အခန်း (၃၈) ငါ့ရဲ့ အလုပ်အကိုင်ကိုပါ သူမကို ထပ်ပြီး ပေးလိုက်ရမှာလား
ဆုဟွေရှန်တစ်ယောက် နားနေခန်းသို့ ပြန်ရောက်လာသည့်အခါတွင်မူ... သူမ၏ မျက်နှာတစ်ခုလုံး မည်းမှောင်နေခဲ့ပြီ ဖြစ်သည်။
သူမ၏ နောက်ကနေ ကပ်လျက် လိုက်ပါလာသော ချိုးမင်းရွှမ်းက...
"ဟွေရှန်... ငါ့အမြင်ပြောရရင် အဲ့ဒီနည်းပြက မော်ဒယ်လ်တွေကို အကဲခတ်တဲ့နေရာမှာ ဘာပညာရပ်ဆိုင်ရာ အမြင်မှ ရှိတာမဟုတ်ဘူး။ တကယ်လို့ သူသာ တကယ် အစွမ်းအစရှိရင် ဒီလောက်အထိ ကြာမြင့်တဲ့အချိန်အထိ သာမန်နည်းပြတစ်ယောက် ဘဝနဲ့တင် ဒီနေရာမှာ သောင်တင်မနေဘူးပေါ့။ နင်ကော ဘယ်လိုထင်လဲ
" ဟု ချော့မော့လိုက်၏။
"တကယ်တော့ ငါကလည်း သူ့စကားတွေကို စိတ်ထဲ ထည့်မနေပါဘူး"
ဆုဟွေရှန်က မှန်ထဲက မိမိကိုယ်ကိုယ် ပြန်လည်ကြည့်ရှုရင်း ပြန်လည်ဖြေကြားလိုက်သည်။ သူမတွင်လည်း လှပသော မျက်နှာပြင်တစ်ခု ရှိနေသည်မှာ အမှန်ပင် ဖြစ်သော်လည်း... ဆုဘင်းနှင့် ယှဉ်လျှင်မူ ပိုမိုနူးညံ့ပြီး လူအများ ချဉ်းကပ်ရလွယ်ကူသော အလှမျိုး ဖြစ်နေခဲ့၏။
သို့သော်ငြားလည်း... ဤကဲ့သို့သော နူးညံ့သည့် အလှတရားမျိုးက မော်ဒယ်လ်လောကတွင်မူ ကြီးမားလှသော အားနည်းချက်တစ်ခု ဖြစ်နေပေသည်။
သူမသည် မိတ်ကပ်ပြန်ပြင်ရန်အတွက် ပေါင်ဒါဘူးကို ထုတ်ယူလိုက်စဉ်... ပေါင်ဒါမျက်နှာပြင်ပေါ်သို့ ကျရောက်သွားသော သူမ၏ လက်ချောင်းများမှာ ပေါင်ဒါခဲကြီးကို ခြေမွပစ်တော့မည့်အတိုင်း ပြင်းထန်လှသော ဒေါသအဟုန်များ ထင်ဟပ်နေခဲ့ရသည်။
ဆုဘင်းသည် လွန်ခဲ့သော ငါးနှစ်ကတည်းက ထွက်ခွာသွားခဲ့ပြီးပြီ မဟုတ်ပါလား။ သူမသည် ဆုမိသားစုနှင့် တုမိသားစုထံမှ ဝေးကွာသွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သလို... ထိုမိသားစုနှစ်ခုလုံးကလည်း သူမကို ဘယ်လိုမှ ပြန်လည်ကြိုဆိုကြတော့မည် မဟုတ်ချေ။ အဲ့ဒီလို အခြေအနေမျိုးမှာ... သူမက ဘာဖြစ်လို့ ဒီကို ပြန်လာရဦးမှာလဲ။
ချန်းယွီ ဖျော်ဖြေရေးကုမ္ပဏီ တွင် ဆုဟွေရှန် ရှိနေပြီးသား ဖြစ်သည်။ ဘာဖြစ်လို့ ဆုဘင်းက ဤရလာဒ်ရဲ့ အစိတ်အပိုင်းတစ်ခုကို လာပြီး လုယူချင်နေရသေးတာလဲ။ ဘာဖြစ်လို့ ဆုဘင်းက သူမပိုင်ဆိုင်တဲ့ အရာမှန်သမျှကို အမြဲတမ်း လာပြီး လုယူနေရတာလဲ။
"မင်းရွှမ်း... နင့်အမြင်အရဆိုရင် ဆုဘင်းနဲ့ငါ ဘယ်သူက ပိုပြီး မျှော်လင့်ချက် ရှိလဲ"
ဆုဟွေရှန်က မှန်ထဲက မိမိ၏ ပုံရိပ်ကို စိုက်ကြည့်ရင်း ချိုးမင်းရွှမ်းကို လှမ်း၍ မေးမြန်းလိုက်သည်။
ချိုးမင်းရွှမ်းက သူမ၏ ပုခုံးလေးကို အသာအယာ ဆုပ်နယ်ပေးလိုက်ရင်း...
"သေချာပေါက် နင်ပေါ့ ဟွေရှန်ရဲ့။ နင်က ဘာတွေ တွေးနေတာလဲ။ ဆုဘင်းက ဘာဖြစ်လို့ နင်ပိုင်တဲ့အရာတွေကို လာလုနိုင်ရမှာလဲ။ ဟွေရှန်... နင့်ကိုယ်နင် ယုံကြည်မှု အပြည့်ရှိစမ်းပါ"
"ငါကတော့ သေချာပေါက် အောင်မြင်တဲ့ မော်ဒယ်လ် (၅) ယောက်ထဲမှာ ပါအောင် လုပ်မှာပါ။ ဒါပေမဲ့... ဆုဘင်းကိုတော့ အဲ့ဒီစာရင်းထဲမှာ အမည်လေးတောင် မပါစေချင်ဘူး"
ဆုဟွေရှန်က ကုလားထိုင်နောက်မှီသို့ ကိုယ်ကို မှီချလိုက်ရင်း ထပ်လောင်းဆိုလိုက်သည်…
"သူမက ငါ့ရဲ့ အဖေကိုကော ငါ့ရဲ့ ရည်းစားကိုပါ အရင်တုန်းက လုယူခဲ့ဖူးပြီးပြီ။ အခု... ငါ့ရဲ့ အလုပ်အကိုင်ကိုပါ သူမကို ထပ်ပြီး ပေးလိုက်ရဦးမှာလား"
ချိုးမင်းရွှမ်းသည် ဆုဟွေရှန် ဘာကို ဆိုလိုသည်ကို ချက်ချင်းပင် သဘောပေါက်သွားခဲ့သည်။
ပြီးခဲ့သည့်တစ်ခေါက်က... ဆုဟွေရှန်သည် ကွန်ဒုံးကို အသုံးပြု၍ ဆုဘင်းကို ထောင်ချောက်ဆင် မောက်လုံးထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါချေ။ ဆုဘင်းသည် ထိုပြဿနာများကြားမှ လွတ်မြောက်သွားခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ... ချိုးမင်းရွှမ်းအနေဖြင့် ဆုဘင်းကို မည်သို့မျှ လွယ်လွယ်ကူကူဖြင့် ဖြတ်ကျော်ခွင့် ပြုမည် မဟုတ်တော့ပါချေ။
ညနေ (၅) နာရီအချိန်သို့ ရောက်ရှိလာသည့် အခါတွင်မှ... ဆုဘင်းတစ်ယောက် နောက်ဆုံးတွင် အလုပ်များ လွတ်လပ်သွားခဲ့တော့သည်။
လေ့ကျင့်ရသည်မှာ လွန်စွာမှပင် ပင်ပန်းနွမ်းနယ်လှသော်လည်း... သူမအတွက်မူ လွန်စွာမှပင် ပျော်ရွှင်စရာ ကောင်းလှပေသည်။
သူမ စင်မြင့်ထက်တွင် လျှောက်လှမ်းနေစဉ်... ချွေးစက်များက သူမ၏ နဖူးပြင်မှတစ်ဆင့် တစိမ့်စိမ့် စီးကျနေခဲ့သော်လည်း ရင်ထဲ၌မူ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာပါ လွတ်လပ်ပေါ့ပါးမှုကို ခံစားနေရ၏။
သူမသည် ရေချိုးသုတ်ပဝါနှင့် လဲလှယ်မည့် အဝတ်အစားများကို လက်တွင် ကိုင်ဆောင်ရင်း... ကိုယ်ပေါ်က ချွေးများကို ဆေးကြောသန့်စင်ရန်အတွက် ရေချိုးခန်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။
မှန်မျက်နှာပြင်ပေါ်တွင် မိတ်ကပ်တစ်စက်မျှ မရှိဘဲ စင်ကြယ်ကာ လှပလွန်းလှသော မျက်နှာလေးတစ်ခု ပေါ်ထွက်လာခဲ့၏။ ဆုဘင်းသည် မျက်နှာပေါ်က ကျန်ရှိနေသော ရေစက်များကို သုတ်ပစ်လိုက်ရင်း... မည်သည့်အခါမျှ ပြုပြင်ထားခြင်း မရှိဘဲ သဘာဝအတိုင်း ပေါ်လွင်နေသည့် နူးညံ့စိုပြေသော မျက်ခုံးအစုံနှင့် ရှည်လျားကာ ကော့ညွှတ်နေသည့် မျက်တောင်လေးများကို စိုက်ကြည့်နေမိသည်။
သူမသည် မိမိ၏ ပုံရိပ်ကို ကြည့်ရင်း ပြုံးလိုက်မိ၏။ သူမသည် မိတ်ကပ်ပြင်ဆင်ရသည်ကို အလွန် ရှားရှားပါးပါးသာ လုပ်တတ်သော်လည်း... သူမ၏ ပင်ကိုယ်အလှတရားကတင် လုံလောက်စွာ တောက်ပနေခဲ့ပြီး ဖြစ်သည်။
သို့သော်ငြားလည်း... ဒုတိယအဆင့် လူရွေးပွဲအတွင်းမှာတော့... သူမအနေဖြင့် မိတ်ကပ်အချို့ကို သေချာပေါက် ပြင်ဆင်ရပေလိမ့်မည်။
ထိုအချိန်တွင်... ချိုးမင်းရွှမ်းက သူမ၏ နောက်ကွယ်မှ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ပြုံးလျက် ဆိုလိုက်သည်…
"ဆုဘင်း... ကုမ္ပဏီက နင့်အတွက် ကားတစ်စီး စီစဉ်ပေးထားတယ်။ ခဏနေရင် သွားလို့ရပြီနော်။ နင့်ရဲ့ လူရွေးပွဲ အဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်"
"ကျေးဇူးတင်ပါတယ်နော်"
ဆုဘင်းက ခပ်ဖွဖွ ပြုံးလိုက်ရင်း... ဆုဟွေရှန်နှင့်အတူ အပြင်သို့ လျှောက်လှမ်းထွက်ခွာလာခဲ့တော့သည်။
"မစ္စဆု... ရှင့်အတွက် ကားက အဆင်သင့် ရောက်နေပါပြီရှင်။ ကားပေါ်တက်ပါတော့"
ကားမောင်းသမားက ဆုဟွေရှန် ကားပေါ်သို့ တက်နိုင်ရန်အတွက် ကားတံခါးကို ရိုသေယဉ်ကျေးစွာဖြင့် ဖွင့်လှစ်ပေးလိုက်၏။
ဆုဟွေရှန်သည် တန်ဖိုး သိန်းသန်းချီတန်သော ဇိမ်ခံကားကြီးပေါ်သို့ လျှောက်လှမ်း တက်ရောက်သွားခဲ့ပြီး... သူမ၏ နောက်ကနေ ချိုးမင်းရွှမ်းက ကပ်လျက် လိုက်ပါသွားခဲ့သည်။
ဆုဟွေရှန်က ဆုဘင်းကို ကြည့်ကာ ပြုံးလိုက်ရင်း...
"ဆုဘင်း... ငါ အရင်သွားနှင့်တော့မယ်နော်"
ဟု ဆိုလိုက်၏။
ထို့နောက်တွင်မူ... သာမန် ဆလွန်းကားအစုတ်လေးတစ်စီးက ဆုဘင်း၏ ရှေ့မှောက်တွင် ဆိုက်ရောက် လာခဲ့တော့သည်။
ဆုဟွေရှန် စီးနင်းသွားသော ကားကြီးထဲတွင်မူ... ဆိုဖာ၊ ကုတင်၊ အဝတ်အစားဘီရိုနှင့် မိတ်ကပ်အလှပြင် ကက်ဘိနက်အထိ သူမ လိုအပ်သမျှသော အရာမှန်သမျှ အကုန်အစုံ ပါရှိသဖြင့်... လွန်စွာမှပင် သက်တောင့်သက်သာရှိပြီး အဆင်ပြေလှပေသည်။
အခြားတစ်ဖက်တွင်မူ... ဆုဘင်းအတွက် စီစဉ်ပေးထားသော ကားထဲ၌မူ ထိုင်ခုံများမှအပ ဘာတစ်ခုမျှ ရှိမနေခဲ့ပါချေ။
ဆုဘင်းသည် ဖျော်ဖြေရေးလောက၏ စည်းမျဉ်းများကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။ ဤလောကသည် အောင်နိုင်သူကသာ အရာရာကို သိမ်းပိုက်ခွင့်ရသည့် စနစ်ဆိုးကြီး ရှိနေသည် မဟုတ်ပါလား။ သူမနှင့် ဆုဟွေရှန်တို့သည် မန်နေဂျာတစ်ယောက်တည်းကို အတူတူ သုံးစွဲနေရသည်ဆိုသော်လည်း... လူထု၏ အသိအမှတ်ပြုမှု အဆင့်အတန်းချင်း ကွာခြားလှပေသည်။ ထို့ကြောင့် ၎င်းတို့ ရရှိသည့် အခွင့်အရေးနှင့် ဆက်ဆံမှုချင်းကလည်း လုံးဝကို ကွာခြားသွားရခြင်း ဖြစ်၏။
သူမသည် အခုမှ စတင်ဝင်ရောက်လာသည့် အသစ်အသစ်သော လူသစ်တစ်ဦးမျှသာ ဖြစ်ပြီး... ဆုဟွေရှန်ကမူ အတိုင်းအတာတစ်ခုအထိ နာမည်ကျော်ကြားပြီးသား ဖြစ်သည်။ ဒါတင်မကသေးဘဲ... ဆုဟွေရှန်သည် လက်ရှိအချိန်တွင် ‘ချန်းယွီ ဖျော်ဖြေရေးကုမ္ပဏီ’ ၏ ထိပ်တန်း အနုပညာရှင်တစ်ဦးအဖြစ် နေရာယူထားပုံ ရပေသည်။