အခန်း (၃၄) သူမက ကားမောင်းသမားအဖြစ် သဘောကျနေမှတော့... ကားမောင်းသမားပဲ လုပ်ပေးရုံပေါ့
သို့သော်လည်း ကံဆိုးစွာဖြင့် ဆုဘင်းသည် ယနေ့ အပြင်ထွက်လာရာတွင် မည်သည့် ဆေးဝါးမျှ ယူဆောင်လာခဲ့ခြင်း မရှိပါချေ။
"အို... မစ္စတာလု၊ ကျွန်မ သတိရလို့... ကျွန်မမှာ လုပ်စရာ အလုပ်လေးတွေ ကျန်သေးတာမို့လို့ ဒီနားတင်ပဲ ကားရပ်ပြီး ပေးဆင်းပါဦးနော်။"
သူမက တောင်းပန်တိုးလျှိုးလိုက်ရင်း... မိမိ၏ နူးညံ့လှပသော မျက်ခုံးအစုံနှင့် မျက်ဝန်းများကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားရရှာသည်။ သူ့ရှေ့မှောက်တွင် သူမ ခံစားနေရသည့် နာကျင်မှု အရိပ်အယောင် အနည်းငယ်မျှကိုပင် အသိမခံနိုင်ပါချေ။
လုဟဲ့ထင်က ကားကို စနစ်တကျနှင့် ငြင်သာစွာ ရပ်တန့်ပေးလိုက်၏။
ဆုဘင်းက သူ့ကို လက်လှမ်းပြလိုက်ရင်း...
"နောက်မှ တွေ့ကြတာပေါ့... မစ္စတာလု။"
ဟုဆိုလိုက်သည်။
သူမ၏ တက်ကြွလန်းဆန်းဟန်ဆောင်ထားသော လေသံလေးကြောင့် လုဟဲ့ထင်၏ ရင်ဘတ်ထဲမှ နှလုံးခုန်သံပင် တစ်ချက်မျှ တုန်ခါသွားခဲ့ရသည်။
သူမ၏ သွယ်လျလှပသော ကျောပြင်လေး တရွေ့ရွေ့ ဝေးကွာသွားသည်ကို စိုက်ကြည့်နေရင်း... သူသည် ကားကို ပြန်လည်စတင်ကာ ရှေ့သို့ မောင်းနှင်ခဲ့တော့၏။
ထို့နောက် သူသည် ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုကို နှိပ်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်…
"ငါ့အတွက် ကားမောင်းသမားတစ်ယောက်ရဲ့ အလုပ်ချိန်ဇယားနဲ့ သာမန်လူတန်းစား ရပ်ကွက်တစ်ခုထဲမှာ ရှိတဲ့ အိမ်အသေးလေးတစ်လုံး အမြန်ဆုံး စီစဉ်ပေးစမ်း"
သူမက သူ့ကို ကားမောင်းသမားတစ်ဦးအဖြစ် သဘောကျပြီး စိတ်အေးချမ်းနေမှတော့... သူကလည်း သူမအတွက် ကားမောင်းသမားတစ်ယောက်ပဲ လုပ်ပေးရုံပေါ့။
ဆုဘင်းသည် ဆေးဆိုင်တစ်ဆိုင်သို့ ဝင်ရောက်ကာ အကိုက်အခဲပျောက်ဆေးအချို့ကို ဝယ်ယူလိုက်ပြီး... ဆိုင်တံခါးအနားတွင် ခဏမျှ ထိုင်ချလိုက်ရှာသည်။
သူမ၏ စိတ်ထဲတွင် သားလေး ဒါပေါင်ကို တွေးတောမိလိုက်သည့် ခဏ၌... နှုတ်ခမ်းအစုံတွင် နူးညံ့လှပသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
သူမ ဖုန်းကို ထုတ်ယူကာ သားလေးထံသို့ လှမ်း၍ ဖုန်းခေါ်ဆိုလိုက်သည်။
ဒါပေါင်က ဖုန်းကို ချက်ချင်းပင် ကိုင်လိုက်ပြီး... တည်ငြိမ်အေးစက်သော လေသံလေးဖြင့် ဆိုလာသည်... "ရှောင်ဘင်း"
"ဒါပေါင်ရေ... ရှောင်ဘင်းက နင့်ကို သိပ်လွမ်းတာပဲဟယ်။ တို့နှစ်ယောက် ခွဲခွာနေရတာ ခဏလေးပဲ ရှိသေးတာဆိုပေမယ့်... ရင်ထဲမှာတော့ တစ်ဘဝစာလောက် ကြာသွားသလိုပဲ။ နင်ကော ငါ့ကို လွမ်းရဲ့လား။"
ဆုဘင်းက မျက်နှာထက်တွင် တောက်ပသော အပြုံးကြီးဖြင့် နူးညံ့စွာ ဆိုလိုက်ရှာသည်။
"တကယ်လား။ ဒါပေမဲ့ တို့နှစ်ယောက် WeChat ကနေ နေ့တိုင်း စာပို့နေကြတာပဲဥစ္စာ။"
ဒါပေါင်က ပြန်လည်ဖြေကြားလိုက်၏။ သူ့၏ စကားပြောဟန်မှာ လုဟဲ့ထင်နှင့် တ ပုံစံ တည်း တူညီလွန်းလှပေသည်။ သူတို့နှစ်ဦးလုံးက အပြင်ပန်းတွင် အေးစက်တည်ငြိမ်လှသော်လည်း... အတွင်းစိတ်တွင်မူ နွေးထွေးမှု အရိပ်အယောင်လေး ရှိကြ၏။
အို... မဟုတ်သေးပါချေ။ လုဟဲ့ထင်က နွေးထွေးတတ်တဲ့သူ မဟုတ်ပါဘူး၊ ဒါက သူမရဲ့ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။
"ဒါပေမဲ့ စာပို့နေရရုံနဲ့ မလုံလောက်ဘူးလေ၊ စာတွေက အေးစက်လွန်းတယ်။ ငါက နင့်ရဲ့ နွေးထွေးတဲ့ အသံလေးကို အမြဲတမ်း ကြားချင်တာ။"
ဆုဘင်းက နှာခေါင်းလေး ရှုံ့ကာ ကလေးတစ်ယောက်လို ရန်တွေ့လိုက်သည်။
ဒါပေါင်ကတော့ အလွန် တည်ငြိမ်နေဆဲ ပုံစံဖြင့်ပင်... "တကယ်တော့... ကျွန်တော်လည်း ရှောင်ဘင်းကို လွမ်းပါတယ်။ ရှောင်ဘင်းရဲ့ အသံက နားထောင်လို့ တကယ် ကောင်းပါတယ်။"
"နင့်ပုံစံက ဘာမှ စိတ်မပါသလိုပဲ။"
"လွမ်းတာပေါ့... သိပ်လွမ်းတာ။ သေလုမတတ် လွမ်းနေတာပါဗျာ... အဲ့ဒါဆိုရင် အဆင်ပြေပြီလား။"
ဒါပေါင်၏ လေသံလေးက ဖုန်းထဲကနေ တိုးထွက်လာခဲ့ပြန်သည်။
ဆုဘင်း ခေါင်းညိတ်လိုက်ရင်း... "အင်း... အဲ့ဒါဆိုရင်တော့ ရပြီ။ ဒါနဲ့... မာမီမိုလီ နဲ့ နေတဲ့အချိန်ကျရင် လိမ္မာရမယ်နော်၊ ဟုတ်ပြီလား။ သူမပြောတာကို အမြဲတမ်း နားထောင်။ ငါ မကြာခင် နင့်ကို လာခေါ်ပါ့မယ်။"
"ရှောင်ဘင်း... သူ့ကို တွေ့ခဲ့ပြီလား။"
"အင်း... တွေ့ခဲ့ပြီ။ သူက တကယ့်ကို ခန့်ညားပြီး တည်ငြိမ်တာပဲ၊ ကွက်တိ နင်နဲ့ပဲ တူတယ် ဒါပေါင်ရေ။"
ဆုဘင်းက ရွှင်လန်းသော လေသံဖြင့် ပြန်လည် ဖြေကြားလိုက်သော်လည်း... သူမ၏ ရင်ဘတ်ထဲတွင်မူ စိုးရိမ်ပူပန်မှုများက နက်ရှိုင်းစွာ မြုပ်နှံနေဆဲ ဖြစ်သည်။ သူမအနေဖြင့် လုဟဲ့ထင်ကို တွေ့ဆုံခဲ့ပြီးပြီ ဆိုသော်လည်း... သူမ သိရှိလိုသည့် အချက်အလက်များကိုမူ တိတိကျကျ မသိရသေးပါချေ။
လုဟဲ့ထင်ကလည်း မည်သည့် အရိပ်အယောင်မျှ ထုတ်ပြခြင်း မရှိသေးချေ။
‘ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါ အစွမ်းကုန် ကြိုးစားပြီး... သူ့ဘေးနားမှာ အချိန်ပိုပေးပြီး စုံစမ်းရမှာပေါ့။’
သူမသည် မိမိကိုယ်ကိုယ် ပြန်လည်နှစ်သိမ့်လိုက်သည်။
"သူက ကျွန်တော့်လောက် ခန့်လို့လား။"
ဒါပေါင်က မေးလိုက်၏။
"မဟုတ်ပါဘူး... မဟုတ်ပါဘူး။ ငါ စကားပြောမှားသွားတာ။ သူက နင့်လောက် မခန့်ပါဘူး၊ နင့်နီးပါးလောက်ပဲ ခန့်တာပါ။"
ဆုဘင်းက သားဖြစ်သူ စိတ်ကောက်သွားမည်စိုးသဖြင့် ပါးစပ်လေးကို အမြန်ပိတ်ကာ ချော့လိုက်ရရှာသည်။
"ရှောင်ဘင်း... ကျွန်တော့်အထင်တော့ သူက လူကောင်းတစ်ယောက် ဖြစ်နိုင်ပါတယ်။ အခု ရှောင်ဘင်း အဓိက အာရုံစိုက်ရမှာက... သူ အိမ်ထောင်ရှိမရှိနဲ့ သူ့ဘေးနားမှာ တခြားမိန်းမတွေ ရှိမရှိ ဆိုတာကိုပဲ။"
ဒါပေါင်၏ လေသံလေးက အမြဲတမ်းအတိုင်း ပြတ်သားပြီး စည်းချက်ကျလွန်းလှပေသည်။
"နင်က ဘာဖြစ်လို့ အဲ့ဒီလို တွေးရတာလဲ။" ဆုဘင်းက ပြုံးလျက် မေးလိုက်၏။
"ပထမအချက်က... သူက ဂုဏ်သိက္ခာကြီးမားလှတဲ့ လုအုပ်စု မှာ နှစ်ပေါင်းများစွာ လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက်... သူ့မှာ တည်ငြိမ်တဲ့ စိတ်ဓာတ်ရှိတယ်ဆိုတာ သက်သေပြနေတာပဲ။ ဒုတိယအချက်က... သူ့မှာ ကျွန်တော့်လို သားတစ်ယောက် ရှိနေတာလေ။ ဒါက သေချာပေါက် ရှောင်ဘင်းရဲ့ ထူးချွန်တဲ့ မျိုးရိုးဗီဇ ကြောင့်ဆိုပေမယ့်... သူ့ရဲ့ မျိုးရိုးဗီဇကလည်း ဒီနေရာမှာ မရှိမဖြစ် ပါဝင်နေတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းလို့မရဘူး"
ဆုဘင်းသည် ဒါပေါင်၏ တည်ကြည်လွန်းလှသော လေသံလေးကြောင့် ရယ်မောမိတော့သည်။ သားဖြစ်သူ စကားပြောပုံက သူ့ဖခင် လုဟဲ့ထင်နှင့် တ ပုံစံ တည်း တူညီလွန်းလှပေသည်
သူ့၏ အတွေးအခေါ် သီအိုရီများအရဆိုလျှင်တော့... လုဟဲ့ထင်သည် တကယ့်ကို ယုံကြည်အားကိုးထိုက်သူ ဖြစ်ပေလိမ့်မည်။
"တတိယအချက်ကတော့... ကျွန်တော် စုံစမ်းကြည့်သလောက် လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ သူက ရပ်ကွက်ထဲမှာ ရန်ပွဲတွေ၊ လောင်းကစားတွေ၊ ခိုးမှုတွေနဲ့ ဘယ်တုန်းကမှ မပတ်သက်ခဲ့ဖူးဘူး။ ပြီးတော့ စတုတ္ထအချက်ကတော့... ကျွန်တော့်ရဲ့ စိတ်အာရုံ အရပဲ။"
ဆုဘင်းသည် ဒါပေါင်၏ စကားများကြောင့် မရယ်ဘဲ မနေနိုင်တော့ပါချေ။ အတော်ကြာအောင် ရယ်မောပြီးနောက်တွင်မူ... သူမက လေသံကို အသာအယာ နှိမ့်ချလိုက်ရင်း ဆိုလိုက်သည်...
"ဒါပေါင်ရယ်... နင့်ရဲ့ သုံးသပ်ချက်တွေက တကယ့်ကို အကျိုးအကြောင်း ဆီလျော်ပါတယ်။ ဒါပေမဲ့... တကယ်လို့ သူသာ အိမ်ထောင်ကျပြီးသား ဖြစ်နေမယ်ဆိုရင်တော့... ငါတို့ သားအမိတွေအတွက် ရှေ့လျှောက် ဘဝက ခက်ခဲလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ငါတို့ဘာသာ ငါတို့ပဲ ဆက်ပြီး ရပ်တည်သွားရတော့မှာမို့လို့လေ။"
"ဒါက ပြဿနာမဟုတ်ပါဘူး။"
ဒါပေါင်က ခိုင်မာပြတ်သားသော လေသံဖြင့် ဆိုလိုက်ပါတော့သည်။