အခန်း (၂၀) သူကတော့ သူမကိုယ်တိုင် ပေးချင်တာမျိုးပဲ ဖြစ်စေချင်ခဲ့တာ
လုဟဲ့ထင်သည် သူမ၏ ရှေ့မှောက်တွင်ပင် လက်ဆောင်ဘူးကို တိုက်ရိုက် ဖွင့်လှစ်လိုက်ပြီးနောက် ခပ်တိုးတိုး လေသံဖြင့်... "ဒါဆိုရင်လည်း... မစ္စဆု... မင်း ငါ့ကို ဒါမျိုးပေးရတဲ့ ရည်ရွယ်ချက်ကို နည်းနည်းလောက် ရှင်းပြပေးလို့ ရမလား။"
သူ့၏ လေသံထဲတွင် စူးစမ်းလိုစိတ်များ ပြည့်နှက်နေခဲ့၏။
သူမသည် ဤလက်ဆောင်ကို သူ့တစ်ယောက်တည်းကိုပဲ ပေးခဲ့တာလား... ဒါမှမဟုတ် အခြားအမျိုးသားတွေကိုလည်း ပေးခဲ့ဖူးသလား။ ဒါမှမဟုတ် ဒါက တိုက်ဆိုင်မှုတစ်ခုသက်သက်ပဲလား။
ငါးနှစ်တာ ကာလတစ်ခု ကုန်ဆုံးသွားပြီးမှ အခုကျမှ သူ့ရှေ့ကို သူမ ပြန်ပေါ်လာရတဲ့ အကြောင်းအရင်းက ဘာလဲ။
"ဘာရည်ရွယ်ချက် ရှိရမှာလဲ။ ကျွန်မ ပြောပြီးပြီပဲလေ... ရှင်နဲ့ နှုတ်မဆက်ဘဲ ထွက်သွားမိခဲ့တဲ့အတွက် နောင်တရတဲ့ အထိမ်းအမှတ်အနေနဲ့ ပေးတဲ့ လက်ဆောင်ပါဆို..." ဆုဘင်းက ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။ လုဟဲ့ထင်၏ မျက်နှာကြီးက သူမနှင့် အလွန်တရာ နီးကပ်လွန်းနေသဖြင့် သူမတစ်ယောက် အသက်ရှူပင် ကျပ်ချင်လာခဲ့ရ၏။
"အဲ့ဒီလိုဆိုရင်လည်း... မင်းရဲ့ လက်ဆောင်ကို ငါ အလေးအနက် လက်ခံရမှာပေါ့။ မင်း ဆန္ဒရှိတဲ့အတိုင်းပဲ ဖြစ်စေရမယ်... မစ္စဆု။" လုဟဲ့ထင်က လွတ်နေသော သူ့၏ လက်တစ်ဖက်ကို သူမ၏ နောက်ကွယ်က နံရံပေါ်သို့ ထောက်လိုက်ပြီး သူမကို သူ့၏ ရင်ခွင်လက်မောင်းနှစ်ဖက်ကြားတွင် ပိတ်လှောင်ထားလိုက်လေသည်။
သူ့၏ အက်ရှရှ အသံထဲက သွေးဆောင်လိုသည့် အဓိပ္ပာယ်ကို ကြားလိုက်ရသဖြင့် ဆုဘင်းတစ်ယောက် ဇဝေဇဝါဖြင့် လက်ဆောင်ဘူးဆီသို့ လှည့်ကြည့်မိလိုက်၏။ သို့သော် ဘူးထဲတွင် ရှိနေသော ပစ္စည်းကို မြင်လိုက်ရသည့် ခဏမှာပင် သူမ၏ မျက်နှာလေးတစ်ခုလုံး အရှက်တရားကြောင့် ရဲရဲနီသွားခဲ့ရတော့သည်။
သူမ လုဟဲ့ထင်ကို ပေးခဲ့မိသော လက်ဆောင်ဘူးထဲတွင် ရှိနေသည်က... ညစ်ညမ်းလှသော ကြော်ငြာစာသားများ ရေးသားထားသည့် ကွန်ဒုံး တစ်ဘူး ဖြစ်နေခဲ့သည်လေ။
အံ့ဩစရာ မရှိတော့ပါချေ... သူက သူမ၏ ရည်ရွယ်ချက်ကို တလွဲတချော် အကြီးအကျယ် အထင်လွဲသွားခဲ့ခြင်း ဖြစ်ပေသည်။
ဆုဘင်းတစ်ယောက် အလောတကြီးဖြင့် လက်ဆောင်ဘူးကို လှမ်းလုရန် ပြင်လိုက်ရင်း... "မစ္စတာလု... တောင်းပန်ပါတယ်ရှင်။ ဒါက ကျွန်မ ရှင့်ကို ပေးချင်တဲ့ ပစ္စည်းမဟုတ်ပါဘူး။"
မန်နေဂျာ ချိုးမင်းရွှမ်းတစ်ယောက် သူမကို ဤကဲ့သို့သော ပစ္စည်းမျိုး ပေးအပ်ပြီး အခြားသူတစ်ဦးကို လက်ဆောင်ပေးရန် တိုက်တွန်းလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့မိချေ။
အကယ်၍ သူမသာ ယနေ့ည ပါတီပွဲ၌ ဤလက်ဆောင်ဘူးကို အကဲဖြတ်ဒိုင်လူကြီး တစ်ယောက်ယောက်ကို တကယ်ပေးမိခဲ့မည်ဆိုပါက... သူမသည် ဤဖက်ရှင်ရှိုးပွဲတွင် နာမည်ပျက်စာရင်း (Blacklist) သွင်းခံရမည့်အပြင် နောင်အနာဂတ်တွင်လည်း မည်သည့် တရားဝင် ရှိုးပွဲကြီးများကမျှ သူမကို လက်ခံတော့မည် မဟုတ်ပါချေ။
"မစ္စတာလု... ဒီလက်ဆောင်က ကျွန်မရဲ့ မန်နေဂျာ ပြင်ဆင်ပေးလိုက်တာပါ။ ထဲထဲမှာ ဘာရှိလဲဆိုတာ ကျွန်မ တကယ်မသိခဲ့ပါဘူး။ အထဲမှာ ဒါမျိုး ရှိနေမှန်းသာ သိရင် ကျွန်မ ရှင့်ကို လုံးဝ ပေးမှာမဟုတ်ဘူး။ ကျေးဇူးပြုပြီး အဲ့ဒါကို ကျွန်မဆီ ပြန်ပေးပါနော်။" ဆုဘင်းက လက်ဆောင်ဘူးကို လှမ်းယူရန် လက်ချောင်းလေးများ ဖြန့်ကားလိုက်သော်လည်း သူမ ရှင်းပြလေလေ၊ ပိုပြီးတော့ ပျာယာခတ်လာလေလေ ဖြစ်နေခဲ့ရသည်။
သူမရှေ့က အမျိုးသားက ဘာတွေ တွေးတောနေသည်ကို သူမ လုံးဝ မခန့်မှန်းနိုင်တော့ချေ။
ချိုးမင်းရွှမ်းကတော့ တကယ့်ကို ဒုက္ခပေးတဲ့ မိန်းမပဲ။ သူမအနေဖြင့် လုဟဲ့ထင်နှင့် ကောင်းကောင်းမွန်မွန် စကားပြောဆိုခွင့် ရနိုင်ပါလျက်နှင့်၊ ထိုအခွင့်အရေးမှာ ဤအဓိပ္ပာယ်မရှိသည့် "လက်ဆောင်" ဘူးအစုတ်ကြောင့် ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။
ဆုဘင်း၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ လုဟဲ့ထင်၏ မျက်ဝန်းအစုံက ပိုမိုမှောင်မှောင်သွားခဲ့ရသည်။ သူကတော့... ဤလက်ဆောင်ကို အခြားသူတစ်ယောက်က ပြင်ဆင်ပေးတာထက်၊ သူမကိုယ်တိုင်ကသာ သူ့ကို ရည်ရွယ်ပြီး ပေးချင်ခဲ့တာမျိုးကို ပိုပြီးတော့ အလိုရှိခဲ့မိသည်လေ။
သူက လက်ဆောင်ဘူးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး သူမ လက်လှမ်းမမီနိုင်မည့် နေရာသို့ အပေါ်သို့ မြှောက်လိုက်ရင်း... "ကောင်းပြီလေ... ဒါက ငါ့အတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားတာ မဟုတ်ဘူးဆိုတာ ငါလည်း သိပြီးသားပါ။ ဘာပဲဖြစ်ဖြစ်... ငါ့အတွက်တော့ ဒီတစ်လုံးတည်းနဲ့တင် လုံးဝ မလုံလောက်နိုင်ဘူးဆိုတာ မင်းလည်း အသိဆုံး ဖြစ်မှာပါ။"
ထိုစကားကြောင့် ရုတ်တရက်ဆိုသလို ဆုဘင်း၏ စိတ်ထဲတွင် လွန်ခဲ့သော ငါးနှစ်က အတူတူ ကုန်လွန်ခဲ့သည့် ထိုညဉ့်နက်ပိုင်းအကြောင်းအရာများ ပြန်လည် ဖျတ်ခနဲ ပေါ်လာခဲ့ရပြီး၊ အရှက်တရားကြောင့် မျက်နှာတစ်ခုလုံး နီမြန်းတောက်ပသွားခဲ့ရသည်။ ဤအမျိုးသားသည် အပြင်ပန်းကြည့်လျှင် လူကြီးလူကောင်း ပုံစံပေါက်သော်လည်း တကယ်တမ်းတော့ တကယ့်ကို လျှာအရိုးမရှိတဲ့ လူယုတ်မာ အစစ်ပဲ ဖြစ်သည်။
"မဟုတ်တာ... ကျွန်မ မသိဘူး။ ကျွန်မ လွန်ခဲ့တဲ့ ငါးနှစ်က အကြောင်းအရာ အားလုံးကို မေ့ပစ်လိုက်ပြီ။" ဆုဘင်းက သူမ၏ မျက်ဝန်းထဲက ရှက်သွေးဖြန်းမှုများကို ဖုံးကွယ်ရန်အတွက် အရေးမစိုက်ဟန် အပြုံးမျိုးဖြင့် လိမ်ညာကာ တုံ့ပြန်လိုက်၏။
"ငါးနှစ်တောင် ရှိသွားပြီ... မင်းက သင်ခန်းစာကို အခုထိ မမှတ်သေးဘူးပဲ။" လုဟဲ့ထင်၏ ခန္ဓာကိုယ်နှင့် မျက်ဝန်းအစုံတွင် တောက်လောင်နေခဲ့သော ရမ္မက်ဆန္ဒ အရှိန်အဝါများသည် ဤစကားကြောင့် ချက်ချင်းဆိုသလို ရေဖျန်းလိုက်သကဲ့သို့ ကွယ်ပျောက်သွားခဲ့ရတော့သည်။
သူ ဘာကို ဆိုလိုသလဲဆိုသည်ကို ဆုဘင်း ကောင်းကောင်း သိလှပေသည်။ လွန်ခဲ့သော ငါးနှစ်က သူမသည် မိထွေးမွေးသည့် ညီမဖြစ်သူ၏ ဆေးခတ်ခြင်းကို ခံခဲ့ရပြီး၊ ယနေ့တွင်လည်း မိမိ၏ ကိုယ်ပိုင်မန်နေဂျာ၏ လှည့်ကွက်အောက်တွင် ထပ်မံ ကျရှုံးလုနီးပါး ဖြစ်ခဲ့ရသည် မဟုတ်ပါလား။
သို့သော်ငြားလည်း... ယနေ့ ပါတီပွဲတွင် လုဟဲ့ထင်သာ ပေါ်မလာခဲ့လျှင်တောင်မှ သူမသည် ဤလက်ဆောင်ဘူးကို မည်သည့် အကဲဖြတ်ဒိုင်လူကြီးကိုမျှ ပေးမိလိမ့်မည် မဟုတ်ချေ။ သူမသည် ဖြူစင်ရိုးသားသူ ဖြစ်သော်လည်း အူတူတူ အနအန မိန်းကလေးတစ်ယောက်တော့ မဟုတ်ပါချေ။
"ထားလိုက်ပါတော့ မစ္စတာလုရယ်။ နောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့။" ဆုဘင်းအနေဖြင့် ဤအခြေအနေတွင် စကားကို ဆက်လက်ပြောဆိုရန် မသင့်တော်တော့ဟု ခံစားလိုက်ရသဖြင့်... "ကျွန်မ ပြန်တော့မယ်။ နောက်မှပဲ ကျွန်မဆီကို ဖုန်းဆက်သွယ်လိုက်ပါတော့။"
ထိုအမျိုးသားကမူ လက်ဆောင်ဘူးကို သူ့လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲပင်။ ကြည့်ရသည်မှာ သူမအနေဖြင့် ထိုဘူးကို ပြန်လည်ရယူနိုင်တော့မည် မဟုတ်ချေ။
ဆုဘင်းတစ်ယောက် လှည့်ပြန်ပြီး အခန်းထဲကနေ အလောတကြီး ထွက်ခွာလာခဲ့တော့သည်။
အခန်းအပြင်ဘက်သို့ လျှောက်လှမ်းလာခဲ့သည့်တိုင်အောင် ခုနက ရင်ဆိုင်ခဲ့ရသည့် ရှုပ်ထွေးလှသော စိတ်ခံစားမှုလှိုင်းလုံးကြီးများကို သူမ ဖယ်ရှားပစ်နိုင်ခြင်း မရှိသေးဘဲ၊ သူမ၏ မျက်နှာလေးမှာလည်း အချိန်အတော်ကြာအောင် နီမြန်းနေခဲ့ရရှာသည်။
ဒါက လက်ဆောင်ပစ္စည်းက အလွန်တရာ "ညစ်ညမ်း" နေခဲ့ရုံတင်မကဘဲ... လုဟဲ့ထင်ဆိုသည့် ထိုအမျိုးသားက တကယ့်ကို မိန်းကလေးတွေကို သွေးဆောင်မြှူဆွယ်တဲ့နေရာမှာ အကွက်ကျကျ ကစားတတ်လွန်းခြင်းကြောင့်လည်း ဖြစ်ပါတော့သည်။