အခန်း (၂၂) ရှင်ပါလား
အိုရီဆာ ဖက်ရှင်ရှိုးပွဲ၏ ပထမအဆင့် လူရွေးပွဲ ကို "ဟောက်ကျွယ် ဟိုတယ်" မှာပင် ဆက်လက်ကျင်းပမည် ဖြစ်သည်။
နံနက်စောစော ထပြီးနောက် ဆုဘင်းတစ်ယောက် ဖုန်းဆော့ဖ်ဝဲလ်အက်ပ် မှတစ်ဆင့် အငှားယာဉ်တစ်စီးကို လှမ်းခေါ်လိုက်၏။ အားလုံးအဆင်သင့်ဖြစ်ပြီဆိုမှ သူမသည် မှန်ထဲတွင် မိမိကိုယ်မိမိ တစ်ချက်ပြန်လည်စစ်ဆေးပြီး၊ လက်ကိုင်အိတ်ကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့တော့သည်။
သူမသည် ပါးပါးလျလျ မိတ်ကပ်အလှလေးအပြင်၊ ရှေးဟောင်းဒီဇိုင်း ချောင်ဆမ် ဝတ်စုံလေးကို ဆင်ယင်ထားသဖြင့် S နိုင်ငံသူ အမျိုးသမီးတို့၏ ကျော့ရှင်းလှပမှုနှင့် သိမ်မွေ့မှုအလှတရားတို့က အထိုင်းသား ပေါ်လွင်နေခဲ့၏။
သူမ အပြင်သို့ လှမ်းခြေလှမ်းလိုက်စဉ်မှာပင် ကားတစ်စီး ရောက်ရှိလာသည်ကို တွေ့ရသဖြင့် ထိုကားဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားခဲ့သည်။
ထို ဘန့်တလေ ကားဇိမ်ခံအမျိုးအစားကြီးသည် သူမ၏အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီး ဘေးတွင် ဆိုက်ရပ်လိုက်၏။
‘ငါ အက်ပ်ကနေ တက္ကစီခေါ်တာကို ဘန့်တလေကားကြီး လာကြိုတယ် ဟုတ်လား... ငါ တကယ်ပဲ ကံကောင်းတာပဲ။’ ဟု ဆုဘင်း စိတ်ထဲကတွေးကာ အံ့ဩနေမိသည်။
သို့သော်ငြားလည်း... ကားမှန်တံခါး ပွင့်ကျသွားသည့်အခါတွင်မူ လုဟဲ့ထင်၏ အဆမတန် ချောမောခန့်ညားလွန်းလှသော ဘေးတစ်စောင်း မျက်နှာခန့်ခန့်ကြီးက ပေါ်ထွက်လာခဲ့လေသည်။
သူက နိမ့်ရှရှနှင့် အက်ရှရှအသံဖြင့် ခပ်ပြတ်ပြတ်လေး ဆိုလိုက်သည်... "ကားပေါ်တက်။"
သူ့၏ စကားလုံးများက တိုတောင်းလှသော်လည်း အမိန့်ပေးသံကဲ့သို့ အရှိန်အဝါ အပြည့်ရှိနေခဲ့၏။
"ရှင်... ရှင်ပါလား။" ဆုဘင်း၏ မျက်ဝန်းအစုံတွင် အံ့ဩတုန်လှုပ်မှုများ ဖြတ်ပြေးသွားပြီး ပါးပြင်လေးနှစ်ဖက်စလုံး ရှက်သွေးဖြန်းကာ အနည်းငယ် နီမြန်းသွားခဲ့ရသည်။
"ဘာလို့ အံ့ဩနေတာလဲ။ မင်းကိုယ်တိုင်ပဲ ငါ့ကို ဖုန်းဆက်သွယ်ပါဦးဆိုပြီး အကြိမ်ကြိမ် ပြောခဲ့တာ မဟုတ်ဘူးလား။" လုဟဲ့ထင်တွင် ထိုသို့လုပ်ရန် ခိုင်လုံသောအကြောင်းပြချက် မရှိခဲ့သည့်တိုင်အောင် အခုတော့ သူမအနားသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
မနေ့ညက သူမ၏ ဖုန်းနံပါတ်ကို ရရှိပြီးနောက်တွင်မူ... သူသည် အငှားယာဉ်အက်ပ်၏ အတွင်းပိုင်းစနစ် ထဲသို့ ဝင်ရောက်ကာ သူမ ဖုန်းခေါ်လိုက်သည့်အခါတိုင်း သူ့ကားတစ်စီးတည်းကိုသာ ရွေးချယ်မိစေရန် အချက်အလက်များကို ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်သည်။
ဤအကွက် ဆန်းပြားဖို့အတွက်... သူသည် တက္ကစီအက်ပ် ကုမ္ပဏီပလက်ဖောင်း အတော်များများတွင် ယာဉ်မောင်းအကောင့်တစ်ခုကို အထူးတလည် သီးသန့်သွားရောက် လျှောက်ထားခဲ့ရရှာသည်။
"ဟုတ်ပါတယ်... ကျွန်မ ရှင့်ကို ဆက်သွယ်ဖို့ ပြောခဲ့တာပါ။ ဒါပေမဲ့ ကျွန်မရဲ့ ကားဒရိုင်ဘာအဖြစ် လာကြိုပေးဖို့ ပြောခဲ့တာ မဟုတ်ပါဘူး။"
"တိုက်ဆိုင်လိုက်တာလေ။ မင်း အခုလေးတင် လှမ်းခေါ်လိုက်တဲ့ကားက ငါ့ကား ဖြစ်နေတာကိုး။"
အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဆုဘင်းလည်း ချက်ချင်းပင် ကားပေါ်သို့ တက်လိုက်ရတော့သည်။ မဟုတ်လျှင်မူ သူမ လူရွေးပွဲကို နောက်ကျပေတော့မည်။
သူမက သူ့ဘက်သို့ လှည့်ကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်... "ဒါနဲ့... ရှင်က မစ္စတာဝေကျန့်အတွက် ကားမောင်းပေးရတာ မဟုတ်ဘူးလားဟင်။"
လုဟဲ့ထင် သူမ ဆိုလိုသည်မှာ လုဝေကျန့်ကို ပြောခြင်းဖြစ်ကြောင်း ချက်ချင်း သိလိုက်၏။
ကြည့်ရသည်မှာ... လွန်ခဲ့သော ငါးနှစ်တုန်းကလိုပဲ သူမသည် သူ့ကို ဒရိုင်ဘာတစ်ယောက်အဖြစ် အခိုင်အမာ ထင်မှတ်နေဆဲပင် ဖြစ်သည်။
"ငါ့မှာ အချိန်ရှိပါတယ်။" လုဟဲ့ထင်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏။
ဆုဘင်း ခေါင်းလေး အသာညိတ်လိုက်ပြီး သူ့ကို ထပ်မံကြည့်ရှုရင်း... "မစ္စတာလု... ရှင့်ရဲ့ ကုမ္ပဏီ ကရှင့်ကို သူတပါးအပေါ် ကားအလွဲသုံးစားလုပ်ပြီး မောင်းခွင့်ပြုလို့လားဟင်။ ကျွန်မ ဆိုလိုတာက... မစ္စတာဝေကျန့်ရဲ့ ကားကို တက္ကစီအဖြစ် သုံးပြီး ရှင်က ပြင်ပဝင်ငွေရှာနေတာကို သူတို့ သိရင် အဆင်ပြေပါ့မလားလို့ပါ။"
"သူ ကိုယ်တိုင် ခွင့်ပြုထားတာပဲ။"
လုဝေကျန့်သာ သူ့ကို မခွင့်ပြုရဲဘဲ နေဝံ့ပါ့မလား။
"ဒါဆို ရှင့်ရဲ့ ကုမ္ပဏီက ဝန်ထမ်းအကျိုးခံစားခွင့်တွေ တကယ်ကောင်းတာပဲနော်။ မစ္စတာဝေကျန့်ကလည်း တကယ့်ကို သဘောကောင်းမယ့်ပုံပဲ။" ဆုဘင်းက အေးအေးလူလူပင် ရေရွတ်လိုက်၏။
သူမက လုဝေကျန့်ကို ချီးမွမ်းပြောဆိုနေသည်ကို ကြားလိုက်ရသဖြင့် လုဟဲ့ထင်၏ နှုတ်ခမ်းပါးကြီးက ချက်ချင်း တွန့်ချိုးသွားကာ... "ငါက သူ့ရဲ့ ဝေးကွာတဲ့ ဆွေမျိုးတစ်ယောက် ဖြစ်ပေမယ့်... သူက ငါ့ကို ညီအစ်ကိုအရင်းတစ်ယောက်လို ဆက်ဆံတာပါ။"
"ဩော်... ဒါကြောင့်ကိုး။"
ထို့နောက်တွင်မူ ဆုဘင်းတစ်ယောက် နှုတ်ဆိတ်သွားခဲ့သည်။ သူမ၏ စိတ်ထဲတွင် ယနေ့ကျင်းပမည့် ဖက်ရှင်လူရွေးပွဲ အခြေအနေများနှင့် ပတ်သက်၍သာ မလွဲမသွေ တွေးတောပူပန်နေမိတော့၏။
ခေတ္တမျှ ကြာပြီးနောက်တွင်မူ လုဟဲ့ထင်က စကားစမြည် ထပ်မံစတင်လိုက်သည်... "မစ္စဆု... လွန်ခဲ့တဲ့ ငါးနှစ်တာ ကာလအတွင်းမှာ မင်း ဘယ်နေရာတွေကို ရောက်နေခဲ့တာလဲ။"
မနေ့ညက... သူသည် သူမ၏ အချက်အလက်များကို ပထမဆုံးအကြိမ်အဖြစ် လိုက်လံစုံစမ်းခဲ့ခြင်း ဖြစ်သော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် လွန်ခဲ့သော ငါးနှစ်အတွင်း သူမ ဘယ်မှာ နေထိုင်ခဲ့သည်ဆိုသည့် သဲလွန်စကို လုံးဝ ရှာမတွေ့ခဲ့ပါချေ။ သူ ရရှိခဲ့သမျှမှာ သူမ ဘဝထဲကနေ မပျောက်ကွယ်သွားခင် အတိတ်က အကြောင်းအရာများသာ ဖြစ်သည်။
ဆုမိသားစု အိမ်တော်အကြီးအကဲ၏ ချစ်လှစွာသော သမီးအရင်းတစ်ယောက်ဖြစ်ပါလျက်နှင့်၊ သူမသည် မိထွေးနှင့် ညီမဖြစ်သူတို့၏ နှိပ်စက်မှုကြောင့် အိမ်ကနေ မောင်းထုတ်ခံခဲ့ရပြီး၊ ငါးနှစ်တိုင်တိုင် မည်သူမျှ သတင်းအစအန မရရှိခဲ့ကြချေ။
"အမေရိကန်မှာပါ။ အမှန်အတိုင်းပြောရရင်... ကျွန်မ အခုမှ ပြန်ရောက်တာ။" ဆုဘင်းအနေဖြင့် ဤကိစ္စကို သူ့အပေါ် ဖုံးကွယ်ထားရန် အကြောင်းပြချက် မရှိဟု ထင်မှတ်သဖြင့် ဆိုလိုက်ခြင်း ဖြစ်သည်။
လုဟဲ့ထင်သည် ကားစတီယာရင် ဟ ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားမိသဖြင့် သူ့၏ သွယ်လျလှသော လက်ချောင်းထိပ်လေးများပင် ဖြူဖျော့သွားခဲ့ရရှာသည်။ အတိတ်တုန်းက သူမသည် သူ့ထံသို့ ကွာရှင်းပြတ်စဲရေး စာချုပ်ကို ပေးပို့ရန် ဆုံးဖြတ်ခဲ့စဉ်ကလည်း... သူ သူမရှိရာ နေရာကို လိုက်လံစုံစမ်းမိမည်ကို စိုးရိမ်သဖြင့် အခြားသူတစ်ဦးထံမှတစ်ဆင့် လှမ်းပေးခဲ့ခြင်း ဖြစ်ပေသည်။
"မစ္စဆု... ဒီတစ်ခေါက် ပြန်လာတာရော ဘယ်လောက်အထိ ကြာကြာနေဖို့ စိတ်ကူးထားလဲ။"
"ကျွန်မ ထင်တာတော့... တစ်နှစ်လောက်ပါပဲ။"
‘တစ်နှစ် ဟုတ်လား...’ လုဟဲ့ထင် မျက်မှောင်ကြုတ်မိသွားသည်။ သူမနှင့်အတူ ရှိနေခွင့်ရမည့် အချိန်က ဤမျှလောက်အထိ နည်းပါးနေသည်ကို သူ အသိဆုံး ဖြစ်ပေသည်။
"ဒါဆို... တစ်နှစ်ပြည့်သွားရင် မင်း ထပ်ပြီး ထွက်သွားဦးမှာပေါ့။"
ဆုဘင်း သူမ၏ နီမြန်းသော နှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်မိသည်။ တစ်နှစ်တာ ကာလတစ်ခု ကုန်ဆုံးသွားပြီးနောက် ဘာတွေ ဆက်ဖြစ်လာမလဲဆိုသည်ကို သူမ အကြိမ်ကြိမ် တွေးတောခဲ့ပြီးသား ဖြစ်သည်။ ဘာပဲဖြစ်ဖြစ်... သူမ၏ အဓိက အစီအစဉ်မှာ အချိန်တန်လျှင် တာပေါင်လေးကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးနိုင်မည့်သူတစ်ဦးကို ရှာဖွေပေးရန်သာ ဖြစ်သည် မဟုတ်ပါလား။
သူမသည် ဘာမျှ ပြန်မပြောဘဲ နှုတ်ဆိတ်လျက် မျက်နှာထက်တွင် ဖျော့တော့သော အပြုံးလေးတစ်ခုကို ဆင်ယင်ထားသည်ကို မြင်လိုက်ရသဖြင့် လုဟဲ့ထင်လည်း ဆက်လက်၍ မေးခွန်းမမေးတော့ပါချေ။ ထို့ပြင် ကားလမ်းမကြီးကိုသာ တည်ငြိမ်စွာ စိုက်ကြည့်ရင်း ရှေ့သို့သာ ကားမောင်းနှင်သွားခဲ့တော့သည်။