အခန်း (၃၇) ထူးခြားဆန်းကြယ်သော အကြည့်တစ်ချက်
"မစ္စတာလုအတွက် ကော်ဖီ ရပါပြီခင်ဗျာ"
အတွင်းရေးမှူးသည် ကော်ဖီခွက်ကို စားပွဲပေါ်သို့ တင်ပေးလိုက်ရင်း... လုဟဲ့ထင်၏ ဖုန်းစခရင်ပေါ်တွင် ဖွင့်ထားသော ဆော့ဖ်ဝဲလ် ကို မတော်တဆ လှမ်း၍ မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အွန်လိုင်းကနေ ကားခေါ်သည့် ဆော့ဖ်ဝဲလ်တစ်ခု ဖြစ်နေ၏။
လုဟဲ့ထင်သည် ဆော့ဖ်ဝဲလ်တစ်ခုတည်းတင်မကဘဲ စျေးကွက်ထဲတွင် ရှိသမျှသော ကားခေါ်သည့် ဆော့ဖ်ဝဲလ်မှန်သမျှကို အကုန်လုံးနီးပါး ဒေါင်းလုဒ်ဆွဲထားခြင်း ဖြစ်သည်။
‘မစ္စတာလုက ဒီကုမ္ပဏီတွေကို အပိုင်ဝယ်ယူဖို့ စီစဉ်နေတာများလာ’
အတွင်းရေးမှူးတစ်ယောက် ရင်ထဲကနေ တွေးတောမိလိုက်သည်။
သူ အပြင်သို့ လျှောက်ထွက်လာသည့် အချိန်တွင်မူ... လုဝေကျန့် တစ်ယောက် လေဟန်ပြကာ လျှောက်လှမ်းလာသည်ကို ဆုံတွေ့လိုက်ရ၏။
"မစ္စတာ ဝေကျန့်... ကျွန်တော် တစ်ခုလောက် မေးပါရစေခင်ဗျာ။ တို့ကုမ္ပဏီက အွန်လိုင်းကားခေါ်တဲ့ လုပ်ငန်းဘက်ကို ခြေဆန့်ဖို့ အစီအစဉ် ရှိနေလို့လားဟင်"
သူက မစ္စတာလု၏ ရည်ရွယ်ချက်ကို အထင်လွဲသွားမည် စိုးသဖြင့် အတတ်နိုင်ဆုံး သတိထားကာ မေးမြန်းလိုက်ရသည်။
အတွင်းရေးမှူးအနေဖြင့် လုဟဲ့ထင်၏ ရင်ထဲတွင် ဘာတွေ တွေးတောနေသည်ကို အမှန်အတိုင်း မသိရှိသကဲ့သို့၊ ကိုယ်တိုင်လည်း သွားရောက်မေးမြန်းရန် မဝံ့ရဲပါချေ။
"မရှိပါဘူး။ ဘာဖြစ်လို့ မေးရတာလဲ။"
အတွင်းရေးမှူးက
"ဒီရက်ပိုင်း မစ္စတာလုရဲ့ စိတ်အခြေအနေက တစ်ခုခုကို အသည်းအသန် စောင့်စားနေသလို ဖြစ်နေပြီး... ကားခေါ်တဲ့ ဆော့ဖ်ဝဲလ်တွေကိုပဲ တစိုက်မတ်မတ် အာရုံစိုက်နေလို့ပါ။ ကျွန်တော် နည်းနည်း စိုးရိမ်မိတာမို့လို့... မစ္စတာ ဝေကျန့်ကို လှမ်းပြီး စုံစမ်းကြည့်တာပါ"
"ဘာကွ။ ငါ့အစ်ကိုက ကားခေါ်တဲ့ ဆော့ဖ်ဝဲလ်တွေကို စစ်ဆေးနေတယ် ဟုတ်လား"
လုဝေကျန့်လည်း ဇဝေဇဝါ ဖြစ်သွားရတော့သည်။ လုမိသားစုတွင်ကော ကုမ္ပဏီတွင်ပါ အဆင့်မြင့် ကားများနှင့် ကိုယ်ပိုင်ကားမောင်းသမားများက လုံလောက်သည်ထက် ပိုနေသည် မဟုတ်ပါလား။ ဒါ့အပြင် လုဟဲ့ထင်ကိုယ်တိုင်ကလည်း ကားကို ကိုယ်တိုင်မောင်းနှင်ရသည်ကို သဘောကျသူ ဖြစ်သည်။ အဲ့ဒီလို လူမျိုးက ဘာဖြစ်လို့ အဲ့ဒီဆော့ဖ်ဝဲလ်တွေကို အသုံးပြုနေရပါသနည်း။
သို့သော်လည်း သူက ပခုံးအသာတွန့်လိုက်ရင်း...
"အစ်ကိုက အဲ့ဒီကုမ္ပဏီတွေကို တကယ်ပဲ ဝယ်ယူချင်နေတာလည်း ဖြစ်နိုင်တာပဲ။ ကိစ္စမရှိပါဘူး... သူ လိုအပ်လာတဲ့အခါ အသင့်သုံးလို့ရအောင် အဲ့ဒီကုမ္ပဏီတွေရဲ့ အချက်အလက်တွေကိုသာ ကြိုတင်ပြင်ဆင်ထားလိုက်ပါ"
အတွင်းရေးမှူးသည်လည်း ထိုအဖြေကို ရရှိသွားသဖြင့် ကျေနပ်စွာ ခေါင်းညိတ်ရင်း ကျေးဇူးတင်စကား ဆိုလိုက်တော့၏။
အိုရီဆာ ဖက်ရှင်ရှိုး၏ ဒုတိယအဆင့် လူရွေးပွဲနေ့ကြီးသည် နောက်ဆုံးတွင်တော့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
၎င်းပွဲကို ညနေ (၇) နာရီအချိန်တွင် ကျင်းပပြုလုပ်မည် ဖြစ်၏။
လူရွေးပွဲ မတိုင်မီ တစ်ရက်အလို ညပိုင်းကမူ... ဆုဘင်းသည် လင်းမိုလီ၏ အိမ်တွင်သာ ရှိနေခဲ့ပြီး သားလေး ဒါပေါင်နှင့် လင်းမိုလီတို့အတွက် မြိန်ရည်ရှက်ရည် စားသောက်နိုင်မည့် ကောင်းမွန်လှသော ညစာ ဟင်းလျာကြီးများကို အားသွန်ခွန်စိုက် ချက်ပြုတ်ပေးခဲ့သည်။
ထိုနေ့မနက် စောစောစီးစီးတွင် သူမ အိပ်ရာကနိုးလာသည့် အခါ... အမြဲတမ်း စည်းကမ်းရှိလှသော သားလေး ဒါပေါင်သည် မျက်နှာသစ်၊ သွားတိုက်ခြင်းကို ကိုယ်တိုင် ဆောင်ရွက်နေခဲ့ပြီ ဖြစ်သည်။ သူမက သားလေး၏ နဖူးပြင်ကို အသာအယာ နမ်းရှိုက်လိုက်ရင်း... "မမ ကုမ္ပဏီကို သင်တန်းတက်ဖို့ သွားတော့မယ်နော်။"
"ဟုတ်ကဲ့... ဂရုစိုက်သွားပါ ရှောင်ဘင်း "
ဒါပေါင်က ဆိုလိုက်ပြီးနောက်…
"ပြီးတော့... ရှောင်ဘင်း သေချာပေါက် ပွဲအောင်မှာပါဗျာ"
ဟု ထပ်လောင်း အားပေးစကား ဆိုလိုက်သည်။
"သေချာပေါက်ပေါ့။"
ဆုဘင်းက သားလေးကို အနမ်းတစ်ချက် ပေးလိုက်၏။
သူမ တက်ကြွစွာဖြင့် ထွက်ခွာသွားသည်ကို စိုက်ကြည့်နေရင်း... ဒါပေါင်သည် သွားတိုက်တံကို အောက်သို့ ချလိုက်ပြီးနောက် သူ၏ ကို ထုတ်ယူကာ စခရင်ကို တဖျတ်ဖျတ် နှိပ်လိုက်တော့သည်။
စခရင် မျက်နှာပြင်ပေါ်တွင် မေးခွန်းတစ်ခု ပေါ်ထွက်လာခဲ့သည်... [လုအုပ်စု (Lu Group) ၏ ဘဏ္ဍာရေး စနစ်အတွင်းသို့ ဆက်လက် ထိုးဖောက် ဝင်ရောက်မှာလား]
သူသည် "ဆက်လုပ်ရန်" ဆိုသည့် စကားလုံးပေါ်သို့ ကလစ်နှိပ်လိုက်၏။
သူ့အနေဖြင့် ဖခင်ဖြစ်သူ လုဟဲ့ထင်သည် ဘယ်ကဲ့သို့သော အရှိန်အဝါမျိုး ရှိသည့် လူစားမျိုးလဲဆိုသည်ကို အမြန်ဆုံး စုံစမ်းသိရှိလိုနေခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင်... ‘ချန်းယွီ ဖျော်ဖြေရေးကုမ္ပဏီ’ မှ မော်ဒယ်လ်နှစ်ဦးသာ ဒုတိယအဆင့် လူရွေးပွဲသို့ တက်လှမ်းခွင့် ရရှိခဲ့ကြသည်။ တစ်ဦးမှာ ဆုဘင်း ဖြစ်ပြီး၊ ကျန်တစ်ဦးမှာမူ ဆုဟွေရှန် ဖြစ်ပေသည်။ ကုမ္ပဏီဘက်ကလည်း ၎င်းတို့နှစ်ဦးအပေါ် မျှော်လင့်ချက် အလွန်ကြီးမားနေသဖြင့်... ၎င်းတို့ကို အကောင်းဆုံး လေ့ကျင့်ပေးနိုင်ရန်အတွက် မော်ဒယ်လ်လောက၏ ထိပ်သီး နည်းပြဆရာကြီးတစ်ဦးကိုပင် သီးသန့် ငှားရမ်းပေးခဲ့၏။
ဆုဘင်းနှင့် ဆုဟွေရှန်တို့ နှစ်ဦးလုံးသည် လူရွေးပွဲအတွက် အစွမ်းကုန် ကြိုးစား လေ့ကျင့်နေခဲ့ကြသည်။
နည်းပြဆရာကြီးက ၎င်းတို့၏ ကြိုးစားမှုကို ကြည့်ရင်း သဘောကျစွာဖြင့် ပြုံးလျက် ချီးမွမ်းစကား ဆိုလိုက်သည်... "ဟွေရှန်နဲ့ ဆုဘင်း... မင်းတို့နှစ်ယောက်လုံး တကယ်ကို ကောင်းကောင်း ဆောင်ရွက်နိုင်ကြပါတယ်။ ဒုတိယအဆင့် လူရွေးပွဲအထိလည်း ဒီလိုမျိုး စွမ်းဆောင်ရည်ကို ဆက်ပြီး ထိန်းထားနိုင်ကြဖို့ မျှော်လင့်ပါတယ်။"
ထိုအခါ ချိုးမင်းရွှမ်းက ပြုံးလိုက်ရင်း မေးမြန်းလိုက်သည်...
"ဆရာကြီးရှင့်... တို့ဟွေရှန်ရဲ့ စွမ်းဆောင်ရည်အပေါ် ဘယ်လိုမြင်လဲဟင်။ သူမအနေနဲ့ ဒီဒုတိယအဆင့်ပွဲကို ကျော်ဖြတ်ပြီး ဖက်ရှင်ရှိုးရဲ့ တရားဝင် မော်ဒယ်လ်တစ်ယောက် ဖြစ်လာနိုင်မယ်လို့ ထင်ပါသလား"
ချိုးမင်းရွှမ်းသည် ဆုဟွေရှန်၏ အကြိုက်ကို ကောင်းစွာ သိရှိထားသူ ဖြစ်သည်။ ဆုဟွေရှန်သည် သူတစ်ပါး၏ မြှောက်ပင့်ချီးမွမ်းစကားများကို နားထောင်ရသည်ကို လွန်စွာ သဘောကျသူ ဖြစ်သဖြင့်... သူမအနေဖြင့် နည်းပြဆရာကြီးထံမှ ချီးမွမ်းစကားကို ကြားရရန် တမင်တကာ မြှောက်ပင့်ပေးလိုက်ခြင်း ဖြစ်၏။
နည်းပြဆရာကြီးက ပြုံးလိုက်ရင်း..
. "သူမအပေါ် မျှော်လင့်ချက် အများကြီး ရှိပါတယ်။ ဒီအတိုင်းပဲ ဆက်ပြီး ကြိုးစားသွားဖို့ လိုအပ်တာပေါ့"
သို့သော်ငြားလည်း... သူ၏ အကြည့်များကမူ ဆုဘင်း၏ ဆီသို့ စက္ကန့်အနည်းငယ်မျှ ပိုမို၍ ကြာမြင့်စွာ ကျရောက်သွားခဲ့ရသည်။ မော်ဒယ်လ်လောက ကျွမ်းကျင်သူတစ်ဦး၏ အမြင်အရ... ဆုဘင်းသည် ဤဖက်ရှင်ရှိုးပွဲကြီးနှင့် တကယ့်ကို ကိုက်ညီပြီး ထိုက်တန်လွန်းလှသူ ဖြစ်ပေသည်။ သူမတွင် ပင်ကိုယ် ခန္ဓာကိုယ် အချိုးအစား အခြေအနေက ပိုမိုကောင်းမွန်လှရုံသာမက... အခြားသူများ လိုက်မမှီနိုင်သော ထူးခြားလှသည့် ဆွဲဆောင်မှု သင်္ကေတများ ရှိနေခဲ့သည်။
ယေဘုယျအားဖြင့်... အခြားသူများနှင့် မတူညီသည့် ထူးခြားသော ဆွဲဆောင်မှု သင်္ကေတများသည် လူထု၏ အလှအပဆိုင်ရာ စံနှုန်းများနှင့် လွဲချော်သွားတတ်သော်လည်း... ဆုဘင်းကမူ လွန်စွာမှပင် ချောမောလှပလွန်းလှသဖြင့် ထိုထူးခြားမှုကပင် သူမကို ပိုမိုတောက်ပသွားစေခြင်း ဖြစ်၏။
စင်မြင့်ထက် လျှောက်လှမ်းမှု အပိုင်းတွင်လည်း... ဆုဘင်းသည် ဆုဟွေရှန်ထက် အဆပေါင်းများစွာ သာလွန်နေသည်မှာ အထင်အရှားပင် ဖြစ်သည်။
ဆုဟွေရှန်ကို စိတ်အနှောင့်အယှက် မဖြစ်စေရန်အတွက် နည်းပြဆရာကြီးက ယဉ်ကျေးစွာဖြင့်သာ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သော်လည်း... သူ၏ မျက်ဝန်းအစုံမှ ထွက်ပေါ်လာခဲ့သော ထူးခြားဆန်းကြယ်လှသည့် အကြည့်တစ်ချက်ကြောင့်... ဆုဟွေရှန်သည် မိမိထက် ဆုဘင်းက အပြတ်အသတ် သာလွန်နေသည်ကို ရိပ်မိသွားခဲ့ကာ ရင်ထဲ၌ မနာလိုမှုများဖြင့် တင်းကျပ်သွားခဲ့ရလေတော့သည်။