အခန်း (၂)
ဆုဘင်းက သူမ၏ ကျန်ရှိနေသော လက်တစ်ဖက်ဖြင့် ဆုဟွေရှန်၏ မေးစေ့ကို ဆွဲညှစ်ကာ ပါးစပ်ကို အတင်းဟစေလိုက်သည်။
ဆုဘင်း၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော လေသံထဲတွင် ထူးခြားစွာ အေးစက်တည်ငြိမ်မှုများ ရောယှက်နေပြီး...
"ဒီစွပ်ပြုတ်ထဲမှာ ဘာပဲပါပါ... အခုတော့ ဒါတွေအားလုံးက နင့်အတွက်ပဲ။"
ထို့နောက် သူမသည် ဆုဟွေရှန်၏ လက်ကောက်ဝတ်ကို လွှတ်လိုက်ပြီး ငှက်သိုက်စွပ်ပြုတ်အိုးကို ကောက်ယူကာ ဆုဟွေရှန်၏ ပါးစပ်ထဲသို့ ဇွတ်အတင်း လောင်းထည့်လိုက်တော့သည်။
ဆုဟွေရှန်က ခေါင်းကို ရမ်းခါလျက် အသည်းအသန် ရုန်းကန်သော်လည်း ဆုဘင်း၏ သန်မာသော ချုပ်ကိုင်မှုအောက်မှ ရုန်းမထွက်နိုင်ချေ။ ထို့ကြောင့် ဆုဘင်းက ငှက်သိုက်စွပ်ပြုတ်များကို သူမ၏ ပါးစပ်ထဲသို့ အညှာအတာမဲ့ ထိုးသွန်းနေသည်ကို အောင့်အည်းခံရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
"ငါ... ငါမလုပ်... ဆုဘင်း... နင်... ငါ့ကိုလွှတ်!" ဆုဟွေရှန်မှာ သီးပြီး တဟွတ်ဟွတ် ချောင်းဆိုးနေရှာသည်။ သူမသည် သနားစဖွယ် မျက်နှာပေးလေးဖြင့် ခေါင်းကို တရစပ် ရမ်းခါနေခဲ့၏။
ထိုစဉ် အခန်းတံခါးက ရုတ်တရက် ပွင့်သွားပြီး ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦး ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာခဲ့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည်နှင့် သူက ဆုဘင်း၏ လက်ကောက်ဝတ်ကို ချက်ချင်းလှမ်းဖမ်းကာ ဆုဟွေရှန်နှင့် ဝေးရာသို့ ဆွဲထုတ်လိုက်တော့သည်။
သူ့မျက်နှာတွင် အံ့ဩတုန်လှုပ်မှုများ အထိုင်းသားဖြင့်... "ဆုဘင်း... နင် ဘာတွေလုပ်နေတာလဲ။"
"ဒူလော... နင် ရောက်လာတာ အတော်ပဲ။ ဆုဟွေရှန်က ဒီငှက်သိုက်စွပ်ပြုတ်ထဲမှာ ဆေးခတ်ထားတာ။ ပြီးတော့ ငါ့ကို မုဒိမ်းကျင့်ဖို့ သက်တော်စောင့်တွေကိုပါ ခေါ်ခိုင်းထားသေးတယ်။ တော်သေးတာက ငါက သူမထက် လက်ဦးမှုရသွားလို့။ အခုတော့ သူမ စီစဉ်ထားတဲ့ ငှက်သိုက်စွပ်ပြုတ်ကို သူမဘာသာ ပြန်မြည်းစမ်းခိုင်းနေတာ" ဟု ဆုဘင်းက အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။ သူမ၏ လှပသော မျက်ဝန်းအစုံတွင် မထီမဲ့မြင်ပြုရိပ်များ ထင်ဟပ်နေ၏။
ဆုဘင်း၏ စကားကို ကြားလိုက်ရသောအခါ ဒူလော၏ နူးညံ့သော မျက်နှာထားက ချက်ချင်း ပြောင်းလဲသွားသည်။ "ဒါ... ဒါတကယ်ပဲလား။"
ဆုဟွေရှန်က သနားစဖွယ် ပုံစံဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီး... "မဟုတ်ပါဘူး... မဟုတ်ရပါဘူး။ ငါက ဘာလို့ ဒီလိုကိစ္စမျိုး လုပ်ရမှာလဲ။ ဆုဘင်း... နင် ငါ့ကို မကြိုက်မှန်း ငါသိပါတယ်၊ ငါလည်း သည်းခံပေးနိုင်ပါတယ်။ ဒါပေမဲ့... ဒီလောက် ယုတ်မာကောက်ကျစ်တဲ့ ကိစ္စကြီးကိုတော့ ငါ့အပေါ် ဘာလို့ စွပ်စွဲရက်ရတာလဲ။ ကိုကိုလော... ညီမလေး တကယ်မလုပ်ခဲ့ပါဘူး..."
သူမ၏ သနားစဖွယ် မျက်နှာလေးကို ကြည့်ပြီး ဒူလောသည် ဆုဟွေရှန်အပေါ် စိတ်မကောင်း ဖြစ်သွားမိသည်။ ထို့နောက် သူက ဆုဘင်းဘက်သို့ လှည့်ကာ...
"ဆုဘင်း... နင်က ဆုမိသားစုအကြီးအကဲရဲ့ အဖိုးတန်သမီးအရင်းပဲလေ။ ဒီနေရာကို ဘယ်သူမှ လုယူလို့မရပါဘူး။ ဘာလို့ ဟွေရှန်အပေါ် ဒီလောက်အထိ ရက်စက်ရတာလဲ။"
ဒူလော၏ စကားလုံးများက ဆုဘင်း၏ နားထဲတွင် အလွန်ပင် ခါးသက်လှသည်။ ထို့ပြင် သူက သူမ၏ ဖအေတူမအေကွဲ ညီမကို "ဟွေရှန်" ဟု ရင်းရင်းနှီးနှီး ခေါ်လိုက်သည်ကို ကြားရသဖြင့် စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရ၏။ သူတို့တွေက ဘယ်တုန်းက ဒီလောက်အထိ ရင်းနှီးသွားကြတာလဲ။
"နင်က ငါ့ဘက်က တမင်သက်သက် လုပ်ကြံဖန်တီးပြီး သူမကို စွပ်စွဲနေတယ်လို့ သံသယဝင်နေတာလား" ဟု သူမက ဒူလောကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း မေးလိုက်သည်။
"နင် ရံဖန်ရံခါ ဂျစ်ကန်ကန်နိုင်တာကို ငါလက်ခံပေးလို့ရတယ်။ ဒါပေမဲ့ ဒီလိုကိစ္စမျိုးက နောက်ပြောင်လို့မရဘူးဆိုတာ နင် သိသင့်တယ်" ဟု ဒူလောက ဆုဘင်းကို ပြောလိုက်သည်။ ထို့နောက် သူက ဆုဟွေရှန်ကို သနားဂရုဏာသက်သော မျက်လုံးများဖြင့် ကြည့်ကာ ဆက်ပြောသည်... "ဟွေရှန်က နင့်အပေါ် အမြဲတမ်း အလျှော့ပေး သည်းခံခဲ့တာ။ ဒါပေမဲ့ အတိုင်းအထက်အလွန်တော့ မလုပ်နဲ့လေ။"
ဆုဘင်းသည် ဒူလော၏ ခန့်ညားသော မျက်နှာကို စိုက်ကြည့်နေမိသည်။ မိမိကိုယ်မိမိ အမြဲမှန်သည်ဟု ထင်နေသော သူ့ပုံစံကို ကြည့်ပြီး သူမ စိတ်ထဲတွင် ရယ်ချင်စရာကောင်းလှသည်ဟု ခံစားလိုက်ရ၏။
ထို့နောက် သူမက သရော်လှောင်ပြောင်သော လေသံဖြင့် မေးလိုက်သည်... "နင်က ငါ့ကိုမယုံဘဲ သူမကိုပဲ ယုံတယ်ပေါ့?"
ဒူလောက မျက်နှာကို တစ်ဖက်သို့ လွှဲသွားပြီး သူ့လက်သီးများကို ဘောင်းဘီအိတ်ကပ်ထဲတွင် တင်းတင်းဆုပ်ထားသည်။ သူ သူမ၏ မေးခွန်းကို ပြန်မဖြေခဲ့ချေ။
"ဒီမှာ ဘာတွေဖြစ်နေကြတာလဲ။ ဘာလို့ ပြန်ရန်ဖြစ်နေကြတာလဲ" ဆုဘင်း၏ ဖခင်ဖြစ်သူ ဆုရှင်းဖူ နှင့် သူ့ဇနီး ရွှီကျိချင် တို့ အခန်းထဲသို့ အလောတကြီး ပြိုင်တူ ဝင်လာကြသည်။
ဆုဟွေရှန်က ရွှီကျိချင်၏ ရင်ခွင်ထဲသို့ ချက်ချင်းတိုးဝင်ကာ မခံမရပ်နိုင်ဖြစ်ပြီး ဝမ်းနည်းပက်လက် ငိုကြွေးလေတော့သည်... "မေမေ... သမီး တကယ်ပဲ ဆုဘင်းကို ဆေးမခတ်ခဲ့ပါဘူး။ ပြီးတော့ သမီး သူမကို စော်ကားဖို့ လူတွေကိုလည်း မခေါ်ခိုင်းခဲ့ပါဘူး။ သမီးက ဘာလို့ သူမအပေါ် ဒီလိုကိစ္စမျိုး လုပ်ရမှာလဲ။"
ရွှီကျိချင်၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားပြီး... "ဆုဘင်း... ဒီကြားထဲမှာ တစ်ခုခု နားလည်မှုလွဲနေတာ နေမှာပါ ဟုတ်တယ်မလား။"
"သမီး သူမပြောတဲ့ စကားတွေကို ကိုယ်တိုင် နားနဲ့ဆတ်ဆတ် ကြားခဲ့တာ။ သက်တော်စောင့်တွေကို သမီးအခန်းထဲ လာခဲ့ဖို့ ဖုန်းဆက်မှာကြားနေတာကိုပါ ကြားခဲ့တာ။ ဒါကို ဘာလို့ နားလည်မှုလွဲတာလို့ ပြောနိုင်ရတာလဲ" ဟု ဆုဘင်းက ပြန်ပြောလိုက်သည်။
ဆုဟွေရှန်က ပို၍ပင် သည်းထန်စွာ ငိုကြွေးပြန်သည်... "ငါက ဘာလို့ ဒီလို အောက်တန်းကျတဲ့အလုပ်ကို လုပ်ပြီး နင့်ဘဝကို ဖျက်ဆီးရမှာလဲ။ ဒီလိုလုပ်ရင် ငါ့ဘဝပါ ပျက်စီးသွားမှာလေ။ ငါက ထောင်ကျမှာကို မကြောက်ဘူးလို့ ထင်နေတာလား။"
ရွှီကျိချင်က ရင်ကွဲမတတ် ခံစားရသော လေသံဖြင့်... "မောင်... သမီးလေး ဟွေရှန်က ဒီလိုကိစ္စမျိုး လုံးဝလုပ်မယ့်ကလေး မဟုတ်ဘူးဆိုတာ ကျွန်မ ယုံကြည်တယ်။ ဒါပေမဲ့ အခုတော့ သူတို့ ညီအစ်မနှစ်ယောက်ကြား ပြန်အဆင်ပြေဖို့ မလွယ်တော့ဘူးထင်တယ်..."