အခန်း (၂၁) ငါ့မှာ တကယ်ပဲ မရီးတစ်ယောက် ရှိနေပြီပဲ
လုဟဲ့ထင်၏ ပြင်းရှလှသော အကြည့်များအောက်တွင် ဆုဘင်းတစ်ယောက် စိတ်အစဉ်ကို တည်ငြိမ်အောင် မနည်းကြိုးစားခဲ့ရသည်။
သူမ စိတ်ကို လျှော့ချပြီး တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက်တွင်မူ ချိုးမင်းရွှမ်း နှင့် ဆုဟွေရှန် ဆိုသည့် အမည်နှစ်ခုသည် သူမ၏ ဦးနှောက်ထဲသို့ ဖျတ်ခနဲ ဖြတ်ပြေးသွားခဲ့တော့၏။
ဤညစ်ညမ်းလှသော လက်ဆောင်ပစ္စည်းသည် ဆုဟွေရှန်၏ ယုတ်မာသော အကြံအစည် ဖြစ်သည်မှာ အထင်အရှားပင်။
ကြည့်ရသည်မှာ... သူမ၏ ဖအေတူမအေကွဲ ညီမဖြစ်သူသည် သူမအပေါ် ရန်ရှာတိုက်ခိုက်ရသည်ကို မည်သည့်အခါမျှ ရိုးအီသွားမည့်ပုံ မပေါ်ချေ။ အေးလေ...... လာချင်သလောက် လာစမ်းပါစေဦးတော့။
ထိုအမျိုးသမီးလေး၏ သွယ်လျမွတ်သိပ်ပြီး ကျော့ရှင်းလှသော ကျောပြင်အလှကို ငေးမောကြည့်ရင်း လုဟဲ့ထင်တစ်ယောက် မျက်မှောင်ကြုတ်မိသွားသည်။
သူမ ဒီတစ်ခေါက် ဘာဖြစ်လို့ ပြန်လာတာလဲ။ ပြီးတော့... S နိုင်ငံမှာ ဘယ်လောက်အထိ ကြာကြာနေမှာလဲ။
ဆေးလိပ်မသောက်ဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း သူသည် လက်ချောင်းများကြားတွင် ဆေးလိပ်တစ်လိပ်ကို ညှပ်ကာ မီးညှိလိုက်၏။ ဆေးလိပ်ကို ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် သူ့၏ နှုတ်ခမ်းပါးမှတစ်ဆင့် မီးခိုးငွေ့ဝိုင်းလေးများကို အပြင်သို့ မှုတ်ထုတ်လိုက်သည်။ သူ့ရင်ထဲ၌ တောက်လောင်နေသော စိတ်အနှောင့်အယှက်ဖြစ်မှုများနှင့် ရမ္မက်ဆန္ဒများကို ဖိနှိပ်ပစ်ရန်အတွက် အချိန်အတော်လေး ယူလိုက်ရရှာ၏။
ထို့နောက်တွင်မူ လုဟဲ့ထင်သည် သူနေထိုင်ရာ "လုဟွား နိုင်ငံတကာ ဗီလာအိမ်တော်ကြီး" ဆီသို့ ကားမောင်းပြီး ပြန်လာခဲ့တော့သည်။ အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် သူ့၏ ကုတ်အင်္ကျီကို အိမ်ထိန်းကြီးထံသို့ လှမ်းပေးလိုက်၏။
သူသည် လည်ကတုံး ကော်လာမှ (Tie) ကို ဖြေလျှော့လိုက်ရင်း၊ ဆုဘင်းထံမှ ရရှိခဲ့သော လက်ဆောင်ဘူးကို ဧည့်ခန်းရှိ လက်ဖက်ရည်စားပွဲပေါ်သို့ ပစ်တင်လိုက်ကာ ဆိုဖာတွင် ထိုင်ချလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် ဆုဘင်း၏ ပုံရိပ်ကို လုံးဝ မောင်းထုတ်၍ မရနိုင်သေးပါချေ။
ကွက်တိပင်... ထိုအချိန်၌ လုဝေကျန့် တစ်ယောက် အခန်းထဲသို့ အေးအေးလူလူ လှမ်းဝင်လာခဲ့သည်။ သပ်ရပ်စိမ်းလန်းသော မျက်ခုံးအစုံနှင့် ရှည်လျားကျဉ်းမြောင်းသော မျက်ဝန်းညိုတစ်စုံကို ပိုင်ဆိုင်ထားသည့် သူသည် စားပွဲပေါ်ရှိ ကွန်ဒုံးဘူးကို တစ်ချက်တည်းနှင့် လှမ်းမြင်လိုက်၏။
သူက ဆိုဖာပေါ်တွင် အလိုက်သင့် ထိုင်ချလိုက်ပြီးနောက် ထိုဘူးကို လှမ်းယူရင်း စနောက်လိုက်သည်... "အစ်ကို... အစ်ကိုက တကယ်ပြောင်းလဲသွားပြီပဲ။ ကျွန်တော် အစ်ကို့ဆီကနေ ထွက်သွားတာ ခဏလေးပဲ ရှိသေးတယ်၊ အစ်ကိုက ဒါမျိုးကို အခန်းထဲအထိ သယ်လာပြီပေါ့ဟုတ်လား။ အစ်ကို မော်ဒယ်လ်မလေး တစ်ယောက်ယောက်ကို မျက်စိကျသွားတာလား။ သူ့နာမည်က ဘယ်သူလဲ။ ဘယ်ကလဲ။ အစ်ကိုက... ကျွန်တော့်ရဲ့ မရီးအပေါ်ကို ဖောက်ပြန်တော့မလို့လား။"
"အဲ့ဒါ မင်းရဲ့ မရီးပဲ။" လုဟဲ့ထင်က ခေါင်းမော့ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲတွင် မည်သည့် ခံစားချက်အရိပ်အယောင်မျှ မရှိချေ။
"ဗျာ... ဘာကြီးလဲ။ ကျွန်တော့်မှာ မရီးဆိုတာ တကယ်ပဲ ရှိနေတာလား။" လုဝေကျန့်တစ်ယောက် ဆတ်ဆတ်ခါ အံ့ဩသွားခဲ့ရသည်။
လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း "လုဟဲ့ထင်ရဲ့ ဇနီး" ဆိုသည်မှာ လုမိသားစုအတွင်း တစ်ခါတရံမှသာ ကြားရတတ်သည့် အမည်နာမတစ်ခု ဖြစ်ခဲ့သည်။ လူတိုင်းက ထိုအမျိုးသမီးကို လုဟဲ့ထင်က မင်္ဂလာမဆောင်ချင်၍ သက်သက် လုပ်ကြံဖန်တီးထားသည့် ပုံပြင်တစ်ပုဒ်ဟုသာ ထင်မှတ်ထားကြခြင်း ဖြစ်၏။ လုဝေကျန့်အနေဖြင့် ထိုမရီးဆိုသူမှာ လူသားအစစ်အမှန်အဖြစ် တကယ်ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိချေ။
သူသည် အလွန်တရာ စိတ်လှုပ်ရှားသွားပြီး ဆက်လက်မေးမြန်းလိုက်သည်... "ဒါဆို... မရီးက နောက်ဆုံးတော့ ကျောင်းပြီးသွားပြီပေါ့ဟုတ်လား။ နိုင်ငံခြားကို ထပ်သွားဦးမှာလား။ ဒါမှမဟုတ် အစ်ကိုနဲ့အတူ အမြဲတမ်း နေထိုင်ဖို့ ပြန်လာတာလား။"
လုဟဲ့ထင်ကတော့ နှုတ်ဆိတ်နေဆဲပင်။ ထိုအခြေအနေကို မြင်လိုက်ရသဖြင့် လုဝေကျန့်က ထပ်လောင်းပြောဆိုလိုက်သည်... "ကျွန်တော့်ကို မရီးအတွက် ကြိုဆိုပွဲ ပါတီတစ်ခုလောက် စီစဉ်ခိုင်းချင်လား။ ကျွန်တော် ဒီမြို့မှာ အကြီးကျယ်ဆုံး ပါတီပွဲကြီး ဖြစ်အောင် လုပ်ပေးမယ်။ ကျွန်တော်တို့ ကုမ္ပဏီက အချောဆုံး၊ အခန့်ဆုံး လူငယ်လေးတွေကို အကုန်ဖိတ်ပေးမယ်... ဒါမှ မရီးက သူအကြိုက်ဆုံး လူကို စိတ်ကြိုက် ရွေးချယ်လို့ရမှာ..."
လုဟဲ့ထင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ညီကို လူသတ်တတ်သော သတိပေးအကြည့်ဖြင့် စိုက်ကြည့်လိုက်၏။
လုဝေကျန့်တစ်ယောက် ဘေးအန္တရာယ်ကို ရိပ်မိသွားသဖြင့် စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်ရရှာသည်... "ကျွန်တော် ဆိုလိုတာက... မရီးတစ်ယောက် ဒီမြို့ကို ပြန်လာခဲတာမို့ အစ်ကိုတို့နှစ်ယောက် ကောင်းကောင်းမွန်မွန် အဆင်ပြေအောင် နေသင့်တယ်လို့ ပြောတာပါ။ အစ်ကိုတို့နှစ်ယောက် ဝေးကွာနေခဲ့ရတာ ငါးနှစ်တောင် ရှိပြီပဲ။ တကယ်ကို မလွယ်ကူခဲ့ပါဘူး။ အစ်ကိုတို့ နှစ်ယောက်က ကောင်းကင်ပေါ်က 'နွားကျောင်းသားနဲ့ ရက်ကန်းမယ်' လိုပဲ နဂါးငွေ့တန်းကြီး ခြားနေခဲ့ကြတာကိုး..."
လုဟဲ့ထင်သည် ဆိုဖာမှ ထရပ်လိုက်ပြီး အပေါ်ထပ်သို့ တက်လှမ်းသွားခဲ့တော့သည်။ လုဝေကျန့်ကတော့ ဘူးထဲက ကွန်ဒုံးကို ငုံ့ကြည့်ရင်း ခေါင်းကို ကုတ်လျက်... "ငါပဲ အတွေးလွန်နေတာ ထင်ပါရဲ့။ သူတို့တောင် ဒါမျိုးတွေ သုံးနေကြပြီဆိုမှတော့... မရီးက တကယ်ရှိတာပေါ့။ ငါ တကယ်မထင်ထားခဲ့ဘူး။ ငါ့မှာ တကယ်ပဲ မရီးတစ်ယောက် ရှိနေပြီဟေ့။"
လုဟဲ့ထင်သည် ရေချိုးခန်းထဲသို့ တိုက်ရိုက် လျှောက်လှမ်းဝင်ခဲ့သည်။ သူသည် အေးစက်လှသော ရေအေးဖြင့် ရေချိုးနေစဉ်မှာပင် လွန်ခဲ့သော ငါးနှစ်က အဖြစ်အပျက်များကို မလွဲမသွေ ပြန်လည်အမှတ်ရမိသွားရ၏။
ထိုအချိန်တုန်းက... သူ့၏ အဘွားဖြစ်သူမှာ ပြင်းထန်စွာ နာမကျန်းဖြစ်နေခဲ့သည်။ အဘွားအိုကြီး နောက်ဆုံး ဆန္ဒရှိခဲ့သည်မှာ သူမ မကွယ်လွန်ခင် မြေးဖြစ်သူ မင်္ဂလာဆောင်သွားသည်ကို မြင်တွေ့ချင်ခဲ့ခြင်း ဖြစ်၏။
သူ့မိသားစုက ရွေးချယ်ပေးထားသည့် သတို့သမီးလောင်းသည် "ပြည်သူ့ရေးရာဦးစီးဌာန" သို့ မည်သည့်အခါမျှ ရောက်ရှိမလာခဲ့ဘဲ ပျောက်ကွယ်သွားခဲ့ပြီးနောက်... ဆုဘင်းသည် လမ်းပျောက်နေသော သမင်မလေးတစ်ကောင်ကဲ့သို့ သူ့ဘဝထဲသို့ မမျှော်လင့်ဘဲ တိုးဝင်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
သူမသည် ပေါ်လာတုန်းကလိုပဲ ရုတ်တရက် ပြန်လည်ပျောက်ကွယ်သွားခဲ့သော်လည်း... လုဟဲ့ထင်သည် လုမိသားစုတစ်ခုလုံးကို သူမသည် ထွက်ပြေးသွားခြင်း မဟုတ်ဘဲ ဇနီးအစစ်အမှန်အဖြစ် ရှိနေဆဲဖြစ်ကြောင်း အမြဲတမ်း အသိပေးထားခဲ့သည်။
လွန်ခဲ့သော ငါးနှစ်တာ ကာလပတ်လုံး ထိုအမျိုးသမီးလေးမှာ ဘယ်တုန်းကမျှ ပြန်လည်ပေါ်ပေါက်မလာခဲ့သဖြင့် မိသားစုဝင်များက လုဟဲ့ထင်တစ်ယောက် အိမ်ထောင်မပြုချင်၍ သက်သက် အကြောင်းပြချက် ပေးနေသည်ဟု ထင်မှတ်လာကြခြင်း ဖြစ်၏။ သို့သော်ငြားလည်း... ထိုအမျိုးသား၏ နှလုံးသားအောက်ခြေတွင်မူ သူမကို တစ်စက္ကန့်မျှပင် မေ့လျော့ခဲ့ခြင်း မရှိပါချေ။
သူမ ပြန်လာမည့် နေ့ရက်ကို သူ အမြဲတမ်း စောင့်ဆိုင်းနေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
လုဟဲ့ထင်သည် သူ့၏ တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးကို ဖြေလျှော့လိုက်ရင်း... ရင်ထဲတွင် ပြတ်သားလှသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တော့သည်။