ပြီးနောက်... သူသည် ဆိုင်ကယ်ကို တောင်ပေါ်လမ်းမထက်တွင် ကျွမ်းကျင်စွာ ကွေ့ဝိုက်မောင်းနှင်ခဲ့ပြီး... မကြာမီမှာပင် မြို့ထဲက ကားပိတ်နေသော နေရာဆီသို့ ရောက်ရှိလာခဲ့တော့သည်။
လမ်းမထက်တွင် ကားများစွာ ပိတ်ဆို့နေသော်လည်း... လုဟဲ့ထင်၏ ဆိုင်ကယ်လေးကမူ လမ်းအလွတ်တစ်ခုထက်တွင် မောင်းနှင်နေသကဲ့သို့ ကားကြားညှပ်ကာ အလွယ်တကူ ဖြတ်သန်းသွားနိုင်ခဲ့၏။
ထိုအချိန်တွင်... ‘ဟောက်ကျွယ် ဟိုတယ်’ ၏ အပေါ်ဆုံးထပ်၌မူ...
S နိုင်ငံမှ ရွေးချယ်ခံထားရသော မော်ဒယ်လ် (၁၉) ဦးသည် ပွဲခင်းအတွင်းသို့ အသီးသီး ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။
ပထမအဆင့် လူရွေးပွဲကို ကျော်ဖြတ်လာနိုင်ခဲ့ကြသူများ ဖြစ်သဖြင့်... ဤအမျိုးသမီးများ အားလုံးမှာ S နိုင်ငံ၏ ထိပ်တန်း မော်ဒယ်လ်များအဖြစ် သတ်မှတ်ခြင်း ခံထားရသူများ ဖြစ်၏။
ယနေ့ကျင်းပသည့် လူတွေ့အင်တာဗျူး တွင်မူ... အကဲဖြတ်ဒိုင်လူကြီးများအနေဖြင့် ခန္ဓာကိုယ် အချိုးအစားကို အဓိကထား၍ အာရုံစိုက်တော့မည် မဟုတ်ပါချေ။
အဘယ်ကြောင့်ဆိုသော် ဤအဆင့်သို့ တက်လှမ်းလာနိုင်သည့် မော်ဒယ်လ်တိုင်းမှာ... ခန္ဓာကိုယ် ပုံစံချင်း မတူညီကြသော်လည်း ပြစ်ချက်မရှိအောင် အချိုးအစား ကျနလှပပြီးသား ဖြစ်သောကြောင့် ဖြစ်သည်။
ယခုအခါ... ၎င်းတို့ တစ်ဦးချင်းစီတွင် ရှိနေသည့် ထူးခြားလှသော ကိုယ်ပိုင်ဆွဲဆောင်မှု အလှတရားများကို ထုတ်ဖော်ပြသရမည် ဖြစ်ပြီး... ၎င်းအချက်ကသာ အိုရီဆာ အနေဖြင့် လူထုထံသို့ ချပြချင်နေသည့် အဓိက သော့ချက် ဖြစ်ပေတော့သည်။