အခန်း (၃၉) တစ်ယောက်အကြောင်းတစ်ယောက် ပိုပြီး သိအောင်လုပ်ကြမယ်လို့ သူမပဲ သဘောတူခဲ့တာ မဟုတ်ဘူးလား
ဆုဘင်း ကားပေါ်သို့ တက်လိုက်သည်နှင့်... ထိုကားလေးသည် ရှေ့က မော်ဒယ်လ်ဗင်ကားကြီး၏ နောက်ကနေ မဆောမလျင်ဘဲ မှန်မှန်လေး လိုက်ပါမောင်းနှင်သွားခဲ့တော့သည်။
သူမသည် ကားပြတင်းပေါက်မှတစ်ဆင့် ပြင်ပက စိမ်းသက်သလိုလိုနှင့် ရင်းနှီးနေဆဲဖြစ်သော ပတ်ဝန်းကျင် ရှုခင်းများကို ငေးမောကြည့်ရှုနေမိ၏။
သူမသည် ဤမြို့ကြီးတွင် အသက် (၁၈) နှစ်အရွယ်အထိ ရှင်သန်နေထိုင်ခဲ့ဖူးသူ ဖြစ်သဖြင့်... နေရာအတော်များများက သူမအတွက် ရင်းနှီးနေဆဲ ဖြစ်ပေသည်။ သို့သော်ငြားလည်း... ကမ္ဘာကြီးက အမြဲတမ်း တိုးတက်ပြောင်းလဲနေသည် ဖြစ်ရာ၊ သူမ မှတ်မိနေသည့် ပုံစံများနှင့် ကွဲပြားခြားနားနေသော အသေးစိတ် အချက်အလက်အသစ်များစွာလည်း ရှိနေခဲ့ပြီ ဖြစ်သည်။
သူမ အတွေးကမ္ဘာထဲတွင် နစ်မြုပ်နေစဉ်မှာပင် ကားလေးကတော့ ရှေ့သို့ ဆက်လက် ရွေ့လျားနေခဲ့၏။
ဆုဘင်း သတိပြန်ဝင်လာပြီး ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည့် အခါတွင်မူ... ရုတ်တရက်ဆိုသလို ကွေ့ကောက်လွန်းလှသော တောင်ပတ်လမ်းများနှင့် ဝန်းရံထားသည့် တောအုပ်ကြီးတစ်ခုကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားခဲ့ရသည်။ သူမက စိုးရိမ်တကြီးဖြင့်…
"ဦးလေး... ဒါ ဘယ်လမ်းကနေ မောင်းလာတာလဲဟင်"
ဟု မေးမြန်းလိုက်၏။
"မန်နေဂျာ မင်းရွှမ်းက... ရှေ့မှာ ယာဉ်ကြောတွေ အကြီးအကျယ် ပိတ်ဆို့နေလို့ လမ်းကြောင်းပြောင်းမောင်းဖို့ ပြောလိုက်လို့ပါ မစ္စဆု။"
ကားမောင်းသမားက ယုံကြည်မှုအပြည့်ရှိဟန်ဖြင့် ဆိုလိုက်သည်…
"စိတ်မပူပါနဲ့။ ကျွန်တော်က ဒီတောင်ပေါ်လမ်းတွေကို အလွန်ကျွမ်းကျင်ပါတယ်။ ပွဲချိန်မတိုင်ခင် သေချာပေါက် အမှီရောက်စေရပါမယ်"
ထိုစကားကို ကြားရမှသာ ဆုဘင်းလည်း ရင်ထဲ၌ အနည်းငယ် စိတ်သက်သာရာ ရသွားတော့၏။ ဤလမ်းကနေသွားလျှင်လည်း လိုရာခရီးကို ရောက်ရှိနိုင်သည်ကို သူမ သိရှိထားသည် မဟုတ်ပါလား။
သူမ လက်ပတ်နာရီကို ကြည့်လိုက်သည့်အခါတွင်လည်း... အချိန်က လုံလောက်စွာ ရှိနေသေးသည်ကို တွေ့ရှိရသဖြင့် ကျေနပ်မိသွားသည်။
သို့သော်ငြားလည်း... ဆုဘင်းတစ်ယောက် စိတ်အေးလက်အေး မရှိနိုင်သေးခင်မှာပင်... ကားလေးက ဂျိမ်းခနဲ အသံနှင့်အတူ ရုတ်တရက်ကြီး ရပ်တန့်သွားခဲ့ရလေတော့သည်။
ကားမောင်းသမားက ပျာပျာသလဲဖြင့်...
"ကျွန်တော် အောက်ဆင်းပြီး တစ်ချက်လောက် စစ်ဆေးကြည့်လိုက်ဦးမယ်"
ဆိုကာ ဆင်းသွားခဲ့၏။
ဆုဘင်းလည်း ကားပေါ်ကနေ လိုက်လံဆင်းသက်လိုက်သည့် အခါတွင်မူ... မိမိကိုယ်ကိုယ် လူသူပြတ်လပ်လှသော တောင်ကုန်းပေါ်က လမ်းမတစ်ခုထက်တွင် ရောက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ အဝေးဆီက နေဝင်ဖျိုးဖျား အချိန်ဖြစ်သဖြင့် ကောင်းကင်ကြီးသည်လည်း တရွေ့ရွေ့ မှောင်မိုက်လာခဲ့ပြီ ဖြစ်၏။
"ဘယ်လိုဖြစ်တာလဲ ဦးလေး"
ဆုဘင်းက မေးလိုက်သည်။
"ကားပျက်သွားပြီဗျာ။ လျှပ်စစ်ပတ်လမ်း ထဲမှာ ပြဿနာတစ်ခုခု ရှိနေလို့ ထင်တယ်၊ စက်နှိုးလို့ လုံးဝမရတော့ဘူး"
ကားမောင်းသမားက မျက်နှာထက်တွင် အပြစ်မကင်းသလို ခံစားရဟန် အရိပ်အယောင်များဖြင့်…
"စိတ်မကောင်းပါဘူး မစ္စဆုရယ်။ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်လည်း မမျှော်လင့်ထားမိဘူး"
တောင်းပန်စကား ဆိုလာရှာသည်။
ဆုဘင်းသည် ဤအရာက တိုက်ဆိုင်မှုတစ်ခု သက်သက်မဟုတ်ကြောင်းကို ကောင်းစွာ ရိပ်မိလိုက်ပေသည်။ ထိုအမျိုးသားက အပြစ်ကင်းသည်ဖြစ်စေ၊ မကင်းသည်ဖြစ်စေ... လက်ရှိအချိန်တွင် သူမအနေဖြင့် ဒါတွေကို အရေးလုပ်ပြီး အပြစ်တင်နေဖို့ အချိန်မရှိပါချေ။
သူမအနေဖြင့် ပထမအဆင့် လူရွေးပွဲကို အောင်မြင်ခဲ့ခြင်းက မိမိကိုယ်တိုင်အတွက်သာမက ကုမ္ပဏီအတွက်ပါ အကျိုးအမြတ်တွေ ရရှိစေတာ ဖြစ်သည်။ ထိုသို့ ဖြစ်ပါလျက်နှင့်... ချိုးမင်းရွှမ်းတစ်ယောက် ကုမ္ပဏီရဲ့ အကျိုးစီးပွားဖြစ်တဲ့ ပွဲကိစ္စကိုပါ ဒီလောက်အထိ ရဲရဲတင်းတင်း နှောင့်ယှက်ဖျက်ဆီးဝံ့လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိပါချေ။
"မစ္စဆု... ကျွန်တော် ကားဆွဲတဲ့ ကုမ္ပဏီဆီကိုတော့ ဖုန်းလှမ်းခေါ်ထားပါတယ်။ ဒါပေမဲ့... ဒီနေရာက အရမ်းလူသူပြတ်လပ်ပြီး ဝေးလံလွန်းလှတဲ့အပြင်... အခုက ရုံးဆင်းချိန် ကားပိတ်တဲ့ အချိန်လည်း ဖြစ်နေတော့..."
ကားမောင်းသမားက အားနာတကြီးဖြင့် ဆက်ပြောရှာသည်။
ဆုဘင်းလည်း ချက်ချင်းပင် သူမ၏ ဖုန်းကို ထုတ်ယူကာ အွန်လိုင်းကနေ ကားခေါ်သည့် ဆော့ဖ်ဝဲလ် ကို ဖွင့်လှစ်လိုက်၏။ သွားရမည့် ဦးတည်ရာကို ရိုက်ထည့်လိုက်သည့် အခါတွင်မှ... မိမိ ရောက်ရှိနေသည့် နေရာမှာ သူမ စိတ်ကူးထားသည်ထက် ပိုမို၍ ဝေးလံခေါင်ဖျားလွန်းလှသည့် နေရာဖြစ်ကြောင်း သဘောပေါက်သွားခဲ့ရသည်။ တကယ်လို့ ကားတစ်စီးစီးက သူမကို လာရောက်ကြိုဆိုပေးမည်ဆိုလျှင်ပင်... ပွဲချိန်အတွင်း အမှီရောက်ရှိနိုင်တော့မည် မဟုတ်ပါချေ။
ဒါတင်မကသေးဘဲ... လက်ရှိအချိန်မှာ ရုံးဆင်းချိန် ယာဉ်ကြောပိတ်ဆို့မှု အမြင့်ဆုံးအချိန် ဖြစ်နေသည်။ ဆော့ဖ်ဝဲလ်ထဲက မြေပုံတစ်ခုလုံးမှာလည်း လမ်းကြောင်းမှန်သမျှ နီရဲနေခဲ့ပြီး... ၎င်းက လမ်းတိုင်းတွင် ကားများ ပိတ်ဆို့နေကြောင်း ပြသနေခြင်း ဖြစ်၏။
လက်တွေ့တွင်မူ... ယာဉ်မောင်းတစ်ဦးဦးက ဤအော်ဒါကို လက်ခံလိုက်လျှင်ပင်... သူမရှိရာဆီသို့ အမြန်ဆုံး ရောက်ရှိလာနိုင်ရန်မှာ မဖြစ်နိုင်သလောက် ပါပဲ။
ဆုဘင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည့် အခါတွင်လည်း... ဤကျိန်စာသင့်နေသည့် နေရာအနီးအနားတွင် အများသုံး စက်ဘီးလေးတစ်စီးမျှပင် ရှိမနေခဲ့ပါချေ။
သူမအနေဖြင့် ဘာဆက်လုပ်ရမှန်းမသိဘဲ အကျပ်ရိုက်နေသည့် ထိုခဏ၌... အမျိုးသားတစ်ဦး၏ တည်ကြည်ခန့်ညားလှသော မျက်နှာပြင်က သူမ၏ စိတ်အာရုံထဲသို့ ရုတ်တရက် ဖြတ်ပြေးသွားခဲ့တော့သည်။
သူသည် အချိန်ပြည့် ကားမောင်းသမားတစ်ဦး ဖြစ်သဖြင့်... သေချာပေါက် ကျင်းဒူး မြို့ကြီး၏ လမ်းမများနှင့် ယာဉ်ကြောအခြေအနေများကို လွန်စွာမှပင် ကျွမ်းကျင်နှံ့စပ်သူ ဖြစ်ရပေမည်။ ဖြစ်နိုင်သည်က... သူမ ဤနေရာမှ အချိန်မီ လွတ်မြောက်သွားနိုင်ရန်အတွက် သူ၏ ဘက်တွင် နည်းလမ်းကောင်းတစ်ခုခု ရှိနေနိုင်ပေသည်။
မည်သို့မျှ ထပ်မံတွန့်ဆုတ်မနေတော့ဘဲ... ဆုဘင်းသည် သူမ၏ ဖုန်းကို ချက်ချင်းပြန်လည်ကိုင်ဆောင်ကာ လုဟဲ့ထင်၏ ဖုန်းနံပါတ်ဆီသို့ တန်းတန်းမတ်မတ် လှမ်း၍ ခေါ်ဆိုလိုက်ပါတော့သည်။
သူမအနေဖြင့် လက်ရှိအချိန်တွင် သူ အလုပ်မရှုပ်နေပါစေနှင့်... သို့မဟုတ် သူ၏ အထက်လူကြီးကို ကားမောင်းပို့နေရသည့် အချိန်မျိုး မဖြစ်ပါစေနှင့်ဟုသာ စိတ်ထဲကနေ အသည်းအသန် ဆုတောင်းနေမိရှာသည်။
တကယ်လို့သာ သူမအနေဖြင့် ယခုအခွင့်အရေးကြီးကို လွဲချော်သွားခဲ့ရလျှင်... နောက်ထပ် အခွင့်အရေးကောင်းတစ်ခု ထပ်မံရရှိရန်အတွက် အချိန်အတော်ကြာအောင် စောင့်ဆိုင်းရပေလိမ့်မည်။ အခြားသောသူများက စောင့်ဆိုင်းနိုင်ကြသော်လည်း... သူမ၏ ဘက်တွင်မူ စောင့်ဆိုင်းရန် အချိန်မရှိပါချေ။ သူမအတွက်ကတော့ စက္ကန့်တိုင်း စက္ကန့်တိုင်းဟာ လွန်စွာမှပင် တန်ဖိုးကြီးမားလွန်းလှသည် မဟုတ်ပါလား။
ထိုအချိန်တွင်... တစ်ဖက်၌မူ လုဟဲ့ထင်သည် မိမိ၏ ဖုန်းမျက်နှာပြင်ပေါ်သို့ လက်ချောင်းများဖြင့် မသိစိတ်ကနေ တဖျတ်ဖျတ် ပွတ်ဆွဲနေမိဆဲ ဖြစ်သည်။
သုံးရက်တိုင်တိုင် ကြာမြင့်သွားခဲ့ပြီ ဖြစ်သော်လည်း... သူသည် ကားခေါ်သည့် ဆော့ဖ်ဝဲလ်များဆီကနေ မည်သည့် အော်ဒါအသစ်ကိုမျှ ထပ်မံလက်ခံရရှိခြင်း မရှိသေးပါချေ။ ဒါတင်မကသေးဘဲ... ဆုဘင်းသည်လည်း သူ့ထံသို့ မည်သည့် အဆက်အသွယ်မျှ ပြုလုပ်လာခြင်း မရှိသေးချေ။
‘တို့နှစ်ယောက် တစ်ယောက်အကြောင်းတစ်ယောက် ပိုပြီး သိအောင်လုပ်ကြမယ်လို့... သူမကိုယ်တိုင် သဘောတူခဲ့တာ မဟုတ်ဘူးလား’
လုဟဲ့ထင်၏ မျက်ဝန်းအစုံက မည်းမှောင်သွားခဲ့ရရှာသည်။
သူသည် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို အောက်သို့ ချရန် ပြင်လိုက်သည့် ထိုခဏမှာပင်... ဖုန်းမျက်နှာပြင်ပေါ်တွင် နံပါတ်စဉ်အချို့ ဖြတ်ပြေးကာ ဖုန်းဝင်လာခဲ့တော့သည်။ ၎င်းဖုန်းနံပါတ်တွင် မည်သည့်အမည်မျှ မှတ်သားထားခြင်း မရှိသော်လည်း... လုဟဲ့ထင်အနေဖြင့် ၎င်းနံပါတ်များကို ကြည့်ရုံမျှဖြင့် မည်သူ့ထံမှဖြစ်ကြောင်း ရင်ထဲကနေ အလွတ်မှတ်မိနေခဲ့ပြီ ဖြစ်ပေတော့သည်။