အခန်း (၃၂) အကြောင်းပြချက်မဲ့ ထိတ်လန့်တုန်လှုပ်ခြင်း
ဆုဟွေရှန်သည် သူမ၏ နှုတ်ခမ်းအောက်ခြေကို ခပ်ပြင်းပြင်း ကိုက်လိုက်ရင်း စိတ်လှုပ်ရှားမှုကို အမြန်ဆုံး ပြန်လည်ထိန်းချုပ်လိုက်သည်။ "သူမက နောက်တစ်ဆင့် တက်ခွင့်ရရုံပဲ ရှိသေးတာပါ။ နိုင်ငံတကာ ဖက်ရှင်ရှိုး စင်မြင့်ထက်အထိ လျှောက်လှမ်းခွင့် ရသွားတာမှ မဟုတ်တာ။ တကယ်ပဲ သူမက အဲ့ဒီ ရွေးချယ်ခံရမယ့် ကံကောင်းတဲ့ မော်ဒယ်လ် (၅) ယောက်ထဲမှာ ပါသွားလိမ့်မယ်လို့ နင် ထင်နေလို့လား။"
"မဖြစ်နိုင်တာပဲ။"
ချိုးမင်းရွှမ်းက ဆုဟွေရှန်၏ စကားကို နှုတ်ကနေ ထောက်ခံလိုက်သော်လည်း... မော်ဒယ်လ်လောက ကျွမ်းကျင်သူတစ်ဦး၏ အမြင်အရမူ ဆုဘင်းသည် သူမ၏ အဖေတူအမေကွဲ အစ်မဖြစ်သူထက် နိုင်ငံတကာ မော်ဒယ်လ်တစ်ဦးအဖြစ် အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများနေသည်ကို ရင်ထဲကနေ ကောင်းစွာ သိရှိနေခဲ့သည်
ဆုဘင်းသည် ဧည့်ခန်းမကြီးထဲမှ စိတ်အေးလက်အေးဖြင့် ထွက်ခွာလာခဲ့၏။ အိုရီဆာ ဖက်ရှင်ရှိုး၏ မော်ဒယ်လ်ရွေးချယ်မှု စံနှုန်းများသည် အပြင်းထန်ဆုံးနှင့် အမျှတဆုံး ဖြစ်သည်ကို လူတိုင်းသိကြသဖြင့်... မော်ဒယ်လ်အားလုံးအတွက် အခွင့်အရေးကတော့ အညီအမျှပင် ရှိနေပေသည်
ဆုဘင်းအနေဖြင့် နောက်တစ်ဆင့် လူရွေးပွဲအတွက်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိနေခဲ့သည်။
သူမ ဟိုတယ်အပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့ပြီး အငှားကား တစ်စီးကို လှမ်းတားရန် ပြင်လိုက်စဉ်မှာပင်... မနက်ပိုင်းက သူမကို လိုက်ပို့ပေးခဲ့သည့် ဘန်တလေ ကားကြီးက သူမ၏ အနားသို့ ဆိုက်ရောက်လာခဲ့တော့သည်
"ကားပေါ်တက်။"
ကားမှန်တံခါး ပွင့်သွားသည့်အခါတွင်မူ... လုဟဲ့ထင်၏ ခန့်ညားချောမောလှသော ဘေးတစ်စောင်း မျက်နှာသွင်ပြင်က ပေါ်ထွက်လာခဲ့၏။
"မစ္စတာလု... ရှင် အခုထက်ထိ မပြန်သေးဘူးလား"
ဆုဘင်းက အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်မိသည်။
လူရွေးပွဲက နာရီပေါင်းများစွာ ကြာမြင့်ခဲ့သဖြင့်... အခုဆိုလျှင် မွန်းလွဲပိုင်းပင် ရောက်ရှိနေခဲ့ပြီ မဟုတ်ပါလား။
သို့သော်လည်း... လုဟဲ့ထင်သည် မပြန်ဘဲ စောင့်ဆိုင်းနေခဲ့ရုံသာမက၊ စောင့်ကြည့်ကင်မရာ မှတစ်ဆင့် သူမ ကြုံတွေ့နေရသည့် အခက်အခဲကို သိရှိသွားခဲ့ပြီး အချိန်မီပင် ကန့်သတ်ထုတ်ကုန် အဖိုးတန်ဖိနပ်ကို လှမ်း၍ ပေးပို့ ကူညီခဲ့ခြင်း ဖြစ်သည်
သူမတစ်ယောက် ခြေကျိုးမတတ် ချော်လဲလုနီးပါး ဖြစ်သွားခဲ့သည်ကို မြင်လိုက်ရသည့် ထိုစက္ကန့်ပိုင်းလေးအတွင်း... သူ့ရင်ထဲ၌ အကြောင်းပြချက်မရှိဘဲ ထိတ်လန့်တုန်လှုပ်ခြင်း ဝေဒနာက စိုးမိုးသွားခဲ့ရသည်
သူမသည် သူ့အတွက် သူတွေးထားသည်ထက် ပိုမိုအရေးပါနေခဲ့ပြီ ဖြစ်ကြောင်း သက်သေပြလိုက်သကဲ့သို့ပင်။
သူ့၏ ဆွဲဆောင်မှုရှိပြီး ပါးလွှာသော နှုတ်ခမ်းအစုံက အသာအယာ တွန့်ချိုးသွားခဲ့ရင်း... "အလုပ်တွေ အရမ်းများနေတဲ့ ကြားထဲကနေ... ကိုယ့်အတွက် အားလပ်တဲ့ အချိန်လေးတစ်ခုကို ရှာဖွေလိုက်တာပါ။"
ဆုဘင်း ကားပေါ်သို့ တက်လိုက်ပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားခဲ့ပြီး လှမ်း၍ မေးမြန်းလိုက်သည်...
"မစ္စတာလု... ခုနက ကျွန်မဆီကို ဖိနပ်တစ်စုံ လာပေးခိုင်းတာ ရှင့်လူပဲ မဟုတ်လား။"
"ဟုတ်တယ်။"
"အဲ့ဒီဖိနပ်က အရမ်းကို ဈေးကြီးလွန်းတယ်ဗျာ။ ဒါပေမဲ့ ကျွန်မရဲ့ အခက်အခဲကို ဖြေရှင်းပေးခဲ့တဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်နော်။"
သူမက သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူသည် လုအုပ်စု တွင် အလုပ်လုပ်ကိုင်နေသည်ဆိုသော်လည်း... သာမန် ကားမောင်းသမားတစ်ဦးအနေဖြင့် ဤမျှလောက်အထိ အဆင်တန်ဆာ ဈေးကြီးလွန်းသော ဖိနပ်တစ်စုံကို ဝယ်ယူနိုင်ရန်မှာ ဘယ်လိုမှ မလွယ်ကူနိုင်ပါချေ။
"မင်းကို ကူညီခွင့်ရတာ... ကိုယ့်အတွက်တော့ ဂုဏ်ယူစရာတစ်ခုပါ။"
ထိုအခါ ဆုဘင်းက ပြုံးလိုက်ရင်း ထပ်မံစူးစမ်းလိုက်သည်...
"ဒါနဲ့... ရှင်က ကျွန်မရဲ့ ဖိနပ်ဆိုဒ်ကို ဘယ်လိုလုပ် သိနေတာလဲ။"
"မော်ဒယ်လ်တွေရဲ့ အချက်အလက်တွေကို တရားဝင် ဝဘ်ဆိုက်ပေါ်မှာ တင်ထားတာပဲ မဟုတ်လား။"
ဆုဘင်း ခဏမျှ စဉ်းစားကြည့်ပြီးနောက် ခေါင်းညိတ်လိုက်မိသည်။
သူမအနေဖြင့် သူ့၏ စေတနာနှင့် ကြင်နာမှုကို ရင်ထဲကနေ အသိအမှတ်မပြုဘဲ မနေနိုင်ပါချေ။ သူမသည် ဘဝတွင် ဤဖိနပ်ထက် အဆပေါင်းများစွာ ပိုမိုဈေးကြီးလှသော လက်ဆောင်များစွာကို လက်ခံရရှိဖူးသော်လည်း... ဤမျှလောက်အထိ သူမ၏ နှလုံးသားကို နွေးထွေးသွားစေခဲ့သည့် လက်ဆောင်မျိုးမူ အလွန်ပင် ရှားပါးလှပေသည်
အပြင်ပန်းကြည့်လျှင်တော့ ဤလူသားသည် အေးစက်တည်ငြိမ်လှသော်လည်း... သူ့၏ ဂရုစိုက်တတ်မှုနှင့် အကဲခတ်ညဏ် ထက်မြက်မှုတို့က သူမ၏ ရင်ဘတ်ကို တကယ့်ကို ထိမှန်သွားစေခဲ့သည်။
သူမက လက်ထဲတွင် ကိုင်ဆောင်ထားသော ဖိနပ်ဘူးကို သူ့ထံသို့ လှမ်းပေးလိုက်ရင်း ဆိုလိုက်သည်…
"ကျွန်မ ဒါကို မိနစ်အနည်းငယ်ပဲ စီးခဲ့ရသေးတာ။ ပြီးတော့ အကောင်းတိုင်း ပြန်သိမ်းထားတာဆိုတော့ ဘာအစွန်းအထင်းမှလည်း မရှိပါဘူး။ ရှင် ဒီဖိနပ်ကို ဘယ်ကနေ ဝယ်ခဲ့တာလဲဟင်။ ဆိုင်ကို သွားပြီး ပြန်လဲလို့ရရင် လဲလိုက်ရအောင်လေ။"
"ဒါက ဖိနပ်တစ်စုံသက်သက်ပဲဥစ္စာ။ ကိုယ်က ပိုက်ဆံအများကြီး မရှာနိုင်ဘူးဆိုပေမဲ့... ဖြုန်းတီးတတ်တဲ့လူလည်း မဟုတ်ပါဘူး။ မင်းနဲ့ ဒီလောက်အထိ ကွက်တိဖြစ်နေမှတော့... ဒါက မင်းပိုင်တဲ့အရာပဲ ဖြစ်သင့်တာပေါ့။"
ဆုဘင်းက ခေါင်းကို ခါယမ်းလိုက်ရင်း...
"မဖြစ်နိုင်တာ မစ္စတာလုရယ်။ ရှင် ဘယ်ကဝယ်ခဲ့လဲဆိုတာသာ ကျွန်မကို ပြောပြပါ။ ကျွန်မကိုယ်တိုင် ဆိုင်ကိုသွားပြီး ပိုက်ဆံပြန်အမ်းခိုင်းပေးပါ့မယ်။"
ဆုဘင်းသည် အမြဲတမ်း သဘောထားပြည့်ဝပြီး ရက်ရောတတ်သူတစ်ဦး ဖြစ်သည်။ သူမကို ချမ်းသာကြွယ်ဝသော မိသားစုမှ မွေးဖွားလာခဲ့ခြင်း ဖြစ်သဖြင့်... ယခင်က ပိုက်ဆံနှင့် ပတ်သက်ပြီး ဘယ်တုန်းကမှ ပူပန်ခဲ့ရဖူးခြင်း မရှိပါချေ။
သို့သော်လည်း... သူမတွင် အစာအိမ်ကင်ဆာ ဝေဒနာ ရှိနေကြောင်း သိရှိလိုက်ရသည့် အချိန်မှစ၍ သူမ၏ အမြင်များစွာ ပြောင်းလဲသွားခဲ့ရသည်။ ဒါပေါင် လေးက ငယ်ပါသေးသည်၊ သူ့တွင် ရှင်သန်ရမည့် အနာဂတ် နှစ်ပေါင်းများစွာ ကျန်ရှိနေသေး၏။ သူမအနေဖြင့် သားလေး၏ အနာဂတ်အတွက် ပိုက်ဆံကို အတတ်နိုင်ဆုံး စုဆောင်းထားရမည် မဟုတ်ပါလား။
ဆုဘင်းတစ်ယောက် ဖိနပ်ကို လုံးဝ လက်ခံမည့်ပုံမပေါ်သည်ကို မြင်လိုက်ရသည့်အခါ... လုဟဲ့ထင်သည် တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေသကဲ့သို့ မျက်မှောင်အသာ ကြုတ်လိုက်မိသည်။
"မစ္စဆု... တို့နှစ်ယောက် မင်္ဂလာဆောင်တဲ့နေ့မှာပဲ မင်း ကိုယ့်ကို ထားခဲ့တုန်းက... ကိုယ် မင်းကို မကျွေးမွေးနိုင်မှာကို ကြောက်နေခဲ့လို့လား"
လုဟဲ့ထင်သည် ထိုအတိတ်ဆိုးကြီးကို ပြန်လည်တွေးတောမိရင်း ရင်ထဲက ခံစားချက်များကို အတတ်နိုင်ဆုံး ဖိနှိပ်ချုပ်တည်းထားရသည်။ ကြည့်ရသည်မှာ... သူသည် လွန်ခဲ့သော (၅) နှစ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စအပေါ် အခုထက်ထိ စိတ်နာကျည်းနေဆဲ ဖြစ်ပုံရ၏။
"ကျွန်မကို ကျွေးမွေးဖို့ ဟုတ်လား။"
ဆုဘင်းက ခေါင်းလေးကို ဘေးသို့ အသာအယာ စောင်းလိုက်မိသည်။ သူမ၏ အညိုရောင် လှိုင်းတွန့် ဆံကေသာရှည်များက သူမ၏ သေးငယ်လှပသော မျက်နှာလေးကို ဝန်းရံထားသဖြင့် ပိုမို၍ပင် ချစ်စရာ ကောင်းနေခဲ့၏
"ဘာဖြစ်လို့ ရှင်က ကျွန်မကို ကျွေးမွေးရမှာလဲ။ ဘယ်သူကမှ ကိုယ့်ဘေးနားမှာ အမြဲတမ်း ရှိနေပေးနိုင်တာ မဟုတ်ဘူးလေ။ ပြီးတော့ သူတစ်ပါးရဲ့ အရိပ်အောက်မှာ ခိုလှုံပြီး အကျွေးမွေးခံရတဲ့ ဘဝမျိုးကို ကျွန်မ လုံးဝ သဘောမကျဘူး။ ကျွန်မဘာသာ ကျွန်မ ရပ်တည်နိုင်ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး ကိုယ်တိုင်ရှာတဲ့ ပိုက်ဆံကို ကိုယ်ကြိုက်သလို သုံးရတာက... ပိုပြီးတော့ လန်းဆန်းစရာ ကောင်းတာပေါ့"