အခန်း (၂၇) ဒါက ရှင့်အတွက် ဖိနပ်ပါ
သူတို့၏ လှုပ်ရှားမှုအသေးအဖွဲလေးကအစ စောင့်ကြည့်နေရင်း ဆုဘင်း၏ နှုတ်ခမ်းထောင့်လေးက သရော်ပြုံးတစ်ခုအဖြစ် အသာအယာ ကွေးညွတ်သွားခဲ့သည်။
ငါးနှစ်တောင် ကုန်လွန်သွားခဲ့ပြီ... ဒါပေမဲ့ ဆုဟွေရှန်ကတော့ ဘာမှတိုးတက်မလာသေးပါလား။ သူမကို အကွက်ဆင်ဖို့အတွက် လွန်ခဲ့တဲ့ ငါးနှစ်က အကွက်ဟောင်း ညစ်ပတ်တွေကိုပဲ သုံးနေတုန်းပင်။
သူမကတော့ တကယ်ကို လုံးဝပြောင်းလဲမသွားဘူးပဲ။
ရှောင်ထုံက ဖိနပ်တွေကို သေချာစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ ပြဿနာတစ်ခုခု ရှိနေမှန်း ချက်ချင်း ရိပ်မိသွားခဲ့သည်။ သူမက လက်နဲ့ အနည်းငယ် ဖိအားပေးလိုက်ရုံတင် ရှိသေး... ဖိနပ်အောက်ခြေဒေါက် က ကျိုးထွက်သွားပြီး ဝတ်ဆင်သူကို အလွယ်တကူ လျှောလဲသွားစေနိုင်တာကို တွေ့လိုက်ရ၏။
"ဒါ ဘာဖြစ်တာလဲ။ လျောင်ယူဟွီ... နင် ဒါကို ငါတို့ကို ရှင်းပြစမ်း။" ရှောင်ထုံတစ်ယောက် ရှက်လည်းရှက်၊ ဒေါသလည်း ထွက်နေခဲ့ပြီ ဖြစ်သည်။ သူမက လက်ထဲက ဖိနပ်တွေကို ကိုင်မြှောက်ရင်း လျောင်ယူဟွီကို အော်ဟစ်လိုက်သည်... "ငါက နင့်ကို ယုံကြည်ရတဲ့သူလို့ ထင်နေတာ။ ဒီဖိနပ်တွေကို သေချာသိမ်းဆည်းပြီး အမြဲတမ်း စစ်ဆေးထားတာလေ။ ဘာဖြစ်လို့ ရုတ်တရက်ကြီး ပျက်စီးကုန်ရတာလဲ။"
"ငါ... ငါမသိဘူး။ ဘာတွေ ဖြစ်ကုန်တာလဲ ငါလည်း မသိဘူး..." လျောင်ယူဟွီတစ်ယောက် တကယ်ပဲ ကြောက်လန့်သွားခဲ့ရပြီ။ ဤဖိနပ်များအားလုံးက စပွန်ဆာ ကုမ္ပဏီက ပံ့ပိုးထားခြင်းဖြစ်ပြီး၊ စင်နောက်ကွယ်တွင်လည်း ဤပစ္စည်းများကို ထိန်းသိမ်းရန် သီးသန့်တာဝန်ခံ ဝန်ထမ်း ရှိပြီးသား ဖြစ်သည်။ အကယ်၍ အထက်လူကြီးတွေကသာ ဤမတော်တဆမှုကို စုံစမ်းစစ်ဆေးလိုက်မည်ဆိုပါက... ဒါက သူမ၏ လက်ချက်မှန်း အနှေးနဲ့အမြန် ချက်ချင်း ပေါ်သွားပေလိမ့်မည်။
အကယ်၍ သူမအနေဖြင့် ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးရမည်ဆိုပါက... ၎င်းသည် လွန်ခဲ့သော နှစ်နှစ်လုံးလုံး သူမ ရှာဖွေစုဆောင်းထားသမျှ ငွေကြေးအားလုံး ကုန်ဆုံးသွားရပေလိမ့်မည်။
သူမ၏ အစီအစဉ်သာ အောင်မြင်ပြီး ဆုဘင်း တကယ်ပဲ ခြေကျင်းဝတ်လည်သွားခဲ့မည်ဆိုလျှင်... ဤမျှလောက်အထိ ဒုက္ခရောက်လိမ့်မည် မဟုတ်ချေ။ ထိုသို့ဆိုလျှင် ဆုဟွေရှန်က သူမအတွက် နောက်ကွယ်ကနေ ရှင်းလင်းပေးမှာ သေချာလှသည် မဟုတ်ပါလား။
ဒါပေမဲ့ အခုတော့ အားလုံးက ဗရဗြဲ ဖြစ်ကုန်ပြီး၊ ဆုဟွေရှန်ကလည်း ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်ရန် လုံးဝ ဆန္ဒမရှိသည့်ပုံစံမျိုး ပြသနေခဲ့သည်။
လျောင်ယူဟွီတစ်ယောက် နောင်တတွေ တသီတတန်းကြီး ရနေခဲ့ရပြီ။ ခဏတာ စိတ်လိုက်မာန်ပါ လုပ်မိလိုက်ခြင်းကြောင့် သူမအနေဖြင့် ကြီးမားလှသော အဖိုးအခကို ပေးဆောင်ရတော့မည် မဟုတ်ပါလား။
ရှောင်ထုံကတော့ ဤကဲ့သို့ ကောက်ကျစ်စဉ်းလဲသော မိန်းမအပေါ် ဒေါသတရားများ မထိန်းနိုင်တော့သဖြင့် ဆက်လက်၍ အော်ဟစ်တော့သည်... "နင်မသိရင် ဘယ်သူသိမှာလဲ။ ဆုဘင်းလား။ သူမက ဒီနေရာကို တစ်ခါမှ ရောက်ဖူးတာ မဟုတ်ဘူး။ နင့်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဆင်ခြေရှိတယ်ဆိုရင်လည်း သွားပြီးတော့ အလုပ်ကြီးကြပ်ရေးမှူး ကိုပဲ ရှင်းပြလိုက်တော့။"
ထို့နောက် ရှောင်ထုံက လှည့်ကာ ဆုဘင်း၏ ရှေ့တွင် ခါးကို ၉၀ ဒီဂရီအထိ ညွတ်၍ အနူးအညွတ် တောင်းပန်လိုက်ရှာသည်... "တောင်းပန်ပါတယ် မစ္စဆုရယ်။ ခုနက ကျွန်မ စိတ်လိုက်မာန်ပါ ဖြစ်သွားပြီး ရှင့်အပေါ် အထင်လွဲမှားခဲ့မိပါတယ်။ ကျေးဇူးပြုပြီး ကျွန်မရဲ့ တောင်းပန်မှုကို လက်ခံပေးပါရှင်။"
"ဒါက နင်တို့ ဝန်ထမ်းအချင်းချင်းကြားက အတွင်းရေးကိစ္စပဲလေ။ နင်တို့ဘာသာ ရှင်းလင်းလိုက်ကြပါ။ အခုတော့... ငါ့အတွက် အဆင်ပြေမယ့် ဖိနပ်တစ်စုံလောက် ဘယ်သူ ရှာပေးနိုင်မလဲ။" ဆုဘင်းက တည်ငြိမ်စွာပင် မေးလိုက်၏။
ချက်ချင်းပင် ရှောင်ထုံက ဆုဘင်းကို ကူညီရန် အခြားဝန်ထမ်းတစ်ဦးကို အမြန်စေခိုင်းလိုက်သည်။ ထို့နောက်တွင်မူ သူမနှင့် အခြားသော လက်ထောက်ဝန်ထမ်းအချို့က လျောင်ယူဟွီကို ဆွဲခေါ်ကာ ဖြစ်ကြောင်းကုန်စင်ကို တိုင်တန်းရန် အလုပ်ကြီးကြပ်ရေးမှူးထံသို့ ခေါ်ဆောင်သွားကြတော့၏။
အခြားသော မော်ဒယ်လ်များသည်လည်း ပွဲထွက်ဖို့ အလောတကြီး ပြင်ဆင်နေကြရသဖြင့် ဝိုင်းဝန်းတောင်းဆိုလာကြတော့သည်... "ကျွန်မတို့ရဲ့ ဖိနပ်တွေနဲ့ အဝတ်အစားတွေကိုလည်း ထပ်ပြီး စစ်ဆေးပေးဦး။ တကယ်လို့ တစ်ခုခု ချို့ယွင်းချက်ရှိနေရင် ကျွန်မတို့ကတော့ တာဝန်မယူနိုင်ဘူးနော်။"
ဆုဟွေရှန်ကတော့ မိမိ၏ လက်သည်းများကို လက်ဖဝါးထဲသို့ နစ်ဝင်လုမတတ် ခပ်တင်းတင်း ဆုပ်ကိုင်ထားမိရင်း... စိတ်ထဲကနေ ဆုဘင်းကို အကြိမ်ကြိမ် ကျိန်ဆဲနေမိတော့သည်။
မန်နေဂျာ ချိုးမင်းရွှမ်းသည်လည်း ဆုဟွေရှန်အတွက် အဝတ်အစားနှင့် ဖိနပ်များကို အပြေးအလွှား သွားရောက်ပြင်ဆင်ပေးနေခဲ့ရ၏။
ဆုဘင်းအတွက်မူ... ဖိနပ်ပြဿနာက ဆက်ရှိနေဆဲ ဖြစ်သည်။ လျောင်ယူဟွီက ဆုဘင်းနှင့် တော်မည့် ဖိနပ်ဆိုဒ်အားလုံးကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားခဲ့သဖြင့်... လက်ရှိတွင် ဆုဘင်း ဝတ်ဆင်ရန် ဖိနပ် လုံးဝ မရှိတော့ပါချေ။
"မစ္စဆု... နည်းနည်း ပိုကြီးတဲ့ ဖိနပ်ဆိုဒ်ကိုပဲ ဝတ်ကြည့်ပါလားဟင်။ ကျွန်မ ရှင့်အတွက် ဖိနပ်ကပ်ပြား တွေ ရှာပေးပါ့မယ်။ အခုလောလောဆယ် ဖိနပ်မတော်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ဒါကပဲ တစ်ခုတည်းသော နည်းလမ်း ရှိတော့တာမို့လို့ပါ။" ဤဝန်ထမ်းအသစ်မလေးက လွန်စွာမှ ယဉ်ကျေးပျူငှာလှပေသည်။
"ကောင်းပါပြီ။" ဆုဘင်းက ခေါင်းညိတ်ပြလိုက်၏။
လက်ရှိအခြေအနေတွင် ဤနည်းလမ်းကလွဲ၍ အခြားမရှိတော့မှန်း ဆုဘင်း ကောင်းကောင်း နားလည်လှပေသည်။ မော်ဒယ်လ်တစ်ယောက်အနေဖြင့် လုပ်ငန်းခွင်တွင် ဤကဲ့သို့သော ပြဿနာမျိုးနှင့် ရင်ဆိုင်ရခြင်းမှာ အဆန်းမဟုတ်ပါချေ။ တစ်ခါတရံတွင် စပွန်ဆာက ပေးသော ဖိနပ်များက မိမိနှင့် ကွက်တိမကျတတ်ပေ။ ဒါတင်မကသေးဘဲ သူမ၏ ခြေဖဝါးက သွယ်လျပြီး ရှည်လျားလှသဖြင့်... ဤကဲ့သို့ နောက်ဆုံးမိနစ် အရေးပေါ်အချိန်တွင် သူမနှင့် ကွက်တိတော်မည့် ဖိနပ်တစ်စုံကို ရှာဖွေဖို့ဆိုသည်မှာ မည်သည့်နည်းနှင့်မျှ မလွယ်ကူလှပေ။
ကံကောင်းထောက်မစွာဖြင့်... ဆုဘင်းသည် သူမ၏ မော်ဒယ်လ်သက်တမ်းတစ်လျှောက် အခြေခံကျွမ်းကျင်မှု အတတ်ပညာများကို အပတ်တကုတ် လေ့လာဆည်းပူးထားခဲ့သူ ဖြစ်သည်။ သူမအနေဖြင့် မိမိ၏ ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးကို မထိခိုက်စေဘဲ... ဤကဲ့သို့ ခက်ခဲလှသော အခြေအနေမျိုးတွင်ပင် စင်မြင့်ထက်၌ အကောင်းဆုံး လျှောက်လှမ်းနိုင်ရန် အစွမ်းကုန် ကြိုးစားရပေတော့မည်။
ဆုဘင်းတစ်ယောက် ဝန်ထမ်းမလေး ယူလာပေးမည့် ဖိနပ်ကပ်ပြားကို စောင့်ဆိုင်းနေစဉ်မှာပင်... ဝတ်စုံပြည့် ကတ်သီးကတ်သတ် ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးက ယနေ့ပွဲ၏ စပွန်ဆာတံဆိပ် ဖိနပ်ဘူးတစ်ဘူးကို ကိုင်ဆောင်လျက် အခန်းထဲသို့ အလောတကြီး ပြေးဝင်လာခဲ့တော့သည်။
"မစ္စဆု... ဒါက ရှင့်အတွက် သီးသန့် အထူးမှာယူထားတဲ့ ဖိနပ်ပါ ခင်ဗျာ။"