အခန်း (၃၅) ကျွန်တော့်ရဲ့ ဇနီး လုပ်ပေးနိုင်မလားဟင်
ဖုန်းချလိုက်ပြီးနောက် ဆုဘင်းသည် ဆေးပုလင်းကို ထုတ်ယူကာ ဆေးပြားနှစ်ပြားကို သူမ၏ လက်ဖဝါးပေါ်သို့ လောင်းထည့်လိုက်သည်။
ဆေးပြားများကို ပါးစပ်ထဲသို့ ကောက်ထည့်ရန် ပြင်လိုက်သည့် အချိန်မှပင်... မိမိအနေဖြင့် ရေဝယ်ရန် မေ့လျော့နေခဲ့ကြောင်း သတိပြုမိလိုက်၏။ သို့သော် သူမ မတ်တတ်မရပ်နိုင်သေးခင်မှာပင်... ကလေးသောက်သည့် နို့ဘူးတစ်ဘူးက သူမ၏ လက်ထဲသို့ အလိုအလျောက် ရောက်ရှိလာခဲ့တော့သည်
ထို့နောက်တွင်မူ ချစ်စရာကောင်းပြီး ကလေးဆန်လှသော လေသံလေးတစ်ခု ကပ်လျက် ထွက်ပေါ်လာခဲ့သည်...
"မမကြီး... ဒါလေး သောက်လိုက်နော်။"
ဆုဘင်း ငုံ့ကြည့်လိုက်သည့်အခါ... သူမ၏ ရှေ့မှောက်တွင် အသက် သုံးနှစ်၊ လေးနှစ်အရွယ်ခန့် ရှိမည့် ကောင်လေးတစ်ဦး မတ်တတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။ ထိုကောင်လေးမှာ မျက်နှာဝိုင်းဝိုင်းလေးနှင့် တက်ကြွဖျတ်လတ်လွန်းလှသဖြင့်... သူမအနေဖြင့် ထိုပါးဖောင်းဖောင်းလေးကို အသည်းယားစရာ ကောင်းလောက်အောင် ဆွဲဖျစ်ပစ်ချင်စိတ်များ ပေါက်ပွားသွားခဲ့ရသည်
ကောင်လေးက ဆုဘင်းကို သူ၏ ဝိုင်းစက်တောက်ပနေသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်ရင်း...
"ဘာဖြစ်လို့ မသောက်တာလဲဟင်။ ဆေးက အရမ်းခါးတယ်လေ၊ ဒါပေမဲ့ ဒီနို့လေးနဲ့ မျှောသောက်လိုက်ရင် ခါးတာကို မသိသာတော့ဘူး သိလား။"
"ကျေးဇူးတင်ပါတယ်နော်။"
သူ၏ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လှသော မျက်ဝန်းလေးများကို ကြည့်ရင်း ဆုဘင်း၏ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားခဲ့ရရှာသည်။ သူမအနေဖြင့် ကလေးငယ်၏ စေတနာကို မငြင်းပယ်ချင်သဖြင့်... နို့ဘူးကို လှမ်းယူလိုက်ပြီးနောက် ထိုပါးပြင်ဖောင်းဖောင်းလေးကို အသာအယာ ဆွဲဖျစ်လိုက်မိ၏။ အမှန်စင်စစ် ဤကောင်လေးမှာ လွန်စွာ ချစ်စရာကောင်းလွန်းလှသဖြင့်... သူမအနေဖြင့် အိမ်ကိုသာ အပိုင်ခေါ်သွားချင်စိတ် ပေါက်နေမိတော့သည်
ကောင်လေးသည် ဆုဘင်းက နို့ဘူးကို လှမ်းယူလိုက်သည်ကို မြင်သောအခါ မျက်နှာထက်က အပြုံးကြီးက ပိုမိုကျယ်ပြန့်သွားခဲ့၏။
ထိုကလေးငယ်၏ ပုံစံလေးကို ကြည့်ရင်း ဆုဘင်းသည် မိမိ၏ အခြားသော ကလေးငယ်တစ်ဦးကို သတိရမိသွားခဲ့ရသည်။ အကယ်၍သာ ထိုရင်သွေးလေးသာ မွေးရာပါ ရောဂါဆိုးကြီးဖြင့် သေဆုံးမသွားခဲ့ပါက... အခုအချိန်တွင် သူမရှေ့က ကောင်လေးလိုမျိုး ချစ်စရာကောင်းလောက်အောင် အရွယ်ရောက်နေလောက်ပြီ မဟုတ်ပါလား။
အကယ်၍ ထိုကလေးလေးသာ အသက်ရှင်နေဦးမည်ဆိုပါက... သေချာပေါက် သူမနှင့် တူညီပေလိမ့်မည်။ သားကြီး ဒါပေါင် က လုဟဲ့ထင်နှင့် တူညီနေမှတော့... ကျန်ခဲ့တဲ့ ကလေးလေးကတော့ သူမနှင့် တူရမည် မဟုတ်ပါလား။
"မမကြီး... မမကြီး... ဘာတွေ တွေးနေတာလဲဟင်။ မမကြီးရယ်..."
ဆုဘင်းတစ်ယောက် မိမိ၏ အတွေးကမ္ဘာထဲတွင် နစ်မြုပ်နေသည်ကို မြင်တွေ့ရသဖြင့်... ကောင်လေးက စိုးရိမ်တကြီးဖြင့် သူ၏ လက်ဖဝါးသေးသေးလေးကို သူမ၏ မျက်နှာရှေ့တွင် ယမ်းပြနေရှာသည်။
သူမကို စတင်တွေ့ရှိခဲ့သည့် အချိန်တုန်းက... သူသည် သူမနှင့် စိတ်ပါလက်ပါ စကားပြောဆိုချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုအခါတွင်မူ သူမ၏ မျက်ဝန်းများက ဗလာကျင်းနေပြီး မိမိကိုယ်ပိုင် ကမ္ဘာထဲသို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေသဖြင့်... သူသည် စိတ်မကောင်းဖြစ်ရလွန်းသဖြင့် ငိုပင်ငိုချင်စိတ် ပေါက်လာခဲ့ရသည်။
ဆုဘင်း သတိပြန်ဝင်လာခဲ့ပြီး ပြုံးလျက် မေးလိုက်သည်...
"ကလေးလေး... နင့်ရဲ့ မိဘတွေက ဘယ်မှာလဲဟင်။ မမက အခု သွားရတော့မှာမို့လို့။"
သူမ စကားပြောနေရင်း ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း မည်သူ့ကိုမျှ မတွေ့ရပါချေ။
ဂွန်ဂွန် က ဆုဘင်း၏ ခြေထောက်ကို ဖက်တွဲထားရင်း မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လာခဲ့သည်။
"ချောမောလှပတဲ့ မမကြီးရယ်... ကျွန်တော့်နာမည်က ဂွန်ဂွန် ပါ။ မမရဲ့ နာမည်က ဘာလဲဟင်။"
သူက တက်ကြွစွာဖြင့် မေးမြန်းလိုက်၏။
"အော်... နင့်နာမည်က ဂွန်ဂွန် လား။ မမနာမည်က ဆုဘင်း ပါ"
ဆုဘင်းက ခပ်ဖွဖွ ရယ်မောရင်း ဆိုလိုက်သည်။ S နိုင်ငံ၏ ဘာသာစကားအရ "ဂွန်ဂွန်" ဆိုသည်မှာ ဝိုင်းစက်ပြီး ချစ်စရာကောင်းသည်ဟု အဓိပ္ပာယ်ရသဖြင့်... ဤကောင်လေးနှင့် တကယ့်ကို လိုက်ဖက်လှပေသည်။ သူ၏ လက်တိုတိုလေးများနှင့် မျက်နှာဝိုင်းဝိုင်းလေး... ပြီးတော့ သူ၏ အပြစ်ကင်းစင်လှသော အပြုံးလေးများက မြင်တွေ့ရသူတိုင်း၏ နေ့ရက်ကို တောက်ပလန်းဆန်းသွားစေနိုင်စွမ်း ရှိပေသည်။
"ဘင်းဘင်း ... ကျွန်တော့်ကို တစ်ချက်လောက် ပွေ့ချီပေးလို့ ရမလားဟင်"
ကောင်လေးက သူ၏ လက်မောင်းနှစ်ဖက်ကို ဆန့်တန်းရင်း တောင်းဆိုလိုက်သည်။ သူသည် ဆုဘင်း တွန့်ဆုတ်နေသည်ကို ရိပ်မိလိုက်သဖြင့်... သူမ၏ ခြေထောက်များကို ဖက်တွဲကာ မျောက်ကလေးတစ်ကောင်လို သူမ၏ ကိုယ်ပေါ်သို့ အတင်းတွားတက်ရန် ကြိုးပမ်းနေတော့၏။
ဆုဘင်းသည် ကောင်လေး၏ ချစ်စရာ ကောင်းလွန်းလှသော အပြုအမူကို မငြင်းဆန်နိုင်တော့သဖြင့်... သူ့ကို ပွေ့ချီလိုက်ရရှာသည်။ အခုဆိုလျှင် ဆုဘင်း၏ မျက်နှာကို အနီးကပ် မြင်တွေ့ခွင့်ရသွားပြီဖြစ်သဖြင့်... ကောင်လေးက ဝမ်းသာအားရ ပြုံးဖြဲလိုက်ရင်း...
"ဘင်းဘင်း... မမက အရမ်းလှတာပဲ။ ပါပါး က ပြောဖူးတယ်... ကျွန်တော် အနာဂတ်ကျရင် ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ရမယ်တဲ့။ မမက ကျွန်တော် မြင်ဖူးသမျှထဲမှာ အချစ်စရာကောင်းဆုံး မိန်းကလေးပဲ။ အဲ့ဒါကြောင့်... မမက ကျွန်တော့်ရဲ့ ဇနီးလေး လုပ်ပေးနိုင်မလားဟင်။"
ဆုဘင်းသည် သူ၏ စကားကြောင့် လွန်စွာ သဘောကျကာ ရယ်မောမိတော့သည်
"မင်းက ဇနီး ဆိုတာ ဘာလဲဆိုတာကို သိလို့လား"
"သိတာပေါ့။ အဲ့ဒါ ကျွန်တော် သဘောကျတဲ့ မိန်းကလေးကို ပြောတာလေ။"
"အင်း... ဒါပေမဲ့ အသက် (၁၈) နှစ် မပြည့်မချင်းကတော့ လက်ထပ်လို့ မရသေးဘူးလေ"
သူ၏ မျက်နှာဝိုင်းဝိုင်းလေးကို ကြည့်ရင်း... ဆုဘင်းက သူ၏ ဖခင်ဖြစ်သူသည် မိခင်ဖြစ်သူကို လွန်စွာ ချစ်မြတ်နိုးတာ ဖြစ်ရမည်၊ ထို့ကြောင့် ဤမျှလောက်အထိ ငယ်ရွယ်သော အရွယ်တွင်ပင် ဤကဲ့သို့သော အတွေးအခေါ်မျိုး ရှိနေခြင်း ဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်သည်။
"ဒါဆိုရင်... ကျွန်တော် အသက် (၁၈) နှစ် ပြည့်တဲ့အထိ မမက စောင့်ပေးနိုင်မလားဟင်။ ကျွန်တော် မွေးနေ့ကိတ်က ဖယောင်းတိုင်တွေကို (၄) ကြိမ်တောင် မှုတ်ခဲ့ပြီးပြီ။ နောက်ထပ် (၁၄) ကြိမ်လောက်ပဲ ထပ်မှုတ်ပြီးရင် တို့နှစ်ယောက် လက်ထပ်လို့ ရပြီ မဟုတ်လား။"
"ကဲပါ... အဲ့ဒီအချိန်ကျမှပဲ တို့နှစ်ယောက် ထပ်ပြီး ပြောကြတာပေါ့။"
ဆုဘင်းက သူ၏ မျက်နှာဝိုင်းဝိုင်းလေးကို မြတ်နိုးတန်ဖိုးထားစွာဖြင့် ပွတ်သပ်ရင်း ချော့မော့လိုက်သည်။
"အိုကေ... ဒါဆို ကတိပေးပြီနော်။" ဂွန်ဂွန်က ဆုဘင်း၏ ပါးပြင်လေးကို ရွှတ်ခနဲနေအောင် နမ်းရှိုက်လိုက်တော့သည်။
"ကတိပေးပါတယ်ရှင်"
ထိုသို့ ကတိပေးပြီးနောက်တွင်မူ... ဂွန်ဂွန်က သူမ၏ ကိုယ်ပေါ်ကနေ ဆင်းလိုက်ပြီး အသက် (၅၀) ကျော်ခန့် ရှိမည့် သက်ကြီးအမျိုးသမီးတစ်ဦးထံသို့ ပြေးသွားခဲ့တော့သည်။ ၎င်းအမျိုးသမီးကို...