အခန်း (၂၆) သူမနဲ့ လုံးဝ မသက်ဆိုင်သလိုမျိုးပဲ
ဆုဟွေရှန်က ကြားထဲကနေ တရားမျှတချင်ယောင်ဆောင်ကာ ဝင်၍ ပြောလိုက်သည်... "ဆုဘင်းက ဒါကို တမင်သက်သက် လုပ်တာ မဟုတ်မှာ သေချာပါတယ်။ သူမ စိတ်အနှောင့်အယှက် ဖြစ်နေရုံတင်ပါ။ ကျေးဇူးပြုပြီး အားလုံးပဲ စကားကို ဆင်ခြင်ပေးကြပါဦး။"
အပြင်ပန်းကြည့်လျှင် သူမက ဆုဘင်းဘက်ကနေ ကာကွယ်ပေးနေသည့် ပုံစံပေါက်သော်လည်း၊ အမှန်စင်စစ်တွင်မူ ဆုဘင်းအပေါ် လူအများ ပိုမိုဒေါသထွက်လာစေရန် မီးလောင်ရာလေပင့်ပေးလိုက်ခြင်းသာ ဖြစ်၏။
စိတ်လိုက်မာန်ပါ လုပ်တတ်သော လက်ထောက်မိန်းကလေး ရှောင်ထုံ သည် ထိုစကားကို ကြားလိုက်ရသောအခါ ပိုမို၍ ဒေါသထွက်သွားပြီး... "သူမ စိတ်အခြေအနေ မကောင်းရုံနဲ့ သူတပါးအပေါ် ဒေါသပုံချပိုင်ခွင့် ရှိလို့လား။ သူမက ဘာကောင်မို့လို့လဲ။ ဝန်ထမ်းလက်ထောက်တွေဆိုရင်ပဲ အောက်တန်းကျလို့လား။ ဆုဘင်း... နင် ဒီလို စရိုက်ဆိုးနဲ့ဆိုရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။"
ထိုသို့သော ဆဲဆိုပြစ်တင်သံ အနုအကြမ်းများက ဆုဘင်း၏ နားထဲသို့ ရေလှိုင်းပမာ တိုးဝင်လာခဲ့သည်။
သို့သော်ငြားလည်း... သူမ၏ မျက်နှာထက်တွင်မူ မည်သည့် စိုးရိမ်တုန်လှုပ်မှု အရိပ်အယောင်မျှ မရှိဘဲ တည်ငြိမ်မြဲ တည်ငြိမ်နေခဲ့၏။ မျက်ခုံးလေးတစ်ချက်ပင် တွန့်ချိုးခြင်းမရှိဘဲ ဘာမျှမဖြစ်ခဲ့သကဲ့သို့ တည်ငြိမ်အေးဆေးစွာဖြင့် ရှောင်ထုံကို စိုက်ကြည့်ရင်း မေးလိုက်သည်... "နင် ငါ့ကို ဆဲလို့ ပြီးပြီလား။ ပြီးရင်... အခု ငါ့အလှည့် ရောက်ပြီလား။"
ဆုဘင်းက ဤမျှလောက်အထိ တည်ငြိမ်အေးဆေးစွာ တုံ့ပြန်လာလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ရှောင်ထုံတစ်ယောက် ဘာပြန်ပြောရမှန်းမသိဘဲ ဆုဘင်းကိုသာ မုန်းတီးဝါးဝါး စိုက်ကြည့်နေမိတော့၏။
ဆုဘင်းက ခန္ဓာကိုယ်ကို အသာညွတ်ကာ ကြမ်းပြင်ပေါ်က လဲကျနေသော ဒေါက်ဖိနပ်ကို ကောက်ယူလိုက်ပြီး ဘေးကလူအားလုံး မြင်သာအောင် မြှောက်ပြလိုက်သည်... "ဒီဖိနပ်ရဲ့ အောက်ခြေဒေါက်တွေက ပျက်စီးနေတာ။ အဲ့ဒါကြောင့် ငါ ဟန်ချက်မထိန်းနိုင်ဘဲ လဲကျသွားခဲ့တာ။ လက်ထောက် လျောင်ယူဟွီ ဒဏ်ရာရသွားတဲ့အတွက်တော့ ငါ တကယ်ပဲ စိတ်မကောင်းပါဘူး။"
အမှန်တမ်းကျတော့မူ... သူမအနေဖြင့် လျောင်ယူဟွီကို ကြမ်းပြင်ပေါ် ဆွဲချပြီး သင်ခန်းစာအနည်းငယ် ပေးချင်ရုံသာ ဖြစ်သည်။
လျောင်ယူဟွီတစ်ယောက် ဤမျှလောက်အထိ ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မည်ဟု သူမ ကိုယ်တိုင်လည်း မမျှော်လင့်ထားခဲ့မိချေ။
အားလုံး၏ အကြည့်များက ဆုဘင်းလက်ထဲက ဖိနပ်ဆီသို့ ကျရောက်သွားကြပြီး၊ ဖိနပ်၏ အောက်ခြေဒေါက် များမှာ အစိပ်စိပ်အမွှာမွှာ ကျိုးပဲ့ပျက်စီးနေသည်ကို အထင်အရှား မြင်တွေ့လိုက်ကြရတော့သည်။
ထိုအခါ မော်ဒယ်လ်အချို့ထဲမှ တစ်ဦးက ချက်ချင်းပင် ဆုဘင်းဘက်ကနေ ကာကွယ်ပြောဆိုပေးလာခဲ့သည်... "ဒီဒေါက်ဖိနပ်တွေက အမြင့်ကြီးတွေလေ။ ပြီးတော့ ဖိနပ်အောက်ခြေကလည်း ကျိုးနေတာပဲ။ ဆုဘင်း ဟန်ချက်ပျက်ပြီး လဲကျသွားတာက သူမရဲ့ အပြစ် လုံးဝမဟုတ်တာ ထင်ရှားနေတာပဲ။"
မော်ဒယ်လ်များဟူသည် ဤကဲ့သို့သော ကမ္ဘာ့အဆင့်မီ ဖက်ရှင်ရှိုးပွဲကြီးများတွင် ထောက်ပံ့ရေး ပစ္စည်းများ ချို့ယွင်းချက်ရှိနေသည်ကို အလွန်တရာ ရွံရှာမုန်းတီးတတ်ကြသူများ ဖြစ်ကြသဖြင့်... သူတို့အားလုံးက ဆုဘင်း၏ ဘက်သို့ ချက်ချင်း ကူးပြောင်းရပ်တည်လိုက်ကြတော့၏။ "ကျွန်မ ထင်တာတော့ ဒီလိုပြဿနာမျိုးအတွက် ထောက်ပံ့ရေး ဝန်ထမ်းတွေပဲ တာဝန်ယူရမယ် ထင်တယ်။ ဆုဘင်းက မတော်တဆ လဲကျတာပဲ။ သူမရဲ့ အပြစ် မဟုတ်ဘူး။"
လျောင်ယူဟွီ၏ မျက်နှာလေးမှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့ရပြီး ရင်ထဲ၌ မကောင်းသော အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ရသည်။ ‘ဘယ်လိုလုပ် ဒါမျိုး ဖြစ်သွားရတာလဲ။ အောက်ခြေဒေါက်က ဘာဖြစ်လို့ ဒီလောက်အထိ စောစောစီးစီး ကျိုးထွက်သွားရတာလဲ။’
ရှောင်ထုံ၏ မျက်နှာအမူအရာသည်လည်း ကွက်တိပင် ပျက်ယွင်းသွားခဲ့ရသည်။ ဖိနပ်က တကယ်ပဲ ပျက်စီးနေခဲ့သည်ဆိုမှတော့... ခုနက သူမ ဆုဘင်းအပေါ် အော်ဟစ်ဆဲဆိုခဲ့သည်မှာ သိသိသာသာကြီး လွန်ကဲသွားခဲ့ပြီ မဟုတ်ပါလား။
သို့သော်လည်း သူမသည် မာနကြောင့် ဇွတ်မှိတ်ပြီး ခေါင်းမာစွာဖြင့် ဆင်ခြေထပ်တက်လိုက်သေးသည်... "ဆုဘင်းကသာ ယူဟွီကို ဖိနပ်အသစ်တွေ ဇွတ်အတင်း သွားလဲခိုင်းနေလို့ပေါ့။ သူမသာ အဲ့ဒီလို မလုပ်ခဲ့ရင် ဒီလို ချို့ယွင်းချက်ရှိတဲ့ ဖိနပ်ကို ရောက်လာပါ့မလား။ ယူဟွီ ပထမဆုံး ယူလာပေးတဲ့ ဖိနပ်ကိုသာ ဝတ်ခဲ့ရင် ဒါမျိုးတွေ လုံးဝ ဖြစ်လာမှာ မဟုတ်ဘူး။ အားလုံးက နင့်ရဲ့ ဂျောက်ဂျက်ဆန်တဲ့ စရိုက်ကြောင့် ဖြစ်ရတာ သိလား။"
ဆုဘင်းက သူမ၏ နီမြန်းလှပသော နှုတ်ခမ်းအစုံကို တွန့်ချိုးကာ တောက်ပစွာ ပြုံးလိုက်ရင်း... "နင်ပြောတာ တကယ်မှန်တာပေါ့။ ယူဟွီ ပထမဆုံး ယူလာပေးတဲ့ ဖိနပ်နှစ်စုံထဲက တစ်စုံစုံကို ငါ ဝတ်ခဲ့သင့်တာ။ ဒါပေမဲ့... ငါ အဲ့ဒါတွေကို မဝတ်ခင်မှာ၊ အဲ့ဒီဖိနပ်နှစ်စုံကို နင်တို့အားလုံး ရှေ့မှာပဲ တစ်ချက်လောက် စစ်ဆေးပေးကြပါဦးလား။ ငါ စိုးရိမ်မိတာကတော့... အကယ်၍ အဲ့ဒီဖိနပ်တွေမှာလည်း ဒီလို ပြဿနာမျိုး ထပ်ရှိနေခဲ့မယ်ဆိုရင် ဒုက္ခရောက်မှာက ငါတစ်ယောက်တည်း မဟုတ်တော့ဘူးလေ။ နင်တို့ ဝန်ထမ်းလက်ထောက်တွေ အားလုံးပါ ပူးတွဲ တာဝန်ယူရလိမ့်မယ် မဟုတ်လား။ နင်တို့ကော ဘယ်လိုထင်လဲ။"
ထိုနေရာတွင် ရပ်ကြည့်နေကြသော ထောက်ပံ့ရေး လက်ထောက်ဝန်ထမ်းများအားလုံးသည်... ဆုဘင်း၏ စကားက အလွန်တရာ အဓိပ္ပာယ်ရှိပြီး ကျိုးကြောင်းဆီလျော်လှသည်ဟု ချက်ချင်း တွေးမိသွားကြတော့သည်။ သူတို့သည် ဤအိုရီဆာ ဖက်ရှင်ရှိုးပွဲသို့ သာမန်ဝန်ထမ်းလုပ်ရန် သက်သက်လာကြခြင်း မဟုတ်ဘဲ၊ ဤပွဲကြီးမှတစ်ဆင့် အခွင့်အလမ်းအသစ်များကို ရှာဖွေကာ အလုပ်အကိုင် ရာထူးတက်လှမ်းနိုင်ရန် ရည်မှန်းချက်ဖြင့် လာကြခြင်း ဖြစ်သည်။
အကယ်၍ ပထမအဆင့် လူရွေးပွဲမှာတင် ဤကဲ့သို့သော ပစ္စည်းပိုင်းဆိုင်ရာ ချို့ယွင်းချက် ပြဿနာကြီး ဖြစ်ပွားပြီး သူတို့က တာဝန်ယူရမည်ဆိုပါက... ၎င်းသည် သူတို့၏ လုပ်ငန်းခွင်မှတ်တမ်း တွင် ကြီးမားလှသော အမည်းစက်တစ်ခု ဖြစ်သွားပေလိမ့်မည်။ နောင်အနာဂတ်တွင်လည်း ရာထူးတက်ဖို့ ဖြစ်စေ၊ အခြားသော အခွင့်အရေးကောင်းများ ရရှိဖို့ ဖြစ်စေ မည်သည့်နည်းနှင့်မျှ ဖြစ်နိုင်တော့မည် မဟုတ်ပါချေ။
လျောင်ယူဟွီတစ်ယောက် ပျာယာခတ်သွားပြီး နှုတ်ခမ်းစူကာ အလုပ်မြန်လှသော ရှောင်ထုံကို တားဆီးရန် အချိန်မရလိုက်တော့ပါချေ။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ထုံသည် ဆုဘင်း ငြင်းပယ်ခဲ့သော အခြားသော ဒေါက်ဖိနပ်နှစ်စုံကို အလောတကြီး ကောက်ယူကာ အောက်ခြေဒေါက်များကို စစ်ဆေးလိုက်တော့သည်။
လျောင်ယူဟွီအနေဖြင့် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဆုဟွေရှန်၏ထံသို့သာ အားကိုးတကြီး မျက်လုံးများဖြင့် လှမ်း၍ အကူအညီတောင်းခံမိရှာတော့၏။
သို့သော်ငြားလည်း... ဆုဟွေရှန်ကမူ သူမ၏ မျက်ဝန်းများကို အောက်သို့ချလိုက်ပြီး၊ သူမ၏ လက်ကောက်ဝတ်က လက်ကောက်လေးကိုသာ အရေးမစိုက်ဟန်ဖြင့် လှည့်ပတ်ကစားနေခဲ့သည်။ သူမသည် စကားတစ်လုံးမျှ ဝင်မပြောတော့ပါချေ။ ဘာဖြစ်လို့လဲဆိုတော့... ဤပြဿနာညစ်ပတ်ကြီးသည် သူမနှင့် လုံးဝ မသက်ဆိုင်ဟု သူမ တွေးတောထားခြင်းကြောင့် ဖြစ်သည်။ လျောင်ယူဟွီသည် သူမဘာသာ သဘောအလျောက် ထောင်ချောက်ဆင်ခဲ့ခြင်းသာ ဖြစ်သည် မဟုတ်ပါလား။
အကယ်၍ တစ်ယောက်ယောက်က ဤပြဿနာအတွက် တာဝန်ယူရမည်ဆိုလျှင်တောင်မှ... ၎င်းသည် သူမနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိတော့သဖြင့်၊ သူမ၏ မျက်နှာထက်တွင်မူ ဂုဏ်သရေရှိလှသော ဟန်ဆောင်အပြုံးတစ်ခုကိုသာ ဆက်လက် ဆင်ယင်ထားခဲ့ပါတော့သည်။