အခန်း (၃၃) မထိုက်တန်တဲ့ နေရာကို ယူထားတဲ့သူက ဒုက္ခရောက်လိမ့်မယ်
"တကယ်လို့... မင်းကို သဘောကျတဲ့သူက အရှိန်အဝါကြီးတဲ့ သူဌေးကြီးတစ်ယောက် ဖြစ်နေပြီး မင်းအတွက် တောင့်တင်းတဲ့ နောက်ခံအမျိုးသမီး ဖြစ်ပေးနိုင်မယ်ဆိုရင်ကော။ အဲ့ဒါဆိုရင် ဖျော်ဖြေရေးလောကထဲကို သက်သက်သာသာနဲ့ အားစိုက်စရာမလိုဘဲ တက်လှမ်းနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်မနေဘူးလား။" လုဟဲ့ထင်က တိုးညှင်းသော လေသံဖြင့် လှမ်း၍ စမ်းသပ်မေးမြန်းလိုက်သည်။
"အင်း... တကယ်လို့ ကျွန်မကလည်း သူ့ကို ပြန်သဘောကျတယ်ဆိုရင်တော့... သူ့ရဲ့ အကျွေးအမွေးကို ခံယူရင် ခံယူမယ်၊ ဒါမှမဟုတ် ကျွန်မဘာသာ သူ့ကို ပြန်ပြီး ကျွေးမွေးပြုစုရင်လည်း ပြုစုမှာပေါ့။"
ဆုဘင်းက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်၏။
သူမ၏ စကားလုံးများက လုဟဲ့ထင်၏ ရင်ဘတ်တစ်ခုလုံးကို လှိုင်းထန်သွားစေခဲ့သည်။
ထို့နောက် ဆုဘင်း၏ နီမြန်းသော နှုတ်ခမ်းအစုံက အသာအယာ တွန့်ချိုးသွားခဲ့ပြီး…
"ဒါပေမဲ့ ကျွန်မသာ သူ့ကို သဘောမကျဘူးဆိုရင်တော့... သူက ကျွန်မကို ကုဋေကုဋာ ချမ်းသာတဲ့ ငွေတွေပဲ ပေးပေး အပိုပါပဲ။ သူပေးမယ့် အခွင့်အရေးတွေအတွက် ကျွန်မက ဘာပြန်ပေးရမှာလဲ။ ကျွန်မရဲ့ အရည်အချင်းလား။ ကျွန်မမှာသာ တကယ် အရည်အချင်းရှိနေရင် သူ့ကို မှီခိုနေဖို့ ဘာလိုဦးမှာလဲ။ အကယ်၍ ကျွန်မမှာ အရည်အချင်းမရှိဘူးဆိုရင်ကော ဘာနဲ့ သွားလဲရမှာလဲ။ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကိုလား။ မိမိနဲ့ မထိုက်တန်တဲ့ နေရာကို အတင်းလုယူထားတဲ့သူက... တစ်နေ့ကျရင် ပြန်ပြီး ဒုက္ခရောက်ရတတ်တာပဲလေ။ ဒါတင်မကသေးဘူး... ကံကြမ္မာက ပေးသနားလိုက်တဲ့ လက်ဆောင်မွန်တိုင်းဟာ နောက်ကွယ်မှာ တန်ဖိုးတစ်ခု ဖြတ်ပြီးသားဆိုတာ ကြာလှပါပြီ"
လုဟဲ့ထင်သည် ဆုဘင်း၏ စကားများကို တိတ်ဆိတ်စွာ နားထောင်ရင်း... ရင်ခုန်သံများပင် ဗရဗြဲ ဖြစ်သွားခဲ့ရသည်။
သူမသည် အပြင်ပန်းကြည့်လျှင်တော့ မောက်မာပြီး အထိန်းအကွပ်မဲ့ပုံစံမျိုး ပေါက်နေသော်လည်း... လက်တွေ့တွင်မူ အရာရာကို အကွက်စေ့စေ့ဖြင့် အတွေးအခေါ် ထက်မြက်လွန်းလှပေသည်။
သို့သော်ငြားလည်း... သူ့ရင်ထဲ၌ လေးလံထိုင်းမှိုင်းမှုတစ်ခု ဖြတ်ပြေးသွားခဲ့ရပြန်၏။ သူ့၏ စစ်မှန်သော အဆင့်အတန်း ဘီလီယံနာ ဥက္ကဋ္ဌကြီး ဖြစ်မှန်းသာ သိသွားပါက... သူမအနေဖြင့် ထိတ်လန့်သွားပြီး သူ့ထံမှ ဝေးရာသို့ ပြေးထွက်သွားမည်ကို သူ စိုးရိမ်ပူပန်မိသွားသည်။ လွန်ခဲ့သော ငါးနှစ်ကလိုမျိုး သူမကို ထပ်မံ ထွက်ပြေးသွားစေမည့် အဖြစ်မျိုးကို သူ လုံးဝ အဖြစ်မခံနိုင်ပါချေ
ဆုဘင်းက ခေါင်းလေး လှည့်ကာ လုဟဲ့ထင်ကို သေသေချာချာ စိုက်ကြည့်လိုက်ပြီး... ရုတ်တရက် ပြုံးလျက် မေးလိုက်သည်...
"မစ္စတာလု... ရှင်က ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို စပ်စုနေတာလား။"
"ဒီလိုပဲ ပြောရမှာပေါ့။"
"ဒါဆိုရင်... တို့နှစ်ယောက် ဒီအခွင့်အရေးကို သုံးပြီး တစ်ယောက်အကြောင်းတစ်ယောက် ပိုပြီး သိအောင် လုပ်ကြမလား။ ကျွန်မလည်း ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းတွေကို မေးလို့ရမလားဟင်။"
ဆုဘင်းက မေးမြန်းလိုက်၏။ သူမအနေဖြင့် ဤအခြေအနေကို အသုံးချကာ သူ့တွင် လက်ရှိ၌ နောက်ထပ် အမျိုးသမီး ရှိမရှိ ဆိုသည့် အိမ်ထောင်ရေးအခြေအနေကို စုံစမ်းရန် အကောင်းဆုံး အခွင့်အရေးဟု တွေးတောမိလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်တစ်ခေါက်တုန်းကတော့ သူက ဖြေကြားရန် ငြင်းဆန်ခဲ့ဖူးသည်။ ယခုတစ်ကြိမ်တွင်ကော သူ ထပ်မံ ငြင်းဆန်ဦးမည်လား မသေချာချေ။
လုဟဲ့ထင်သည် ဆုဘင်းဘက်က စတင်၍ ရင်းနှီးရန် ကြိုးပမ်းလာမှုကြောင့် စိတ်အခြေအနေ လန်းဆန်းသွားခဲ့ရသည်။ သူသည် အကြည့်ကို ရှေ့သို့ တည့်တည့်စိုက်ထားဆဲဖြင့် နူးညံ့သော လေသံဖြင့် ဆိုလိုက်သည်...
"ဒါဆိုရင်... ဒီနေ့ကစပြီး မင်းကို နေ့တိုင်း ကိုယ် လာကြိုပေးရမလား။"
သူမက တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုသိရှိချင်သည်ဟု ဆိုလာသဖြင့်... သူသည် သူမနှင့်အတူ အချိန်ပိုမို ကုန်ဆုံးစေမည့် နည်းလမ်းကိုသာ ရွေးချယ်လိုက်ခြင်း ဖြစ်၏။
၎င်းသည် မေးခွန်းတစ်ခု ဖြစ်သင့်သော်လည်း... သူ့၏ လေသံမှာမူ ခိုင်မာပြတ်သားလွန်းလှပြီး အကြောင်းပြချက် စေ့စပ်သဖြင့် သူမအနေဖြင့် ငြင်းဆန်ရန် အခွင့်အရေး လုံးဝ မရှိတော့ပါချေ။
လုဟဲ့ထင်၏ အသံသည် ရင့်ကျက်ပြီး ဆွဲဆောင်မှုအပြည့် ရှိလှပေသည်။ ၎င်းသည် တိုတောင်းပြီး ရိုးရှင်းလှသော စကားစုလေးတစ်ခုမျှသာ ဖြစ်သော်လည်း... ဆုဘင်းအတွက်မူ လွန်စွာမှပင် ရင်ခုန်စရာ ကောင်းလွန်းလှသဖြင့် ရင်ဘတ်ထဲမှ နှလုံးခုန်သံများပင် အပြင်သို့ ခုန်ထွက်လုမတတ် ဖြစ်သွားခဲ့ရရှာသည်။
‘စိတ်အေးအေးထားစမ်း... ဆုဘင်း။’
သူမသည် မိမိကိုယ်ကိုယ် သတိပေးရင်း ရင်ဘတ်လေးကို အသာအယာ ပွတ်သပ်နေမိသည်။
သူသည် ယခင်က သူမ၏ တရားဝင် ခင်ပွန်းဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ သို့သော်ငြားလည်း အခုထက်ထိ ထိုအတိုင်း ရှိနေဆဲလား... သို့မဟုတ် သူ့ဘေးနားတွင် အခြားသော အမျိုးသမီးတစ်ဦး ရောက်ရှိနေပြီလားဆိုသည်ကိုမူ သူမ မသိသေးပါချေ။
"ရှင်က ကျွန်မကို နေ့တိုင်း လာကြိုမလို့လား။"
ဆုဘင်းက ကားကိုသာ အာရုံစိုက် မောင်းနှင်နေသော လုဟဲ့ထင်၏ ခန့်ညားလှသော မျက်နှာပြင်ကို စိုက်ကြည့်ရင်း မေးလိုက်၏။
"ဟုတ်တယ်။ ကိုယ် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။"
သူမ၏ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး... ဤအခွင့်အရေးကို အသုံးချကာ သူ့အကြောင်းကို ပိုမိုစုံစမ်းရမည်ဟု တွေးတောမိလိုက်သည်။
သူသည် တကယ့်ကို ယုံကြည်အားကိုးထိုက်သော အမျိုးသားတစ်ဦး ဖြစ်ကြောင်း သေချာမှသာ... သူမအနေဖြင့် ဒါပေါင် လေးကို သူ့ထံသို့ လွှဲပြောင်းပေးအပ်ပြီး သားဖြစ်သူ၏ ဖခင်အရင်းအဖြစ် အသိအမှတ်ပြုခိုင်းရမည် မဟုတ်ပါလား။
လုဟဲ့ထင်က ခေါင်းကို အသာအယာ စောင်းကာ သူမကို လှမ်းကြည့်လိုက်သည့် အခါတွင်မူ... သူမ၏ မျက်ဝန်းအစုံမှ ဖြတ်ပြေးသွားသော ပျော်ရွှင်မှု အရိပ်အယောင်လေးကို သတိပြုမိသွားခဲ့သည်။
၎င်းက သူ့ကို ကြည်နူးသွားစေခဲ့၏။ အမှန်စင်စစ် သူမသည်လည်း သူ့ကို တွေ့ဆုံရခြင်းအပေါ် တစ်နည်းတစ်ဖုံဖြင့် သဘောကျနှစ်သက်နေခဲ့သည် မဟုတ်ပါလား။
ဆုဘင်းက ပြုံးလိုက်ရင်း...
"ရှင်သိလား... ကျွန်မ ရှင့်ကို တကယ် အထင်ကြီးမိတယ်။ ရှင်က အလုပ်အပေါ် အာရုံစိုက်နိုင်တယ်၊ တည်ငြိမ်တယ်၊ ပြီးတော့ ကိုယ်ဖြစ်ချင်တဲ့အရာကို လုပ်နိုင်တဲ့ လွတ်လပ်မှုအတိုင်းအတာတစ်ခုလည်း ရှိတယ်။ သူတစ်ပါးနဲ့ လိုက်ပြီး ဘာမှ လုယူတိုက်ခိုက်နေဖို့ မလိုသလို... ကိုယ့်ရဲ့ အားလပ်ချိန်တွေကိုလည်း အေးအေးလူလူ ဖြတ်သန်းနိုင်တယ်။ ဒါက တကယ်ကို အားကျစရာ ကောင်းပါတယ်။"
သူမအနေဖြင့် ဒါပေါင်လေးသည်လည်း အနာဂတ်တွင် ဖခင်ဖြစ်သူနှင့်အတူ ဤကဲ့သို့ အေးချမ်းပြီး ကောင်းမွန်လှသော ဘဝမျိုးကို ပိုင်ဆိုင် ရှင်သန်သွားစေရန် မျှော်လင့်မိသည်။
သို့သော်ငြားလည်း... ရုတ်တရက်ဆိုသလို ဆုဘင်း၏ အစာအိမ်ထဲမှ ပြင်းထန်သော ကြွက်တက်မှု ဝေဒနာတစ်ခု ခံစားလိုက်ရတော့သည်။
"အင့်... မကောင်းတော့ဘူး။ အစာအိမ်က ပြန်အောင့်လာပြီ။"
မကောင်းသော အတိတ်နိမိတ် အရိပ်အယောင်တစ်ခုက သူမ၏ ရင်ထဲသို့ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။
သူမအနေဖြင့် အမေရိကန်တွင် ရှိနေစဉ်ကတည်းက စတုတ္ထအဆင့် အစာအိမ်ကင်ဆာ ဝေဒနာ ခံစားနေရကြောင်း အတည်ပြုချက် ရရှိခဲ့ပြီးကတည်းက... သူမသည် ဆေးကုသမှု ခံယူရန် လက်လျှော့ထားခဲ့ခြင်း ဖြစ်သည်။ သူမသည် ရံဖန်ရံခါ ပြင်းထန်သော ဝေဒနာ ခံစားရသည့် အချိန်မျိုးမှသာ ဆေးသောက်လေ့ ရှိ၏။
ဆရာဝန်က သူမကို ဓာတုကုထုံး ခံယူရန် အကြံပြုခဲ့ဖူးသော်လည်း... သူမသည် သူမ၏ အဖိုးတန်လှသော နောက်ဆုံးအချိန်များကို ဆေးရုံခုတင်ပေါ်တွင် အလဟဿ မဖြုန်းတီးချင်ပါချေ။ သူမအနေဖြင့် သားလေး ဒါပေါင်အတွက် မှီခိုအားထားရမည့် နောက်ခံတစ်ခုကို အမြန်ဆုံး ရှာဖွေပေးရန် လိုအပ်နေသေးသည် မဟုတ်ပါလား။ ထို့အပြင်... သူမသည် မိမိ၏ လှပလှသော အညိုရောင် လှိုင်းတွန့် ဆံကေသာရှည်များကိုလည်း မဆုံးရှုံးချင်ပါချေ။ သူမသည် ဤလောကကြီးကို စွန့်ခွာမသွားရသေးခင်... မိမိ၏ ရုပ်ပျက်ဆင်းပျက် ဖြစ်နေမည့် ပုံစံမျိုးကို အသည်းအသန် မုန်းတီးလှပေသည်။