အခန်း (၂၉) အချိန်အတော်ကြာသည်အထိ ဆုဘင်း ပြန်ထွက်မလာခဲ့ပါချေ
ဒူးလော့ခ်က သူမအပေါ် တစ်နေ့ထက်တစ်နေ့ ပို၍ ကောင်းမွန်လာခဲ့သည်။
သူသည် နူးညံ့သိမ်မွေ့ပြီး အလိုက်သိလွန်းလှ၏။ သေးငယ်လှသော အသေးစိတ်အချက်အလက်လေးတွေကအစ သူ အမြဲတမ်း ဂရုစိုက်ပေးတတ်မှန်း ထင်ရှားလှပေသည်။
ဤဖိနပ်တစ်စုံသည် သူမအပေါ်ထားရှိသည့် သူ့အချစ်ကို သက်သေပြလိုက်ရုံတင်မကဘဲ... ဘေးနားက လုပ်ဖော်ကိုင်ဖက် မော်ဒယ်လ်တွေရဲ့ ရှေ့မှောက်မှာပါ သူမကို သိက္ခာတက်စေပြီး ဂုဏ်ယူဝင့်ကြွားစေခဲ့ပြီ မဟုတ်ပါလား။
"မင်းရွှမ်း... ငါ့ကို အဲ့ဒီဖိနပ်လေး စွပ်ပေးစမ်းပါဦးအေ။" ဆုဟွေရှန်က လူတကာ၏ အားကျမနာလိုဖြစ်နေသော အကြည့်များကြားတွင် ဂုဏ်သရေရှိလှသော အပြုံးကြီးဖြင့် ထိုင်ချလိုက်တော့သည်။
"မစ္စဆုခင်ဗျာ... ကျေးဇူးပြုပြီး ပါဆယ်လ်အတွက် လက်မှတ်ထိုးပေးပါဦး။" ဖိနပ်ဘူး လာပို့ပေးသော အမျိုးသားက ပြေစာနှင့် ဘောပင်ကို ကမ်းပေးလိုက်၏။
မန်နေဂျာ ချိုးမင်းရွှမ်းက ပြုံးလျက်... "ရှင်က ဟွေရှန်ရဲ့ လက်မှတ်ကို အရမ်းလိုချင်နေတာ တူတယ်၊ ဟုတ်တယ်မလား။ ဟွေရှန်ရေ... သူ့ကို နင့်ရဲ့ လက်မှတ် အများကြီးသာ ထိုးပေးလိုက်စမ်းပါ။"
ဆုဟွေရှန်က ပြေစာနှင့် ဘောပင်ကို လှမ်းယူလိုက်ပြီး စက္ကူပေါ်တွင် သူမ၏ အမည်ကို အော်တိုထိုးပေးလိုက်သည်။
ထိုအမျိုးသားသည် သူမ၏ လက်မှတ်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားပြီး... "မစ္စဆုခင်ဗျာ... ကျေးဇူးပြုပြီး ရှင့်ရဲ့ နာမည်အရင်းကို ထိုးပေးပါဗျ။"
"ဒါ ကျွန်မရဲ့ နာမည်အရင်းပဲလေ။ ကျွန်မ အနုပညာလောကထဲ ရောက်ကတည်းက ဘယ်တုန်းကမှ အနုပညာနာမည် မသုံးခဲ့ဖူးပါဘူး။" ဆုဟွေရှန်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူမ လက်ရှိတွင် စိတ်အခြေအနေ လွန်စွာ ကောင်းမွန်နေသည် မဟုတ်ပါလား။
"ဒါဆိုရင်တော့ ကျွန်တော် တကယ်ပဲ စိတ်မကောင်းပါဘူးခင်ဗျာ။ ဤဖိနပ်တစ်စုံက 'မစ္စဆုဘင်း' အတွက် သီးသန့် ပို့ပေးလိုက်တာ ဖြစ်ပါတယ်။ အကယ်၍ မစ် က ဆုဘင်းမဟုတ်ဘူးဆိုရင်တော့... ကျေးဇူးပြုပြီး ဖိနပ်ကို ပြန်ပေးပါဗျ။" အမျိုးသားက ခါးညွတ်ကာ ဆိုလိုက်ပြီး... တော်သေးသည်မှာ ဖိနပ်ကို မဝတ်ရသေးသဖြင့် ဖိနပ်ကို ဘူးထဲသို့ ချက်ချင်း ပြန်လည်သိမ်းဆည်းလိုက်တော့သည်။
ဤစကားကို ကြားလိုက်ရသည့် ခဏ၌ ဆုဟွေရှန်၏ မျက်နှာတစ်ခုလုံး သွေးဆုတ်သွားသကဲ့သို့ အကြီးအကျယ် ပျက်ယွင်းသွားခဲ့ရပြီ ဖြစ်သည်။ ‘ဘယ်လိုလုပ် ဒါမျိုး ဖြစ်နိုင်ရမှာလဲ။ ဒီဖိနပ်က ဒူးလော့ခ်က သူမအတွက် ပို့ပေးတဲ့ လက်ဆောင် မဟုတ်ဘူး ဟုတ်လား။’
မန်နေဂျာ ချိုးမင်းရွှမ်းသည်လည်း အလားတူပင် ထိတ်လန့်တုန်လှုပ်သွားရပြီး... "ရှင် သေချာလို့လား။ ဆုဘင်းလို မိန်းမမျိုးကို ဘယ်သူက ဒီလောက်အထိ အဖိုးတန်တဲ့ လက်ဆောင်မျိုး ပို့ပေးမှာလဲ။ ကျွန်မပြောတာက... ပုံမှန်ဆိုရင် ဒီလို အထူးအခွင့်အရေးမျိုးကို ဟွေရှန်တစ်ယောက်တည်းပဲ ရလေ့ရှိတာလေ။"
ထိုအမျိုးသားက ချိုးမင်းရွှမ်း၏ စကားကို အရေးမစိုက်ဘဲ လှည့်ကာ မေးမြန်းလိုက်သည်... "ဒီနေရာမှာ မစ္စဆုဘင်း ရှိပါသလားခင်ဗျာ။"
"ဟုတ်ပါတယ်... ကျွန်မပါ။" ဆုဘင်းသည် လူအုပ်ကြားထဲမှ ထိုအမျိုးသား၏ထံသို့ တရွေ့ရွေ့ လှောက်လှမ်းလာခဲ့သည်။ သူမ၏ စိတ်ထဲတွင်လည်း ဤမျှလောက်အထိ အဖိုးတန်လှသော ဒေါက်ဖိနပ်ကြီးကို မည်သူက ပို့ပေးသနည်းဆိုသည်ကို အံ့ဩနေမိ၏။
အမေရိကန်က သူမ၏ သူငယ်ချင်းများကတော့ ဤမျှလောက်အထိ အချိန်ကိုက် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
ပြီးတော့ သူမတွင် ပြည်တွင်း၌ ဤမျှလောက်အထိ ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေမျိုးလည်း မရှိပါချေ။
"မစ္စဆုခင်ဗျာ... ကျေးဇူးပြုပြီး ဖိနပ်အတွက် လက်မှတ်ထိုးပေးပါဦး။ စောစောက လူမှားသွားတဲ့အတွက် တကယ်ပဲ တောင်းပန်ပါတယ်ခင်ဗျာ။"
ဆုဘင်း ပြေစာပေါ်တွင် လက်မှတ်ထိုးပေးလိုက်ပြီးနောက် ထိုအမျိုးသားက အရိုအသေပေးကာ ထွက်ခွာသွားခဲ့တော့သည်။
တစ်ခန်းလုံးတွင်မူ... တိုးတိုးတိတ်တိတ် သရော်ရယ်မောသံများ ချက်ချင်း ဖုံးလွှမ်းသွားခဲ့ရပြီး၊ မိန်းကလေးအချို့ဆိုလျှင် ပုခုံးလေးများ တုန်ခါနေကြလေသည်။ အမှန်စင်စစ် သူတို့အားလုံးသည် ဆုဟွေရှန်၏ မျက်နှာကို ထောက်ထားသောအားဖြင့် ရယ်ချင်စိတ်ကို အစွမ်းကုန် အောင့်အီးထားကြရခြင်း ဖြစ်ပေသည်။
အချို့ဆိုလျှင် ဘေးနားက သူငယ်ချင်းဖြစ်သူကို ကပ်ကာ... ဆုဟွေရှန်၏ အရှက်မရှိ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းလှသော စိတ်ကူးယဉ် အတ္တကြီးမှုကို တိုးတိုးလေး ကုတ်ကတ်ကာ ရယ်မောနေကြတော့၏။
သူတို့၏ အသံများက တိုးညှင်းလှသည်ဆိုသော်လည်း... ဆုဟွေရှန်၏ နားထဲသို့မူ ထိုစူးရှလှသော ကဲ့ရဲ့သံများက အတိုင်းသား တိုးဝင်လာခဲ့သည်။
မန်နေဂျာ ချိုးမင်းရွှမ်းသည်လည်း အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရပြီး... "တောင်းပန်ပါတယ် ဟွေရှန်ရယ်။ အားလုံးက ငါ့အပြစ်တွေပါ။ ငါ စကားပြောတာ စောသွားမိတယ်!"
ဆုဟွေရှန်ကတော့ ဒေါသတရားများကြောင့် မိမိ၏ လက်သည်းများကို လက်ဖဝါးထဲသို့ နစ်ဝင်လုမတတ် ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတော့သည်။
‘ဆုဘင်း! ဘာဖြစ်လို့ ထပ်ပြီး ဆုဘင်း ဖြစ်နေရပြန်တာလဲ။ သူမက အမြဲတမ်း ငါ့ရဲ့ ထင်ပေါ်ကျော်ကြားမှုတွေကို လုယူနေတာပဲ။’
သို့သော်ငြားလည်း... အပြင်ပန်းတွင်မူ သူမ၏ နှုတ်ခမ်းအစုံကို နူးညံ့သောအပြုံးတစ်ခုအဖြစ် အတင်းအကျပ် တွန့်ချိုးလိုက်ရင်း... "တကယ်ပဲ တောင်းပန်ပါတယ် ဆုဘင်းရယ်။ ဒါက နင့်အတွက်မှန်း ငါ တကယ်မသိခဲ့လို့ပါ။ နင့်မှာ ဒီလောက်အထိ ချမ်းသာပြီး အလိုက်သိတတ်တဲ့ သူငယ်ချင်းမျိုး ရှိနေမှန်း ငါ မသိခဲ့ဘူး။"
ဆုဘင်းက သူမကို ပြုံးပြလိုက်သော်လည်း စကားတစ်လုံးမျှ ပြန်မပြောခဲ့ပါချေ။
ထို့နောက်... သူမသည် ခန္ဓာကိုယ်လေးကို ညွတ်ကာ အကန့်အသတ်ထုတ် ဒေါက်ဖိနပ်ကြီးကို ဝတ်ဆင်လိုက်သည်။ ၎င်းသည် သူမ၏ ခြေထောက်နှင့် ကွက်တိပင် တော်စပ်နေခဲ့၏။
သူမ မတ်တတ်ရပ်ကာ ခြေလှမ်းအနည်းငယ် လျှောက်လှမ်းကြည့်လိုက်သည်။ ဖိနပ်က ဝတ်ဆင်ရသည်မှာ လွန်စွာမှ သက်တောင့်သက်သာ ရှိလှပေသည်။
"အားလုံးပဲ အဆင်သင့်ပြင်ထားကြပါ။ မိမိအလှည့်ရောက်ရင် ခန်းမထဲကို ဝင်ကြပါတော့။" ကွက်တိပင် ဝန်ထမ်းတစ်ဦး အခန်းထဲသို့ လှမ်းဝင်လာကာ အားလုံးကို ညွှန်ကြားချက် ပေးလိုက်သည်... "ပထမအဆင့် လူရွေးပွဲအတွက် မော်ဒယ်လ်တစ်ယောက်ကို နှစ်မိနစ်စီ အချိန်ရပါမယ်။ မိမိအလှည့်ပြီးသွားရင်တော့ ဧည့်ခန်းမကြီး မှာ စောင့်ဆိုင်းနိုင်ပါတယ်။ ဒုတိယအဆင့် လူရွေးပွဲအတွက် အောင်စာရင်း နာမည်စာရင်းကို ခဏနေရင် ထုတ်ပြန်ပေးပါလိမ့်မယ်။"
၎င်းသည် နှစ်မိနစ်မျှသာ ကြာမြင့်သော လွန်စွာတိုတောင်းလှသည့် စမ်းသပ်စစ်ဆေးမှု ဖြစ်သည်။
မကြာမီ... ဆုဘင်း၏ အလှည့်သို့ ရောက်ရှိလာခဲ့တော့သည်။ သူမသည် အရာရာကို အပြည့်အဝ ပြင်ဆင်ထားပြီးသား ဖြစ်ပြီး၊ ခုနက ဖြစ်ပွားခဲ့သော အဖြစ်အပျက်ဆိုးက သူမအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ပါချေ။
သူမ၏ အလှည့်တွင် မည်သည့် အမှားအယွင်းမျှမရှိဘဲ အပြည့်အဝ စွမ်းဆောင်နိုင်ခဲ့ပေသည်။
ဆုဟွေရှန်သည် ဆုဘင်း၏ ရှေ့ကနေ လူရွေးပွဲခန်းမထဲသို့ အရင်ဝင်ခဲ့ခြင်းဖြစ်ပြီး၊ သူမထက် အရင် ပြန်လည်ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
သူမ ခန်းမအပြင်ဘက်သို့ ပြန်ထွက်လာပြီးနောက်တွင်မူ... ဆုဘင်းတစ်ယောက် လူရွေးပွဲခန်းမထဲသို့ လှမ်းဝင်သွားသည်ကို မြင်တွေ့လိုက်ရသော်လည်း၊ အချိန်အတော်ကြာမြင့်သည်အထိ ဆုဘင်းတစ်ယောက် အပြင်သို့ ပြန်လည်ထွက်ခွာမလာခဲ့ပါချေ။