အခန်း (၃၆) စိတ်တိုနေရုံနဲ့ ပြဿနာက ပြေလည်သွားမှာမို့လို့လား
ဂွန်ဂွန်လေး ဝေးဝေးသို့ လျှောက်လှမ်းသွားခဲ့ပြီးသည့် အချိန်မှသာ... ဆုဘင်းသည် မိမိ၏ လက်ထဲတွင် နို့ဘူးလေးကို ကိုင်ဆောင်ထားဆဲ ဖြစ်သည်ကို သတိပြုမိလိုက်တော့သည်။
ခုနကတုန်းက ကောင်လေး တက်တက်ကြွကြွဖြင့် ပြောဆိုခဲ့သော စကားလုံးလေးများကို ပြန်လည်တွေးတောမိရင်း ဆုဘင်း ဖွဖွလေး ပြုံးမိလိုက်၏
‘ဒီကလေးလေးကတော့... ငါ့ရဲ့ သားကြီး ဒါပေါင် နဲ့ လုံးဝကို ကွဲပြားခြားနားလွန်းတာပဲ။’
သူမ ရင်ထဲကနေ ရေရွတ်မိသည်။
အကယ်၍သာ သူမ၏ အခြားသော ကလေးငယ်လေးသာ အသက်ရှင်နေဦးမည်ဆိုလျှင်...။ သူမ ခေါင်းကို ခါယမ်းလိုက်ရင်း ထိုအကြောင်းကို ဆက်လက်မတွေးတောမိရန် အတင်းတားမြစ်လိုက်ရရှာသည်။
"သခင်လေး ဂွန်ဂွန်... စောစောတုန်းက ဘယ်တွေ လျှောက်သွားနေတာလဲကွယ်။ သူစိမ်းတွေနဲ့ အဲ့ဒီလိုမျိုး အလွယ်တကူ စကားမပြောရဘူးလေ။ သခင်ကြီးသာ သိသွားရင် အန်တီ့ကို ဆူလိမ့်မယ်"
အသက် (၅၀) ကျော်အရွယ် သက်ကြီးအမျိုးသမီးမှာ အမှန်စင်စစ် ဂွန်ဂွန်လေးကို ကျောင်းကြိုကျောင်းပို့ လုပ်ပေးရသည့် အထိန်းတော်ကြီး ဖြစ်ပေသည်။
"သူမက သူစိမ်းမှ မဟုတ်တာ။ သူမနာမည်က ဘင်းဘင်း တဲ့။ အရမ်းချစ်ဖို့ကောင်းတဲ့ မမကြီးလေ။ ကျွန်တော် လူကြီးဖြစ်လာတဲ့အခါကျရင် သူမကိုပဲ လက်ထပ်မှာ"
ဂွန်ဂွန်က ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။ သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့ပြီး အလန့်တကြား အော်ဟစ်လိုက်တော့သည်...
"နေပါဦး။ ကားရပ်ပေးပါဦး။ ကျွန်တော် ပြန်သွားချင်လို့"
ကားမောင်းသမားက ကားကို အမြန်ဆုံး အရှိန်သတ် ရပ်ပေးလိုက်ရသည်။ ကားရပ်သည်နှင့် ဂွန်ဂွန်သည် ကားတံခါးကို ချက်ချင်းဖွင့်ကာ အပြင်သို့ ခုန်ဆင်းပြီး... ဆုဘင်းနှင့် ဆုံတွေ့ခဲ့သည့် နေရာဆီသို့ အပြေးအလွှား ပြန်သွားခဲ့တော့၏။ သို့သော်လည်း သူ ထိုနေရာသို့ ရောက်ရှိသွားသည့် အချိန်တွင်မူ... သူမသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ပတ်ဝန်းကျင် တစ်ပြင်လုံးတွင် သူမ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပါချေ။
"သခင်လေး ဂွန်ဂွန်... ဘာဖြစ်လို့လဲကွယ်"
အထိန်းတော်ကြီးမှာ ကလေးနောက်သို့ အမောတကော ပြေးလိုက်လာရသဖြင့် အသက်ကို လုရှူရင်း မေးမြန်းလိုက်ရရှာသည်။
ဂွန်ဂွန်လေး၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲတက်လာခဲ့ရသည်။ သူသည် ဘင်းဘင်း ဆီကနေ ဖုန်းနံပါတ် တောင်းဖို့ မေ့လျော့နေခဲ့သည် မဟုတ်ပါလား။
သူမက သူ့ကို အသက် (၁၈) နှစ်ပြည့်တဲ့အထိ စောင့်ပါ့မယ်လို့ ကတိပေးခဲ့သော်လည်း... သူက သူမကို ဘယ်လိုမျိုး ဆက်သွယ်ရမှန်း မသိတော့ပါချေ။ သူမကော သူ့ကို တကယ်ပဲ စောင့်နေပါဦးမလား။
ဂွန်ဂွန်တစ်ယောက် လုဟူ (Lu Hu) နိုင်ငံတကာ ဗီလာအိမ်ရာကြီးဆီသို့ ပြန်ရောက်လာသည့် အခါတွင်မူ... စိတ်ဓာတ်များ အကြီးအကျယ် ကျဆင်းနေခဲ့ပြီ ဖြစ်သည်။
"ပါပါး ... ပြန်လာပြီ။"
ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသားကို အားအင်ချည်းနဲ့စွာဖြင့် နှုတ်ဆက်ပြီးနောက်... ဂွန်ဂွန်သည် ဝမ်းနည်းပူဆွေးစွာဖြင့် အပေါ်ထပ် အခန်းဆီသို့ တန်းတန်းမတ်မတ် တက်လှမ်းသွားခဲ့တော့သည်။
ဆိုဖာပေါ်တွင် ထိုင်နေသည့် ခန့်ညားထည်ဝါလှသော ထိုအမျိုးသားမှာ အခြားသူမဟုတ်... လုဟဲ့ထင် ဖြစ်ပေသည်။ သူသည် လက်ထဲက စီးပွားရေးသတင်းစာကို အောက်သို့ ချလိုက်ရင်း... မျက်ဝန်းအစုံတွင် ဇဝေဇဝါဖြစ်ဟန်များ ထင်ဟပ်သွားခဲ့ကာ…
"သူ ဘာဖြစ်လာတာလဲ။"
"သခင်လေး ဂွန်ဂွန်တစ်ယောက်... အချစ်ကို စတင်တွေ့ရှိသွားခဲ့တာ ထင်ပါတယ်ရှင်"
အထိန်းတော်ကြီးက လေသံကို နှိမ့်ကာ တိုးတိုးလေး လျှောက်တင်လိုက်၏။
လုဟဲ့ထင်သည် ခြေလှမ်းကျဲကြီးများဖြင့် အပေါ်ထပ်သို့ တက်လာခဲ့ပြီး... ကုတင်ပေါ်တွင် ကုန်းကုန်းကွကွဖြင့် စိတ်ကောက်နေသော ဂွန်ဂွန်လေးကို မြင်တွေ့လိုက်ရသည်။
"ဂွန်ဂွန်။"
လုဟဲ့ထင်က လှမ်းခေါ်လိုက်ရင်း... သူ့ကို ပွေ့ချီမြှောက်လိုက်၏။
ဂွန်ဂွန်လေးမှာ ရင်ဘတ်လေး တလှိမ့်လှိမ့်ဖြင့် စိတ်လှုပ်ရှား ခံစားနေရဆဲ ဖြစ်သည်။ သူသည် မျက်တောင်လေး တဖျတ်ဖျတ်ခတ်ရင်း ဆိုလာသည်…
"ကျွန်တော် ဒီနေ့ အရမ်းချစ်ဖို့ကောင်းတဲ့ မမကြီးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ပါပါး။ ဒါပေမဲ့... ကျွန်တော် သူမဆီက ဖုန်းနံပါတ် တောင်းဖို့ မေ့သွားတယ်ဗျာ။"
"အဲ့ဒါကြောင့် မင်းက မင်းကိုယ်မင်း ပြန်ပြီး စိတ်တိုနေတာပေါ့။"
"ဟုတ်တယ်။"
ဂွန်ဂွန်သည် ဆုဘင်း၏ လှပသော မျက်နှာလေးကို ငေးမောကြည့်ရှုရင်း အာရုံများ ထွေပြားသွားခဲ့ရသဖြင့်... ဖုန်းနံပါတ် တောင်းရန် မေ့လျော့ခဲ့သည့် မိမိကိုယ်ကိုယ် အကြီးအကျယ် စိတ်ဆိုးဒေါသထွက်နေခြင်း ဖြစ်၏။
လုဟဲ့ထင်က သူ၏ ကျောပြင်လေးကို အသာအယာ ပုတ်ပေးလိုက်ရင်း မေးလိုက်သည်...
"မင်း အဲ့ဒီလို စိတ်တိုနေရုံနဲ့ ပြဿနာက ပြေလည်သွားမှာမို့လို့လား"
"မပြေလည်ပါဘူး"
ဂွန်ဂွန်က နှုတ်ခမ်းလေး စူရင်း တိုးညှင်းစွာ ပြန်လည်ဖြေကြားလိုက်သော်လည်း... သူ့ရင်ထဲက ဒေါသကိုမူ အလွယ်တကူ မထိန်းချုပ်နိုင်သေးပါချေ။
"ဒါဆိုရင် စိတ်ကို အေးအေးထားစမ်းပါ။ လူဆိုတာ အမှားတစ်ခု လုပ်မိတဲ့အခါ... အဲ့ဒီအမှားဆီကနေ သင်ခန်းစာယူရတယ်၊ နောက်တစ်ကြိမ်ကျရင် ထပ်ပြီး မမှားစေဖို့အတွက်ပေါ့။ ဒါ့အပြင်... မင်းနဲ့ အဲ့ဒီမိန်းကလေးနဲ့က တကယ်ပဲ ဆုံစည်းဖို့ ရေစက်ပါလာခဲ့ရင်... တစ်နေ့ကျရင် သေချာပေါက် ပြန်တွေ့ကြရမှာပဲ"
လုဟဲ့ထင်က ကလေးနားလည်မည့် လေသံဖြင့် အေးဆေးစွာ ရှင်းပြလိုက်၏။
"ကျွန်တော် တကယ်ပဲ သူမနဲ့ ပြန်တွေ့နိုင်မှာလား ပါပါ"
ဂွန်ဂွန် မတ်တတ်ထရပ်လိုက်မိသည်။
"Daddy လည်း သေချာတော့ မပြောတတ်ဘူး။ ဒါပေမဲ့... ဒီကမ္ဘာကြီးပေါ်မှာ အံ့ဖွယ်အမှုတွေဆိုတာ တကယ်ရှိပါတယ်ကွယ်"
ဂွန်ဂွန်သည် ဖခင်ဖြစ်သူ၏ လည်ပင်းကို လက်မောင်းနှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ရင်း...
"ပါပါး... ကျွန်တော် လူကြီးဖြစ်လာတဲ့အခါ အဲ့ဒီမမကြီးကို လက်ထပ်ဖို့ ပါပါး ခွင့်ပြုမှာလားဟင်"
"တကယ်လို့ မင်းကလည်း သူမကို သဘောကျတယ်၊ သူမကလည်း မင်းကို ပြန်သဘောကျတယ်ဆိုရင်တော့... သေချာပေါက် ခွင့်ပြုရမှာပေါ့"
လုဟဲ့ထင်က ခေါင်းညိတ်ရင်း ပြုံးလျက် ကတိပေးလိုက်သည်။
ဖခင်ဖြစ်သူ၏ စကားကို ကြားရပြီးနောက်မှသာ ဂွန်ဂွန်လေး စိတ်သက်သာရာ ရသွားတော့၏။ အနည်းဆုံးတော့ ဘယ်လိုအခြေအနေမျိုးမှာမဆို သူ့ဖခင်က သူ့ဘက်မှာ ရှိနေပေးသည် မဟုတ်ပါလား။
ပထမအဆင့် လူရွေးပွဲ ပြီးဆုံးသွားပြီးနောက်... ဆုဘင်းသည် ရက်အနည်းငယ်မျှ စိတ်အေးလက်အေး အနားယူခဲ့သည်။ သူမသည် ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန် အမြောက်အမြားကို ဝယ်ယူခဲ့ပြီး... လင်းမိုလီ ၏ အိမ်သို့ သွားရောက်ကာ သားလေး ဒါပေါင်အတွက် မြိန်ရည်ရှက်ရည် စားသောက်နိုင်မည့် ကောင်းမွန်လှသော ဟင်းလျာကြီးများကို ချက်ပြုတ်ကျွေးမွေးခဲ့၏။
ဤရက်ပိုင်းအတွင်း... သူမအနေဖြင့် အပြင်သို့ သွားလာလှုပ်ရှားရန် ကားစီးစရာ မလိုသဖြင့်... ကားခေါ်သည့် ဆော့ဖ်ဝဲလ် ကိုလည်း မဖွင့်ဖြစ်သလို၊ လုဟဲ့ထင်ထံသို့လည်း မည်သည့် အဆက်အသွယ်မျှ မလုပ်ဖြစ်ခဲ့ပါချေ။
တစ်ဖက်တွင်မူ... လုဟဲ့ထင်သည် သူ၏ ဖုန်းမျက်နှာပြင်ကိုသာ ခဏခဏ စိုက်ကြည့်ရင်း စခရင်ကို အပေါ်အောက် ပွတ်ဆွဲနေမိတော့သည်။
သူသည် အလုပ်လုပ်နေရင်း ရံဖန်ရံခါ အရှိန်သတ်လိုက်ပြီး... စက္ကန့်ပိုင်းမျှ ကြာပြီးနောက်တွင်မူ ဖုန်းမျက်နှာပြင်ကို ထပ်မံ၍ လော့ခ်ဖွင့်ကြည့်ပြန်သည်။
သူ့၏ အတွင်းရေးမှူး သည် ဥက္ကဋ္ဌကြီး၏ ထူးဆန်းလှသော ဤအပြုအမူများကို ကြည့်ရင်း လွန်စွာ အံ့အားသင့်နေမိ၏။ ဤရက်ပိုင်းအတွင်း မစ္စတာလု၏ စိတ်အခြေအနေမှာ တစ်ခုခု လွဲချော်နေသကဲ့သို့ ရှိနေသည်။ သူသည် အလုပ်ကိစ္စများကို အကောင်းဆုံး ဆောင်ရွက်နေဆဲ ဖြစ်သော်လည်း... ပုံမှန်ရှိနေကျဖြစ်သော မိမိကိုယ်ကိုယ် တင်းကျပ်စွာ စည်းကမ်းချတတ်သည့် အလေ့အထမျိုးမူ ယခုရက်ပိုင်းတွင် အနည်းငယ် ပျက်ပြားနေခဲ့ရလေပြီ။