အခန်း (၃၀) နင့်ကို ပြောပြနေဖို့ မလို အပ်လို့ပဲ
ဆုဘင်း၏ နောက်မှ လူရွေးပွဲခန်းမထဲသို့ ဝင်သွားကြသည့် မော်ဒယ်လ်များ တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်လာကြသော်လည်း... ဆုဟွေရှန်သည် ဆုဘင်း၏ အရိပ်အယောင်ကိုမူ အခုထက်ထိ မတွေ့ရသေးပါချေ။
"မင်းရွှမ်း... အထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ သွား စုံစမ်းကြည့်စမ်း။"
ဆုဟွေရှန်က အမိန့်ပေးလိုက်သည်။
ချိုးမင်းရွှမ်းသည် ချက်ချင်းပင် စင်နောက်ကွယ်က နေရာဆီသို့ ပြေးသွားတော့၏။ ခေတ္တမျှ လိုက်လံရှာဖွေပြီးနောက်တွင်မူ သူမသည် ဆုဘင်းကို ရှာမတွေ့ခဲ့သော်လည်း... ထိုအရာထက် ပိုမိုပေါက်ကွဲအားပြင်းလှသော သတင်းကြီးတစ်ခုကိုမူ ကြားသိလာခဲ့ရသည်။ "ဟွေရှန်... နင် ကြားပြီးပြီလား။ မော်ဒယ်လ်တစ်ယောက်က ဒိုင်လူကြီးတစ်ယောက်ဆီကို ကွန်ဒွန် တွေ ထည့်ထားတဲ့ လက်ဆောင်ဘူးတစ်ဘူးကို တိုးတိုးတိတ်တိတ် သွားပေးခဲ့တယ်လို့ ပြောနေကြတယ်။ အဲ့ဒါကြောင့် အဲ့ဒီမော်ဒယ်လ်က ပထမအဆင့် လူရွေးပွဲမှာတင် ပါဝင်ယှဉ်ပြိုင်ခွင့် အရည်အချင်း အပယ်ခံလိုက်ရပြီတဲ့။"
"ဟုတ်တယ်... ငါလည်း ကြားတယ်။"
ဧည့်ခန်းမကြီး ထဲရှိ လူတိုင်းကလည်း ဤအကြောင်းအရာကိုသာ ထပ်တူထပ်မျှ ဝိုင်းဝန်းဆွေးနွေးနေကြပြီး... သူတို့၏ အတင်းတုပ်သံများက ဆုဟွေရှန်၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
"ဒါက သေချာပေါက် ဆုဘင်းပဲ ဖြစ်ရမယ်၊ ဟုတ်တယ်မလား။ အဲ့ဒီလို ငတုံးမမျိုးကမှ ဒီလိုအလုပ်မျိုးကို လုပ်ဝံ့တာလေ။ တခြားဘယ်သူကမှ သူမလောက် မအူမလည်နိုင်ဘူး။" ချိုးမင်းရွှမ်းက ဆိုလိုက်၏။
ဆုဟွေရှန်သည် သူမ၏ မျက်နှာထက်တွင် နူးညံ့သောအပြုံးကို ဆက်လက်ဆင်ယင်ထားဆဲ ဖြစ်သည်။ ဆုဘင်းတစ်ယောက် အခုထက်ထိ ပြန်ထွက်မလာသေးသည်ကို ထောက်ဆရလျှင်... ထိုမိန်းမက ဆုဘင်းပဲ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း... ဤကိစ္စက လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဖြစ်ပျက်ခဲ့ခြင်း မဟုတ်ပါလား။ ဘာဖြစ်လို့ အခုအချိန်ကျမှ လူသိရှင်ကြား ဖြစ်လာရတာလဲ။
"ငါ့အထင်တော့... အဲ့ဒီဒိုင်လူကြီးက ဆုဘင်းကို လူတကာရဲ့ ရှေ့မှောက်မှာ သင်ခန်းစာ အကြီးအကျယ် ပေးချင်လို့ အခုအချိန်ကျမှ လူသိရှင်ကြား ထုတ်ပြောလိုက်တာ ထင်တယ်။" ချိုးမင်းရွှမ်းက သုံးသပ်ပြလိုက်၏။
ဆုဟွေရှန်က ခေါင်းညိတ်လိုက်ရင်း... "အေးလေ... ဒါဆိုရင်လည်း ငါတို့ ရလဒ်ထွက်လာတဲ့အထိ စောင့်ကြည့်ကြတာပေါ့။"
ဆုဘင်းတစ်ယောက် ဒီနေ့ပွဲမှာ ဘယ်လောက်ပဲ ထင်ပေါ်ကျော်ကြားနေပါစေ၊ လျှောင်ယူဟွေကို ဘယ်လောက်ပဲ အရှက်ခွဲပြီး အပြစ်ပေးနိုင်ခဲ့ပါစေ... နောက်ဆုံးမှာတော့ သူမက ဒီပွဲကနေ အရှက်တကွဲ နှင်ထုတ်ခံရဦးမှာပဲ မဟုတ်ပါလား။
ဧည့်ခန်းမထဲရှိ အခြားသော မော်ဒယ်လ်များကလည်း ဤကိစ္စကို ဆက်လက်၍ ဝိုင်းဝန်းအတင်းတုပ်နေကြဆဲ ဖြစ်ပေသည်... "ဘယ်သူကများ ဒီလောက်အထိ အရှက်မရှိဘဲ ဒါမျိုးကို လုပ်ဝံ့ရတာလဲမသိဘူး။ S နိုင်ငံက မော်ဒယ်လ်တွေအားလုံးအတွက် သိက္ခာကျစရာပဲ။"
"ဒီလိုအလုပ်မျိုးကို လုပ်ဝံ့တဲ့သူကတော့... မိမိကိုယ်ကိုယ် သေတွင်းတူးလိုက်တာနဲ့ အတူတူပဲ။ ဘာပဲဖြစ်ဖြစ်... ငါတို့ကို ပြဿနာမပတ်သရွေ့တော့ သူ ဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူး။"
အမှန်စင်စစ်တွင်မူ ဆုဘင်းသည် ပထမအဆင့် လူရွေးပွဲကို ပြီးမြောက်အောင် စွမ်းဆောင်ခဲ့ပြီးပြီ ဖြစ်သော်လည်း... သူမသည် ဧည့်ခန်းမကြီးသို့ မသွားဘဲ နောက်တန်း ထောက်ပံ့ရေးဌာန (Logistics Department) ၏ ရုံးခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့ခြင်း ဖြစ်သည်။
ရုံးခန်းအတွင်း၌... လျှောင်ယူဟွေ တစ်ယောက် သူမ၏ ကိုယ်ပိုင်ပစ္စည်းများကို သိမ်းဆည်းနေခဲ့သည်။ သူမသည် ဖိနပ်အနည်းငယ်ကို တမင်တကာ ဖျက်ဆီးခဲ့ပြီး မော်ဒယ်လ်တစ်ဦးကိုပါ ထိခိုက်ဒဏ်ရာရအောင် ကြံစည်ခဲ့သဖြင့်... ကြီးကြပ်ရေးမှူးက သူမအား အလုပ်မှ ထုတ်ပယ်လိုက်ခြင်း ဖြစ်ပေသည်။
သူမ ပစ္စည်းများ သိမ်းဆည်းပြီးနောက် မော့ကြည့်လိုက်သည့်အခါ... မိမိ၏ ရှေ့မှောက်တွင် မတ်မတ်ရပ်နေသော ဆုဘင်းကို မြင်တွေ့လိုက်ရ၏။
သူမက နှာခေါင်းရှုံ့လျက် သရော်လိုက်သည်... "မစ္စဆု... ရှင်က ကျွန်မရဲ့ အဖြစ်ဆိုးကို လာပြီး လှောင်ပြောင်ချင်လို့ ရောက်လာတာလား။"
"အင်း... ငါကတော့ ဒါကို ရယ်စရာတစ်ခုလို့ မမြင်မိပါဘူး၊ နင့်အတွက်ကော ရယ်စရာဖြစ်နေလို့လား။" ဆုဘင်းက ပြန်လည်မေးမြန်းလိုက်သည်။ သူမ၏ ပုံစံကတော့ အမြဲတမ်းအတိုင်း ဂုဏ်သရေရှိပြီး တည်ငြိမ်လွန်းလှ၏။
"ဒါဆိုရင် ရှင်က ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ။"
"နင် ခုနက လုပ်ခဲ့တဲ့အလုပ်က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ အလုပ်တစ်ခုလို့ နင် ထင်နေတာလား။ ဆုဟွေရှန်အတွက်နဲ့ နင့်ရဲ့ ကိုယ်ပိုင်အနာဂတ်ကိုပါ ရိုက်ချိုးပစ်လိုက်ရတာ... သူမက အဲ့ဒီလောက်အထိ တန်ဖိုးရှိလို့လား။"
လျှောင်ယူဟွေတစ်ယောက် ဆွံ့အသွားခဲ့ရပြီး... "သူမက ကျွန်မအပေါ် အမြဲတမ်း ကောင်းခဲ့တာ။ တခြားသော သူဌေးသမီးကြီးတွေလိုမျိုး ကျွန်မကို အစေခံရဲ့ သမီးဆိုပြီး ဘယ်တုန်းကမှ နှိမ့်ချမဆက်ဆံခဲ့ဖူးဘူး။ ကျွန်မကို အမြဲတမ်း အောက်ခြေလူတန်းစားလိုမျိုး နှာခေါင်းရှုံ့ အထင်သေးတတ်တဲ့ တချို့ မိန်းမတွေနဲ့ မတူဘူး!"
"လျှောင်ယူဟွေ... ငါ့ကို ရိုးရိုးသားသား ဖြေစမ်း။ နင်ကော နင့်ရဲ့ မိခင်အရင်းအပေါ်မှာ တန်ဖိုးထားရဲ့လား။"
လျှောင်ယူဟွေတစ်ယောက် စကားပြန်မဆိုနိုင်ဘဲ တစ်ဆို့သွားခဲ့ရပြန်သည်။
"လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက... နင့်အမေရဲ့ နာတာရှည် သွေးရောဂါအတွက် လိုအပ်တဲ့ အခမဲ့ ဆေးဝါးတွေကို ဘယ်သူက နောက်ကွယ်ကနေ ကူညီပေးခဲ့တယ်လို့ ထင်နေလဲ။ အဲ့ဒါ ငါ့အမေက ကူညီပေးခဲ့တာ၊ ပြီးတော့ ငါက ဆက်ပြီး ကူညီပေးခဲ့တာ။"
ဆုဘင်းက တည်ငြိမ်အေးဆေးစွာဖြင့်ပင် အမှန်တရားကို ဖွင့်ဟလိုက်သည်...
"ငါနဲ့ ငါ့အမေက ဒီလို ကျေးဇူးဆပ်တဲ့ ကိစ္စမျိုးတွေကို လူကြားထဲ ထုတ်ပြောနေဖို့ မလိုလားကြလို့ပဲ။"
ဤစကားကို ကြားလိုက်ရသောအခါ လျှောင်ယူဟွေ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရတော့သည်... "တကယ်လား... ဒါဆိုရင် ဘာဖြစ်လို့ ရှင်က ကျွန်မကို ဒါမျိုးတစ်ခါမှ မပြောပြခဲ့ရတာလဲ။"
"နင့်ကို လိုက်ပြီး ပြောပြနေဖို့ မလိုအပ်လို့ပဲ။" ဆုဘင်းက အေးစက်တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်၏။ သူမ၏ ပုံစံကို ကြည့်ရုံဖြင့်ပင်... မိမိပြုလုပ်ခဲ့သော ကောင်းမှုကုသိုလ်အပေါ် သူတစ်ပါးထံမှ မည်သည့် အသိအမှတ်ပြုမှုနှင့် အကျိုးအမြတ်ကိုမျှ မျှော်ကိုးခြင်းမရှိဘဲ ရိုးသားစွာ ကူညီခဲ့ခြင်းမှန်း ထင်ရှားလှပေသည်။
လျှောင်ယူဟွေသည် ဆုဘင်းက သူမကို လိမ်ညာနေခြင်းမဟုတ်မှန်း ကောင်းစွာ သိရှိပါသည်။ ဘာပဲဖြစ်ဖြစ်... ဆုဘင်း၏ မူလအဆင့်အတန်းနှင့် လူမှုရေးအသိုင်းအဝိုင်းအရ ဤကဲ့သို့သော သေးငယ်လှသည့် ကိစ္စမျိုးကို လိမ်ညာနေဖို့ မလိုအပ်ပါချေ။ ၎င်းအပြင် သူမအနေဖြင့် အနည်းငယ်မျှ စုံစမ်းကြည့်ရုံဖြင့်ပင် အမှန်တရားကို သိရှိနိုင်သည် မဟုတ်ပါလား။
သို့သော်ငြားလည်း... သူမသည် မိမိတို့မိသားစုအပေါ် တကယ့်ကို ကူညီ စောင်မပေးခဲ့သည့် ကျေးဇူးရှင်အရင်းအချာဖြစ်သော ဆုဘင်းကိုမှ တမင်တကာ ဒုက္ခပေးမိခဲ့လေပြီ...