အခန်း (၃)
ဆုရှင်းဖူက သူ့လက်ကြီးကို ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်... "ဒီငှက်သိုက်စွပ်ပြုတ်ထဲမှာ ဘာတွေပါလဲဆိုတာ စစ်ဆေးဖို့ မိသားစုဆရာဝန်ကို ချက်ချင်းခေါ်လိုက်။"
သူ့သမီးနှစ်ယောက်လုံး ဘယ်တုန်းကမှ အဆင်မပြေခဲ့ကြမှန်း သူသိသည်။ ပထမဇနီးက မွေးသည့် သမီးကြီး ဆုဘင်းက အလိုလိုက်ခံထားရပြီး ဂျစ်ကန်ကန်နိုင်သလောက်၊ ဒုတိယဇနီးက မွေးသည့် ဆုဟွေရှန်ကတော့ ပိုပြီး သည်းခံတတ်သူ ဖြစ်သည်။ ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိမှသာ ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်။
မကြာခင်မှာပဲ မိသားစုဆရာဝန်က ကျွမ်းကျင်သုံးကိရိယာများနှင့်အတူ ရောက်ရှိလာပြီး စွပ်ပြုတ်ကို စတင်စစ်ဆေးတော့သည်။
"ဟွေရှန်... နင့်ဖုန်းကို ငါ့ပေး" ဟု ဆုရှင်းဖူက ထပ်ပြောလိုက်၏။
"ဆုဘင်းက ဖုန်းကို ကြမ်းပြင်ပေါ် ရိုက်ချပစ်လိုက်တာ။ သမီး အခုထိ မကိုင်ရသေးဘူး" ဟု ဆုဟွေရှန်က သနားစဖွယ် ငိုယိုကာ ပြောရှာသည်။
ဆုရှင်းဖူက ကြမ်းပြင်ပေါ်က ဖုန်းကို ကောက်ယူပြီး Call Log ကို ဖွင့်ကြည့်လိုက်သည်။ လွန်ခဲ့သည့် ဆယ်မိနစ်ခန့်က ဖုန်းခေါ်ဆိုထားသည့် မှတ်တမ်းတစ်ခု ရှိနေပြီး ထိုအချိန်က ဆုဘင်းပြောသည့် အချိန်နှင့် ကွက်တိပင် ဖြစ်နေသည်။
ဆုဘင်းက ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို စောင်းငဲ့ကြည့်လိုက်၏။ ယခုကဲ့သို့ ခိုင်လုံသော သက်သေရှေ့မှောက်တွင် ဆုဟွေရှန်တစ်ယောက် ဘယ်လိုများ ငြင်းဆန်ဦးမလဲဆိုတာကို သူမ စောင့်ကြည့်ချင်နေသည်။
ဆုရှင်းဖူက ဖုန်းခေါ်ဆိုထားသည့် ထိုအမည်မသိနံပါတ်ဆီသို့ ပြန်လည်ခေါ်ဆိုလိုက်သည်။ မကြာမီမှာပဲ စက်ရုပ်အော်တိုအသံတစ်ခု ထွက်ပေါ်လာ၏... "ဖုန်းလက်ကျန်ငွေ စစ်ဆေးရန်အတွက် လိုင်းခွဲ (၁) ကို နှိပ်ပါ၊ ငွေဖြည့်သွင်းရန်အတွက် လိုင်းခွဲ (၂) ကို..."
ဆုဘင်း၏ လှပသော မျက်နှာလေး ချက်ချင်း ပျက်သွားသည်။ ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ခုနတင် ဆုဟွေရှန်က သူမမျက်စိရှေ့တင် တစ်စုံတစ်ယောက်ဆီ ဖုန်းဆက်ပြီး သက်တော်စောင့်တွေကို သူမကို စော်ကားဖို့ လာခဲ့ခိုင်းတာလေ။ ဆုဟွေရှန် စကားမဆုံးခင်မှာတင် သူမက ဖုန်းကို လှမ်းလုလိုက်တာဖြစ်လို့ ဖုန်းမှတ်တမ်းကို လိမ်ညာပြင်ဆင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။
သို့သော်လည်း ဖုန်းမှတ်တမ်းကတော့ နောက်ဆုံးခေါ်ဆိုခဲ့သည့်နံပါတ်သည် ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီ ဖြစ်ကြောင်း အထင်အရှား သက်သေပြနေသည်။
လူတိုင်းက ဆုဘင်းကို သံသယစိတ်၊ စိတ်ပျက်မိသည့် အရိပ်အယောင်များဖြင့် ကြည့်လာကြသည်။
ဆုဟွေရှန်ကတော့ ကြီးစွာသော မတရားမှုကို ခံလိုက်ရသည့်အလား ဝမ်းနည်းပက်လက် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။
ဆုဘင်း လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ ဘယ်လိုဖြစ်လို့လဲ။ တစ်ခုခုတော့ မှားနေပြီ။
တော်သေးတာက မိသားစုဆရာဝန်က ယုံကြည်စိတ်ချရသူ ဖြစ်နေ၍ သူမက သူ့ဘက်သို့လှည့်ကာ မေးလိုက်သည်... "ဆရာဝန်ကြီးဝမ်... ဘာတွေ့လဲရှင့်။"
"မမလေးဘင်း... ငှက်သိုက်စွပ်ပြုတ်ထဲမှာ ထူးခြားတဲ့ ဆေးဝါးဘာမှ မပါဝင်ပါဘူးဗျာ" ဟု ဆရာဝန်ကြီးဝမ်က ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ သမီးသောက်တုန်းက အရသာက တစ်မျိုးကြီး ဖြစ်နေတာ။ ပြီးတော့ ဆုဟွေရှန်ကိုယ်တိုင်လည်း ဆေးခတ်ထားတယ်လို့ ဝန်ခံခဲ့တာပဲ..." ထိုစဉ်က ဆုဟွေရှန် ပြောခဲ့သည့် အေးစက်စက် လေသံများက ဆုဘင်း၏ စိတ်ထဲတွင် အထင်အရှား စွဲထင်နေဆဲ ဖြစ်သည်။
"တကယ်ပဲ ဘာမှ ထူးထူးခြားခြား မရှိပါဘူး မမလေးဘင်းရယ်" ဟု ဆရာဝန်ကြီးဝမ်က ထပ်လောင်း အတည်ပြုပေးခဲ့သည်။
"ဆုဘင်း... ငါ နင့်ကို ပြောသားပဲ၊ ငါ နင့်ကို နာကျင်အောင် ဘယ်တုန်းကမှ မလုပ်ချင်ခဲ့ပါဘူး။" ဆုဟွေရှန်က ပို၍ပင် သနားစဖွယ် ပုံစံဖမ်းလိုက်ရာ ဘေးလူအားလုံး၏ သနားဂရုဏာသက်မှုကို ချက်ချင်း ရရှိသွားတော့သည်။
ဒူလောကလည်း သူမကို နှစ်သိမ့်သည့်အနေဖြင့် နူးညံ့စွာ ကြည့်ပေးနေခဲ့သည်။
ယခုကဲ့သို့ အကျပ်အတည်း အခြေအနေမျိုးမှာတောင် တည်ငြိမ်ပြီး ထည်ဝါဆဲဖြစ်သော ဆုဘင်းနှင့် နှိုင်းယှဉ်လျှင် ဆုဟွေရှန်က ပို၍ သနားစဖွယ် ကောင်မလေးတစ်ယောက် ဖြစ်နေသည်။
နောက်ဆုံးတွင်တော့ ဆုဘင်း၏ ဦးနှောက်ထဲသို့ အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားသည်။
သူမ အရာအားလုံးကို ချက်ချင်း နားလည်သွားပြီ။ အစကတည်းက စွပ်ပြုတ်ထဲမှာ ဘာဆေးမှ ပါမနေခဲ့ဘူး။ ဆုဟွေရှန်က ထိုဖုန်းကိုလည်း တမင်သက်သက် ဟန်ဆောင်ခေါ်ခဲ့တာ။ သူမကို လိမ်ညာပြီး သက်သက်မဲ့ စွပ်စွဲမိအောင် ဆုဟွေရှန်က အကွက်ဆင်ခဲ့ခြင်းသာ ဖြစ်သည်။ သို့မှသာ အမှန်တရား ပေါ်ပေါက်လာသည့်အခါ ဆုဘင်းမှာ ဘာမှ ဆင်ခြေပေးခွင့် မရှိတော့ဘဲ လူတိုင်း၏ ယုံကြည်မှုကိုပါ ဆုံးရှုံးရတော့မည် မဟုတ်ပါလား။
သူမက ဖခင်ဖြစ်သူဘက်သို့ လှည့်ကာ ပျာပျာသလဲ ရှင်းပြလိုက်သည်... "ဖေဖေ... သမီး ဘာဖြစ်သွားလဲဆိုတာ သိပြီ။ ဆုဟွေရှန်က သမီးကို တမင်သက်သက်..."
ဆုဘင်း စကားပင် မဆုံးသေးခင်မှာပဲ ဆုရှင်းဖူ၏ လက်ဝါးရိုက်ချက်တစ်ခုက သူမ၏ ပါးပြင်ပေါ်သို့ ဖြတ်ခနဲ ကျရောက်လာခဲ့သည်။
"ဖြန်း!!!"
ထိုရိုက်ချက်ကြောင့် အခန်းထဲရှိ လူတိုင်း အနည်းငယ် တုန်လှုပ်သွားကြသည်။
လေထုတစ်ခုလုံးကလည်း အေးခဲကာ စိတ်မသက်မသာ ဖြစ်စရာ ကောင်းသွားခဲ့၏။
ဆုရှင်းဖူ၏ အနောက်တွင် ရပ်နေသော ဆုဟွေရှန်ကတော့ မေးကို အနည်းငယ်ပင့်ကာ ဆုဘင်းကို အောင်နိုင်သူတစ်ယောက်ကဲ့သို့ လှောင်ပြုံး ပြုံးပြနေခဲ့သည်။
သို့သော်လည်း ဆုဘင်းမှာ ဆုဟွေရှန်ကို ပြန်ကြည့်ရန် စိတ်မရှိတော့ချေ။ သူမသည် ပူထူသွားသော သူမ၏ ပါးပြင်လေးကို လက်ဖြင့်အုပ်ကာ ဖခင်ဖြစ်သူကို မယုံကြည်နိုင်လွန်းသော မျက်လုံးများဖြင့်သာ စိုက်ကြည့်နေမိတော့သည်။