ဆုဘင်းသည် သူမအပေါ် အမြဲတစေ နူးညံ့ပျော့ပျောင်းခဲ့ပြီး တစ်ခါမျှ မနာကျင်စေခဲ့ဖူးသော ဖခင်ဖြစ်သူကို စိုက်ကြည့်နေမိသည်။
ဆုရှင်းဖူ၏ မျက်နှာတစ်ခုလုံး ဒေါသကြောင့် ပြာနှမ်းနေပြီး... "ဆုဘင်း... နင် ဟွေရှန်အပေါ် အမြဲတမ်း အငြိုးအတေးထားတာ ငါသိတယ်။ ဒါပေမဲ့ ငါ့စိတ်ထဲမှာ သူမရဲ့ပုံရိပ် ကျဆင်းသွားအောင် ဒီလောက်အထိ ယုတ်မာကောက်ကျစ်တဲ့ အကွက်မျိုး ဆင်ပြီး လုပ်ကြံလိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး။ ဒါတွေအားလုံး ငါ့အပြစ်တွေပဲ။ ငါကိုယ်တိုင်က နင့်ကို အလိုလိုက်ခဲ့လို့ နင် ဒီလောက်အထိ ကောက်ကျစ်စဉ်းလဲသွားတာ!"
သူသည် ဆုဘင်းအပေါ်ထားရှိသည့် ယုံကြည်မှုအားလုံးကို ရိုက်ချိုးပစ်လိုက်ပြီ ဖြစ်သည်။ ဆုဘင်းသည် ပူထူနေသော သူမ၏ပါးပြင်လေးကို အုပ်ကိုင်ရင်း အနည်းဆုံးတော့ သူမကို ယုံကြည်ပေးလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ဒူလောဘက်သို့ လှည့်ကြည့်လိုက်မိသည်။ ဒီနေ့သည် သူနှင့် သူမ၏ မင်္ဂလာပွဲနေ့ မဟုတ်ပါလား၊ သူကတော့ သူမကို ဧကန်မုချ ယုံကြည်ပေးရမည်လေ။
"ဒူလော..." သူမ စကားပင် မဆုံးသေးခင်မှာပဲ ဒူလောက ကြားဖြတ်နှောင့်ယှက်လိုက်သည်။
သူ့၏ နူးညံ့လေ့ရှိသော မျက်နှာက ယခုအချိန်တွင် တည်တင်းနေပြီး နွေးထွေးသော မျက်ဝန်းအစုံကလည်း အေးစက်ခက်ထန်သွားခဲ့ပြီ။ သူက လေးလံသော လေသံဖြင့်... "ဆုဘင်း... နင် ငါ့ကို တကယ်ပဲ စိတ်ပျက်စေတာပဲ။"
သူသည် ဆုဘင်းကို စိမ်းကားသော သူစိမ်းတစ်ယောက်ကဲ့သို့ အညှာအတာမဲ့စွာ စိုက်ကြည့်လိုက်သော်လည်း ဆုဟွေရှန်ဘက်သို့ လှည့်ကြည့်လိုက်ချိန်တွင်မူ သူ့မျက်ဝန်းများထဲ၌ ပြင်းပြသော သနားဂရုဏာစိတ်နှင့် အလိုလိုက်ရိပ်များ ပြည့်နှက်သွားခဲ့သည်။
ဆုဘင်းသည် သူ့စကားကြောင့် ဆွံ့အမှင်တက်သွားရသည်။ သူမ စိတ်ဆိုးဒေါသထွက်မိသော်လည်း ယခုအခြေအနေကြီးက လှောင်စရာကောင်းလွန်းလှသဖြင့် ရုတ်တရက်ပင် ဟားတိုက်ရယ်မောမိတော့သည်။ ဒီနေ့မှာ သူမက ဘာလို့ လူအများစုပြုံပြီး ပြစ်တင်ရှုတ်ချခြင်းခံရတဲ့ ပစ်မှတ်ကြီး ဖြစ်သွားရတာလဲ။
သူမသည် ယခင်က ရွှီကျိချင်နှင့် ဆုဟွေရှန်တို့ကို ဘယ်တုန်းကမှ ဂရုစိုက် စိတ်ထဲထားခဲ့သည်မဟုတ်။ သူမ၏ မျက်လုံးထဲတွင် ရွှီကျိချင်သည် သူတပါးအိမ်ထောင်ရေးကို ဖျက်ဆီးခဲ့သော ကပြက်ကချော် မိန်းမတစ်ဦးသာ ဖြစ်ရာ ထိုမိခင်နှင့် သမီးကို သူမ မုန်းတီးသည်မှာ သဘာဝကျပြီး ထိုအချက်ကိုလည်း လူတိုင်းသိကြသည်။
သို့သော်ငြားလည်း သူမအနေဖြင့် ၎င်းတို့အား လုပ်ကြံဖန်တီးပြီး အကွက်ဆင်ရန်အထိ အောက်တန်းမကျဟု မိမိကိုယ်မိမိ အမြဲယူဆခဲ့သည်။
ဒါပေမဲ့ ဒီနေ့မှာတော့ ထိုမိန်းမနှစ်ယောက်က သူမကို အကွက်ဆင်ရုံတင်မကဘဲ ဆုရှင်းဖူနှင့် ဒူလောတို့၏ သနားဂရုဏာစိတ်ကိုပါ အပိုင်ဖမ်းစားသွားနိုင်ခဲ့ကြသည်။
ယခုအချိန်တွင် ဆုဘင်း၏ နှလုံးသားကို အကြေကွဲဆုံးဖြစ်စေခဲ့သည်မှာ ရွှီကျိချင်နှင့် ဆုဟွေရှန်တို့၏ ကောက်ကျစ်စဉ်းလဲမှုများကြောင့်မဟုတ်ဘဲ သူမ၏ ကိုယ်ပိုင်ဖခင်နှင့် စေ့စပ်သူတို့၏ မယုံကြည်မှုကြောင့်သာ ဖြစ်သည်။
အစကတည်းက သူတို့သည် အဂတိတရား ရှေ့ထားပြီး ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ဆုဘင်းကို ပြဿနာရှာသူအဖြစ် သတ်မှတ်ထားပြီးသား ဖြစ်ပြီး၊ သူတို့ လိုချင်သော သက်သေဆိုသည်မှာလည်း စိတ်ထဲက သံသယကို အတည်ပြုရန်အတွက်သာ ဖြစ်ခဲ့သည်။
ဆုဘင်းသည် မိမိကိုယ်မိမိ ဆုမိသားစု၏ တရားဝင် သမီးအရင်းဖြစ်ပြီး တစ်နေ့တွင် ဒူလော၏ ဇနီးအဖြစ် ဒူမိသားစု၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မည်ဟု အမြဲတွေးခဲ့သော်လည်း အခုတော့ အားလုံးက ဘယ်လောက်တောင် ရယ်စရာကောင်းနေပြီလဲ။
ဘယ်သူမှ သူမကို မယုံကြည်ကြသလို၊ ဘယ်သူမှလည်း သူမကို အလေးမထားကြချေ။
နောက်ဆုံးတွင် ဆုဘင်း ရယ်မောခြင်းကို ရပ်လိုက်ပြီး... "ဒူလော... နင်ကလည်း ငါ့ကို တကယ်ပဲ စိတ်ပျက်စေတာပဲ" ဟု သူမက နှာခေါင်းတစ်ချက်ရှုံ့ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
သူမသည် စားပွဲပေါ်ရှိ ကတ်ကြေးကို လှမ်းယူကာ မင်္ဂလာဂါဝန်၏ အနားသတ်ကို ဖြတ်တောက်လိုက်၏။ ထို့နောက် ဂါဝန်ကို အစိတ်စိတ်အမွှာမွှာ ဆွဲဆုတ်ကာ ကြမ်းပြင်ပေါ်သို့ လွှင့်ပစ်လိုက်တော့သည်။
ဒူလော၏ မျက်ဝန်းများ မှောင်မှောင်မည်းသွားပြီး... "ဆုဘင်း... နင် ဘာလုပ်နေတာလဲ။"
"ဒါ နင်တို့ တကယ်အလိုရှိနေတဲ့ အရာပဲ မဟုတ်လား" ဆုဘင်းသည် ပုံမှန်အားဖြင့် တောက်ပသော မျက်ဝန်းအစုံ ရှိတတ်သော်လည်း ယခုမူ သူမ၏ မျက်ဝန်းများက အရောင်အဝါကင်းမဲ့ကာ မျက်ရည်များဖြင့် လည်ပြည့်နေခဲ့ပြီ။
သူမသည် လေးလံသော ခြေလှမ်းများဖြင့် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ ထို့နောက် ခရီးဆောင်အိတ်ကို ဆွဲကာ အောက်ထပ်သို့ ဆင်းလာခဲ့တော့သည်။
"သခင်ကြီး... မမလေးဘင်း အိမ်ကနေ ထွက်သွားမလို့ လုပ်နေပါတယ်..." အိမ်ဖော်တစ်ယောက်က ဆုရှင်းဖူထံသို့ ပျာပျာသလဲ ပြေးလာပြီး သတင်းပို့လေသည်။
"သူ့ဘာသာ သေမလား ရှင်မလား လွှတ်ထားလိုက်!" ဆုရှင်းဖူ တကယ်ကို ဒေါသထွက်နေခဲ့သည်။ သူ့သမီးကို သင်ခန်းစာတစ်ခု ကောင်းကောင်းပေးရမည်ဟု သူ တွေးနေမိ၏။
သို့သော် ဒူလော၏ မျက်ဝန်းများတွင်မူ စိုးရိမ်ပူပန်ရိပ်များ ယှက်သန်းသွားသည်။ သူ ဆုဘင်းနောက်သို့ လိုက်ရန် အလှည့်တွင် ဆုဟွေရှန်က ညည်းတွားသံလေးပြုကာ မေ့လဲသွားခဲ့ပြန်သည်။
"သမီးလေး ဟွေရှန်... ဘာဖြစ်တာလဲ။ မေမေ့ကို မခြောက်ပါနဲ့ဦး..." ရွှီကျိချင်က အော်ဟစ်ငိုယိုလေတော့သည်။
ဒူလော ခြေလှမ်းများ တုန့်ခနဲ ရပ်သွားပြီး ဆုဟွေရှန်ရှိရာသို့ အလောတကြီး ပြန်လှည့်လာခဲ့သည်။
ဆုရှင်းဖူကလည်း ဆုဟွေရှန်ကို စိုးရိမ်တကြီးဖြင့် ပွေ့ချီလိုက်၏။
ဆုဘင်းသည် တံခါးဝသို့ ရောက်ရှိချိန်တွင် နောက်သို့ တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမ၏ ဖခင်နှင့် ဒူလောတို့ လုပ်ဆောင်နေကြသည်ကို မြင်တွေ့ပြီးနောက် သူမသည် ဆုမိသားစုအိမ်တော်ကြီးမှ လှည့်မကြည့်စတမ်း ပြတ်ပြတ်သားသား ထွက်ခွာလာခဲ့တော့သည်။
သူမ၏ အိတ်များအားလုံးကို သယ်ဆောင်ကာ "လက်ထပ်စာချုပ်ချုပ်ဆိုရေးရုံး" သို့ တန်းတန်းမတ်မတ် မောင်းနှင်ထွက်ခွာလာခဲ့ပါတော့သည်။