အခန်း (၃၁) ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်ရတာလဲ
လျှောင်ယူဟွေ၏ နှုတ်ခမ်းများနှင့် လက်အစုံတို့သည် တုန်တုန်ရင်ရင် ဖြစ်နေခဲ့ရသည်။ မိမိအနေဖြင့် ဤမျှလောက်အထိ မိုက်မဲလှသော အလုပ်မျိုးကို ဘယ်လိုလုပ် ကျူးလွန်မိခဲ့ရပါသနည်း။
"ဒါဆိုရင်... ဘာဖြစ်လို့ အခုအချိန်ကျမှ ဒါတွေကို ကျွန်မကို လာပြောပြနေရတာလဲ။"
သူမ၏ လေသံမှာ အားအင်ချည်းနဲ့ကာ တိုးညှင်းလှပြီး၊ ခုနကတုန်းကလို ရန်လိုစော်ကားချင်သော အမူအရာမျိုး လုံးဝ မရှိတော့ပါချေ
"ဘာလို့လဲဆိုတော့... အခုအချိန်မှာ ဒါကို ပြောပြဖို့ လိုအပ်ပြီလို့ ငါ ထင်လို့ပဲ။"
ဆုဘင်း၏ စွဲမက်ဖွယ်ကောင်းသော မျက်ဝန်းအစုံတွင် တည်ငြိမ်မှုနှင့် သဘောထားကြီးမှု အရိပ်အယောင်များ ထင်ဟပ်နေခဲ့သည်။
လျှောင်ယူဟွေသည် သူမ၏ ကိုယ်ပိုင်ပစ္စည်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိဆဲဖြစ်ပြီး၊ ဆုဘင်းကမူ လှည့်ကာ တည်ငြိမ်စွာပင် ထွက်ခွာသွားခဲ့တော့သည်။ သူမ၏ ဒေါက်ဖိနပ်သံ တကောက်ကောက်က ကြမ်းပြင်ပေါ်တွင် မြည်ဟည်းကျန်ရစ်ခဲ့ပြီး လျှောင်ယူဟွေ၏ အာရုံကြောများကို လှုပ်ခတ်သွားစေခဲ့၏။
ဧည့်ခန်းမကြီး အတွင်း၌မူ ရလဒ်များကို စောင့်ဆိုင်းနေကြသော လူအုပ်ကြီးဖြင့် ပြည့်နှက် စည်ကားနေခဲ့ပြီ ဖြစ်သည်။
ဒုတိယအဆင့် လူရွေးပွဲသို့ မော်ဒယ်လ်အယောက် (၂၀) သာ တက်လှမ်းခွင့် ရရှိကြမည် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းသည် နိုင်ငံတကာ စင်မြင့်ထက်သို့ လျှောက်လှမ်းခွင့်ရမည့် ဤအဖိုးတန် အခွင့်အရေးကြီးကို မည်သူများ ရရှိသွားမလဲဆိုသည်ကို ရင်တမမဖြင့် စိုးရိမ်တကြီး စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။
ဆုဘင်း စင်နောက်ကွယ်ကနေ လျှောက်လှမ်းထွက်လာသည့် အချိန်တွင်မူ... သူမ၏ မျက်နှာထက်က အပြုံးကို ဖျောက်ဖျက်လိုက်ပြီး အေးစက်ခက်ထန်သော အမူအရာသို့ ပြောင်းလဲလိုက်သည်။
"ဆုဘင်း ထွက်လာပြီ!"
ချိုးမင်းရွှမ်းက ဆုဟွေရှန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး သတိပေးလိုက်၏။
ဆုဟွေရှန်က စိတ်ရင်းမှန်ရှိဟန်ဖြင့် ဟန်ဆောင်အပြုံးတစ်ခုကို ဆင်ယင်ကာ စိုးရိမ်ပူပန်ဟန်ဖြင့် လှမ်းမေးလိုက်သည်... "ဆုဘင်း... အားလုံး အဆင်ပြေရဲ့လား။"
ဆုဘင်းက ဘာမှမဖြစ်သကဲ့သို့ပင် ခပ်အေးအေး ခေါင်းညိတ်ပြလိုက်၏
ထိုအခါမှ ဆုဟွေရှန်တစ်ယောက် စိတ်ကျေနပ်သွားတော့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ဆုဘင်း၏ ကိစ္စက ပေါက်ကြားသွားခဲ့ပြီဖြစ်ပြီး၊ ကွန်ဒွန်ပြဿနာက အလုပ်ဖြစ်သွားခဲ့ပြီဟု တွေးတောမိလိုက်၏။
‘ဆုဘင်း... နင်က ငါ့ကို ယှဉ်နိုင်တဲ့ အဆင့် မဟုတ်ပါဘူးအေ။’
သူမ ရင်ထဲကနေ သရော်ကျိန်ဆဲနေမိသည်။
မန်နေဂျာ ချိုးမင်းရွှမ်းက မတ်တတ်ရပ်လိုက်ပြီး ဆုဘင်း၏ အနားသို့ ပြုံးရွှင်စွာဖြင့် တိုးကပ်လာကာ…
"စိတ်မကောင်းမဖြစ်ပါနဲ့ ဆုဘင်းရယ်။ နင်က ငယ်ပါသေးတယ်။ အခုတစ်ခေါက် ကျရှုံးသွားလည်း နောက်နောင်ကျရင် ထပ်ပြီး ကြိုးစားလို့ ရတာပဲဥစ္စာ။"
"ကျွန်မ ကျရှုံးမယ်ဆိုတာ မမမင်းရွှမ်းက ဘယ်လိုလုပ် ဒီလောက်အထိ အပိုင်တွက်နေရတာလဲဟင်။"
ဆုဘင်းက တောက်ပစွာ ပြုံးလိုက်ရင်း စူးစမ်းချင်စိတ်ဖြင့် ပြန်လည်မေးမြန်းလိုက်၏။
"မော်ဒယ်လ်တစ်ယောက်က ပွဲအောင်မအောင်ဆိုတာ သူမရဲ့ အဆင့်အတန်း အရည်အချင်းပေါ်မှာ အများကြီး မူတည်နေတာလေ။ အဲ့ဒါကြောင့် ငါက ခန့်မှန်းကြည့်ရုံသက်သက်ပါပဲ။"
ချိုးမင်းရွှမ်း၏ မျက်နှာကတော့ တည်ငြိမ်နေဆဲ ဖြစ်သည်။
ဆုဘင်း၏ နှုတ်ခမ်းထောင့်လေးများ ပိုမိုတွန့်ချိုးသွားခဲ့ပြီး အကြည့်ကို အသာအယာ လွှဲလိုက်တော့၏။
"အောင်စာရင်း ထွက်ပြီ!"
တစ်ယောက်သောသူက လှမ်း၍ အော်ဟစ်လိုက်သည်။
လူတိုင်း၏ အကြည့်များက စခရင်မျက်နှာပြင်ကြီး ဆီသို့ ကွက်တိ ကျရောက်သွားကြတော့၏။
ဤအောင်စာရင်း ထုတ်ပြန်ချက်သည် မျှတပြီး လူထုရှေ့မှောက်တွင် လုံးဝ ပွင့်လင်းမြင်သာမှု ရှိလှပေသည်။
ဒုတိယအဆင့်သို့ တက်လှမ်းခွင့်ရရှိသွားသော အောင်မြင်သူ အယောက် (၂၀) ၏ နာမည်များသည် စခရင်ပေါ်တွင် တစ်ဦးပြီးတစ်ဦး ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။
ပထမဆုံး နာမည် (၁၀) ခုမှာမူ... နိုင်ငံတကာ စင်မြင့်ထက်တွင် နေရာတစ်နေရာစာ ရရှိထားကြပြီးသား ဖြစ်သည့် S နိုင်ငံ၏ ထိပ်သီး စူပါမော်ဒယ်လ်ကြီးများ ဖြစ်ကြသည်။ အချို့က ရလဒ်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသော်လည်း၊ အချို့ကမူ သက်ပြင်းချရင်း ရင်တမမဖြင့် ဆက်လက် စောင့်ဆိုင်းနေကြရ၏။
(၁၃) ယောက်မြောက် နာမည် ပေါ်ထွက်လာသည့် အချိန်တွင်မူ... ချိုးမင်းရွှမ်းက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်တော့သည်...
"ဂုဏ်ယူပါတယ် ဟွေရှန်ရေ။ နင် ဒုတိယအဆင့်ကို တက်ခွင့်ရသွားပြီ။"
ဆုဟွေရှန်သည်လည်း စခရင်ပေါ်တွင် မိမိ၏ နာမည်ကို မြင်လိုက်ရသဖြင့် လွန်စွာ ဝမ်းမြောက်မိကာ မတ်တတ်ထရပ်လိုက်မိသည်။ သူမအနေဖြင့် နေ့ရောညပါ အပတ်တကုတ် လေ့ကျင့်ခဲ့ရသည်မှာ အလကားမဖြစ်ခဲ့ပါချေ။ မိမိကိုယ်ကိုယ် ပြင်းပြင်းထန်ထန် စည်းကမ်းချခဲ့ရသည်မှာ မှန်ကန်ခဲ့ပြီး၊ ယနေ့တွင် ဤကဲ့သို့သော ရလဒ်ကောင်းကို ရရှိရန်အတွက် တန်ဖိုးရှိလှပေသည်
သူမက နူးညံ့စွာ ပြုံးလိုက်ရင်း…
"ငါတို့ သွားကြရအောင်။"
"သွားစို့ ဆုဘင်း... နင်လည်း လိုက်ခဲ့တော့လေ။"
ချိုးမင်းရွှမ်းက ဆုဘင်းကို လှမ်း၍ ဆိုလိုက်၏။
ချိုးမင်းရွှမ်းနှင့် ဆုဟွေရှန်တို့ စကားပြောနေကြစဉ်မှာပင်... စခရင်ပေါ်တွင် (၁၈) ယောက်မြောက် မော်ဒယ်လ်၏ နာမည် ပေါ်ထွက်နေခဲ့ပြီ ဖြစ်သည်
ဤအခြေအနေအထိဆိုလျှင်တော့... ဆုဘင်းတစ်ယောက် ကျရှုံးသွားခဲ့ပြီမှာ သေချာသလောက် ရှိနေပြီ မဟုတ်ပါလား။
ထို့ကြောင့် ဆုဘင်းက အဆုံးအထိ ဆက်လက်စောင့်ကြည့်ချင်သေးသည်ကို သိသော်လည်း... ချိုးမင်းရွှမ်းက ဆုဟွေရှန်ကို ခေါ်ဆောင်ကာ ထွက်ပေါက်ဆီသို့ ဦးတည် လျှောက်လှမ်းသွားတော့သည်
သူတို့နှစ်ဦးလုံးက ဆုဘင်းတစ်ယောက် ပွဲအောင်လိမ့်မည်ဟု လုံးဝ မယုံကြည်ကြပါချေ။ သူမအနေဖြင့် ဤနေရာတွင် ဆက်လက်ရပ်တည်ပြီး ရလဒ်ကို အဆုံးအထိ စောင့်ကြည့်နေဦးမည်ဆိုလျှင်လည်း အချိန်ဖြုန်းနေခြင်းသက်သက်သာ ဖြစ်ပေလိမ့်မည်။
သို့သော်ငြားလည်း... ကွက်တိပင် ရုတ်တရက်ဆိုသလို လူအုပ်ကြီးကြားထဲမှ တိုးတိုးတိတ်တိတ် ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်... "ဒီဆုဘင်းဆိုတာ ဘယ်သူလဲဟ။ နာမည်က သိပ်မရင်းနှီးဘူး။ တစ်ခါမှလည်း မကြားဖူးပါဘူး။"
"ခုနတုန်းက အဖိုးတန် ဖိနပ်အိတ်ကြီးကို လက်ခံရရှိသွားတဲ့ မော်ဒယ်လ်လေ။ နင် မကြားမိဘူးလား။"
ဆုဟွေရှန်တစ်ယောက် မသိစိတ်၏ လှုံ့ဆော်မှုဖြင့် လှည့်ကြည့်လိုက်မိသည့် အခါတွင်မူ... ဒုတိယအဆင့်သို့ တက်လှမ်းခွင့်ရရှိသွားသော နောက်ဆုံး အယောက် (၂၀) မြောက် နာမည်ကြီးကို စခရင်မျက်နှာပြင်ပေါ်တွင် အထင်အရှား မြင်တွေ့လိုက်ရတော့သည်။ ထိုမော်ဒယ်လ်မှာ အခြားသူမဟုတ်... ဆုဘင်း ဖြစ်နေခဲ့လေပြီ။
ဆုဘင်း?
ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်ရမှာလဲ။ သူမက ဘာဖြစ်လို့ နောက်တစ်ဆင့်ကို တက်လှမ်းခွင့် ရသွားရတာလဲ။
မန်နေဂျာ ချိုးမင်းရွှမ်းတစ်ယောက် ဆွံ့အမှင်တက်သွားမိရင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်မိပါတော့သည်... "သူမက... သူမက ဘယ်လိုနည်းနဲ့ ဒီပွဲကို အောင်သွားရတာလဲ။"