အခန်း (၂၈) အလီမိတက် အထူးထုတ် ဒေါက်ဖိနပ်
အခန်းထဲတွင် ဖိနပ်များ စမ်းဝတ်နေကြသည့် မော်ဒယ်လ်များအားလုံး ခေါင်းမော့ကာ လှမ်းကြည့်လိုက်ကြသည်။
ထိုအမျိုးသား၏ လက်ထဲတွင် ဖောက်ထွင်းမြင်ရသော ဖိနပ်ဘူးတစ်ဘူးကို ကိုင်ဆောင်ထားပြီး၊ အတွင်းရှိ ဖိနပ်နှင့် အမှတ်တံဆိပ် ကို အထင်အရှား မြင်တွေ့နေရ၏။
အမျိုးသား ကိုင်ဆောင်ထားသည့် ဖိနပ်ကို မြင်လိုက်ရသောအခါ မော်ဒယ်လ်အားလုံး အားကျမနာလိုမှုများဖြင့် မကြည့်ဘဲ မနေနိုင်ကြတော့ပါချေ။
ဤကဲ့သို့ အထူးတလည် ပို့ဆောင်ပေးလိုက်သည့် ဖိနပ်မျိုးသည် ဝတ်ဆင်မည့် အမျိုးသမီး၏ ခြေထောက်နှင့် ကွက်တိတော်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
သဘာဝအတိုင်းပင် မော်ဒယ်လ်တိုင်းသည် မိမိတို့၏ ခြေထောက်နှင့် အံကိုက်ဖြစ်ပြီး သက်တောင့်သက်သာရှိမည့် ဖိနပ်မျိုးကိုသာ ဝတ်ဆင်ချင်ကြသည် မဟုတ်ပါလား။
သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ... သူတို့ကဲ့သို့ သာမန်မော်ဒယ်လ်များအတွက်မူ ရွေးချယ်ခွင့်မရှိကြချေ။ မိမိကိုယ်ပိုင် အဝတ်အစားနှင့် ဖိနပ်များကို ဝယ်ယူနိုင်လောက်သည့် ငွေကြေးအင်အားလည်း မရှိကြသဖြင့် ဤကဲ့သို့သော အခက်အခဲများကို မိမိဘာသာသာ ကြိတ်မှိတ်ကျော်ဖြတ်ကြရရှာသည်။
မန်နေဂျာ ချိုးမင်းရွှမ်းသည် ထိုဖိနပ်က "မစ္စဆု" အတွက်ဟု ကြားလိုက်ရသည်နှင့် အလောတကြီးဖြင့် အော်ဟစ်လိုက်တော့သည်... "ဟွေရှန်ရေ... သခင်လေးဒူး က နင့်အတွက် ဒီဖိနပ်ကို လူလွှတ်ပြီး ပို့ခိုင်းလိုက်တာပဲ။"
"ဟွေရှန်ရယ်... နင်ကတော့ တကယ်ပဲ ကံကောင်းလွန်းတာပဲ။" ဆုဟွေရှန်နှင့် ရင်းနှီးသော မော်ဒယ်လ်တစ်ဦးက အားကျတသသဖြင့် ဆိုလာသည်... "အိမ်မှာဆိုရင်လည်း နင့်အဖေက နင့်ကို မျက်စိအောက်က အပျောက်မခံဘဲ အလိုလိုက်ထားတာ။ အလုပ်ခွင်မှာကျတော့လည်း နင့်အပေါ် ဒီလောက်အထိ ဂရုစိုက်တဲ့ ရည်းစားရှိနေပြန်ရော။ နင်ကိုယ်တိုင်ကလည်း ဒီလောက် ကြိုးစားတာဆိုတော့... ဒါတွေအားလုံးက နင့်ကို ဘဝမှာ ထိပ်ဆုံးရောက်အောင် တွန်းပို့ပေးနေတာပဲ။"
"ဟုတ်ပအေ။ ဒီဖိနပ်က ဒီနေ့ပွဲရဲ့ စပွန်ဆာအမှတ်တံဆိပ်နဲ့ အတူတူပဲဆိုတော့ ပထမအဆင့် လူရွေးပွဲမှာ ဝတ်ဖို့လည်း အဆင်ပြေတာပေါ့။ ဆုဟွေရှန်ရေ... ခဏနေရင် စင်ပေါ်ကျရင်တော့ ကျွန်မတို့ကို နည်းနည်းလောက် ညှာတာပေးပြီး အခွင့်အရေးပေးပါဦးနော်။ ဘာပဲဖြစ်ဖြစ် နင်ကတော့ ပြီးပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်ထားပြီးသားပဲဥစ္စာ။"
ဆုဟွေရှန်က မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခုကို ဆင်ယင်လိုက်ရင်း... "ဒီမနက် အိမ်ကမထွက်ခင်တုန်းက... စင်နောက်ကွယ်က ဖိနပ်ဆိုဒ်တွေက တစ်စုံနဲ့တစ်စုံ မတူဘဲ ဝတ်ရတာ အဆင်မပြေဘူး၊ ဒါပေမဲ့ ကျွန်မဘာသာ ဖိနပ်အပို ပြင်ဆင်လာဖို့ကျတော့လည်း ပွဲစည်းကမ်းနဲ့ မညီညွတ်မှာ စိုးရိမ်ရတယ်လို့ ဒူးလော့ခ်ကို ညည်းပြမိသေးတယ်။ သူက ကျွန်မပြောတဲ့ စကားလေးတစ်ခွန်းကို ဒီလောက်အထိ အလေးအနက်ထားပြီး မှတ်ထားလိမ့်မယ်လို့ မထင်ထားမိဘူး။"
"ဒါပေါ့ ဟွေရှန်ရဲ့။ သခင်လေးဒူးက နင့်ရဲ့ စကားတိုင်းကို အမြဲတမ်း အလေးအနက်ထားတာပဲလေ။" ချိုးမင်းရွှမ်းက ဖားချီးမွမ်းလိုက်၏။
ဒူးလော့ခ် ၏ အမည်ကို ကြားလိုက်ရသောအခါ ဆုဘင်းတစ်ယောက် ရင်ထဲ၌ သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။ သူမ၏ မျက်ဝန်းအစုံမှ အရောင်အဝါများ မှေးမှိန်သွားခဲ့ရပြီး၊ အတိတ်တုန်းက ခံစားခဲ့ရဖူးသည့် ဝမ်းနည်းမှု အရိပ်အယောင်များ မျက်ဝန်းထဲတွင် ခဏတာ ဖြတ်ပြေးသွားခဲ့၏။
သို့သော်ငြားလည်း... သူမသည် ထိုအရာအားလုံးကို မေ့ဖျောက်ပြီး လက်လွှတ်ရယူတတ်ရန် သင်ယူထားပြီးသား ဖြစ်ပေသည်။
ချိုးမင်းရွှမ်းက... "ငါတို့ အချိန်မရှိတော့ဘူး အမြန်လုပ်ရမယ်။ အခုချက်ချင်း ဖိနပ်လဲလိုက်တော့။" ထို့နောက် သူမက ဖိနပ်ဘူးကို ကိုင်ထားသောအမျိုးသားဘက်သို့ လှည့်ကာ... "အဲ့ဒီဖိနပ်ဘူးကို ကျွန်မဆီ ပေးပါရှင်။" ဟု ဆိုလိုက်၏။
"ခွင့်လွှတ်ပါ ခင်ဗျာ... ရှင့်နာမည်က မစ္စဆု ပါလား။" အမျိုးသားက စိစစ်မေးမြန်းလိုက်သည်။
ချိုးမင်းရွှမ်းက ပြုံးလျက်... "ကျွန်မက မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်မက မစ္စဆုရဲ့ မန်နေဂျာ ပါ။ သူမကိုယ်စား ကျွန်မ လှမ်းယူပေးလို့ ရမလားရှင်။"
"ရပါတယ် ခင်ဗျာ။" အမျိုးသားက ရိုသေစွာဖြင့်ပင် ဖိနပ်ဘူးကို ချိုးမင်းရွှမ်း၏ လက်ထဲသို့ ကမ်းပေးလိုက်တော့၏။
ချိုးမင်းရွှမ်း ဘူးကို ဖွင့်လိုက်ပြီး အတွင်းက ဖိနပ်ကို မြင်လိုက်ရသည့် ခဏ၌... ရင်သပ်ရှုမောစွာဖြင့် အော်ဟစ်မိပါတော့သည်... "အိုမိုင်ဂေါ့... ဒါက အကန့်အသတ်နဲ့ ထုတ်ထားတဲ့ လီမိတက် အထူးထုတ် ဖိနပ်ကြီးပဲ။ ဟွေရှန်... လာကြည့်ပါဦးအေ။"
ဆုဟွေရှန်တစ်ယောက် ခေါင်းငုံ့ကာ ဖိနပ်ကို ကြည့်လိုက်သည့်အခါတွင်မူ... ပီတိ အပြည့်ဖြင့် လွန်စွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသည်။
"ဝါး... တကယ်ကို အမိုက်စားကြီးပဲ။" ဝန်ထမ်းလက်ထောက်တစ်ဦးက ရှေ့သို့ တိုးကြည့်ရင်း ဆိုသည်... "ရှင်တို့ သိကြလား... ဒီနေ့ စပွန်ဆာကုမ္ပဏီရဲ့ ရိုးရိုးပစ္စည်းတွေကတော့ သာမန်ပဲဆိုပေမယ့်၊ သူတို့ရဲ့ အထူးထုတ်တွေကတော့ ရဖို့ တကယ့်ကို ခက်ခဲလွန်းတာ။ လူတွေဆိုတာ တန်းစီပြီး ကြိုတင်မှာယူ ထားကြမှသာ ရနိုင်တာမျိုးလေ။ ဒါတင်မကသေးဘူး... ဒီဖိနပ်တစ်စုံရဲ့ တန်ဖိုးကတင် ငွေသုံးသောင်း (30,000) တောင် ရှိတာ။ ဒါမျိုးကို ကော်ဇောနီ လျှောက်မယ့် ပွဲကြီးတွေအတွက်ပဲ သီးသန့် ထုတ်ပေးတာလေ။ ကြားဖူးတာကတော့... ဒီဖိနပ်ရဲ့ အောက်ခြေတွေကို မြင့်မားတဲ့ တောင်ကုန်းပေါ်ကနေ ဆွတ်ခူးရရှိတဲ့ တောရိုင်းဝါဂွမ်း နဲ့ လက်လုပ် အချောသတ်ထားတာတဲ့။"
ထိုစကားကို ကြားလိုက်ရသောအခါ အခြားသော ဝန်ထမ်းလက်ထောက်များအားလုံး ဖိနပ်ကို ဝိုင်းဝန်းကြည့်ရှုရန် စုရုံးလာကြတော့သည်။
အခြားသော မော်ဒယ်လ်များသည်လည်း မိမိတို့၏ သိက္ခာကို ထိန်းသိမ်းကာ မတ်မတ်ရပ်နေကြသော်လည်း... မျက်လုံးထောင့်ကနေ ဤအဖိုးတန် ဖိနပ်ကြီးဆီသို့ ခိုးကြည့်ခြင်းကိုမူ မတတ်နိုင်ကြရှာချေ။
သာမန်မော်ဒယ်လ်များ၏ ဝင်ငွေဟူသည် လွန်စွာမှ နည်းပါးလှပေသည်။ ကမ္ဘာကျော် စူပါမော်ဒယ်လ်ကြီးများမှသာ စူပါစတား မင်းသားမင်းသမီးကြီးများနှင့် တန်းတူ ဝင်ငွေမျိုး ရရှိကြခြင်း ဖြစ်၏။ သာမန်မော်ဒယ်လ်များအတွက်မူ ငွေသုံးသောင်း ဆိုသည်မှာ ကြီးမားလှသော ငွေပမာဏကြီး ဖြစ်ပေသည်။
ထိုအရာများထက် ပိုမိုအားကျစရာ ကောင်းသည်မှာ ဒူးလော့ခ်၏ နူးညံ့သိမ်မွေ့ပြီး အကွက်စေ့လှသော ကြင်နာတတ်မှုပင် ဖြစ်သည်။
ဆုဟွေရှန်ကတော့ လူအများကြားတွင် ဂုဏ်သရေရှိလှသော အပြုံးကြီးကို ဆင်ယင်လျက် ပြုံးပြနေခဲ့ပါတော့သည်။