အခန်း (၁၉) ငါ့အကြောင်းကို အသေအချာ နားလည်သွားအောင်လို့လား
လုဟဲ့ထင်သည် ထိုင်နေရာမှ ထရပ်လိုက်၏။ စူပါမော်ဒယ်လ်တစ်ဦးဖြစ်သည့် ဆုဘင်းထက်ပင် သူက ခေါင်းတစ်ဝက်စာခန့် ပိုမိုအရပ်မြင့်မားလှသည်။ သူသည် သူမ၏ အနားသို့ တဖြည်းဖြည်း တိုးကပ်လာပြီး ခန့်ညားလှသော မျက်နှာကြီးကို သူမဘက်သို့ စောင်းငဲ့လျက်... "မင်းက ငါ့ကို လက်မှတ်ထိုးစေချင်လို့လား... ဒါမှမဟုတ် မထိုးစေချင်ဘူးလား။"
ဆုဘင်းက မိမိကိုယ်မိမိ လှောင်ပြုံးပြုံးလိုက်ရင်း... "ကျွန်မမှာ ရှင့်ကို လက်မှတ်ထိုးပါ၊ မထိုးပါနဲ့လို့ တောင်းဆိုပိုင်ခွင့် မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မရဲ့ အပြစ်ပဲဥစ္စာ။ ရှင် ဘယ်လိုပဲ ဆုံးဖြတ်ခဲ့ ဆုံးဖြတ်ခဲ့... ကျွန်မ ရှင့်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါတယ်။ ဒါပေမဲ့ ဒါက ကျွန်မရဲ့ အနာဂတ်အပေါ် သက်ရောက်မှုရှိနေလို့ အဖြေကို တကယ်ပဲ သိချင်မိတာပါ။"
"မစ္စဆု... မင်းက တောက်ပတဲ့ ဘဝသစ်တစ်ခုကို အလျင်စလို စတင်ချင်လွန်းလို့ ငါ့ကို လက်မှတ်ထိုးစေချင်နေတာလား။" လုဟဲ့ထင်က သူ ဘာတွေးနေသည်ကို အကဲခတ်ရခက်လှသော လေသံဖြင့် ခပ်အေးအေး မေးလိုက်သည်။ သို့သော်ငြားလည်း သူ့၏ ဘေးတွင် ချထားသော လက်သီးဆုပ်နှစ်ဖက်ကမူ အရှိန်ပြင်းစွာ တင်းကြပ်နေခဲ့၏။
"ရှင် လက်မှတ်ထိုးလိုက်ပြီလားဟင်။" ဆုဘင်းတစ်ယောက် ရင်တထိတ်ထိတ် ဖြစ်လွန်းသဖြင့် အဖြေကို စောင့်ဆိုင်းရင်း လက်ချောင်းလေးများဖြင့် ဂါဝန်အနားစကို လိမ်ကျစ်နေမိရှာသည်။
လုဟဲ့ထင်တွင် မြင့်မားလှသော ရာထူးအာဏာ မရှိခဲ့သည့်တိုင်အောင် သူသည် အဆင့်မြင့်ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည့် ချောမောခန့်ညားသော အမျိုးသားတစ်ဦး ဖြစ်သည်။ လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း အမျိုးသမီးများစွာသည် သူ့ထံသို့ ရောက်ရှိလာခဲ့ကြလိမ့်မည်ဟု ဆုဘင်း အသေအချာ ယုံကြည်မိသည်။ အကယ်၍ သူသာ ယခုအခါ အခြားအမျိုးသမီးတစ်ဦးနှင့် လက်တွဲနေခဲ့ပြီဆိုလျှင် သူမဘက်က ဘာမျှ တတ်နိုင်တော့မည် မဟုတ်ချေ။
လုဟဲ့ထင်က သူ့၏ နှုတ်ခမ်းပါးကို တင်းတင်းစေ့လိုက်သည်။ ဆုဘင်းအတွက်တော့ ဤအမူအရာက အလွန်တရာ ရင်းနှီးလွန်းလှ၏။ တာပေါင်တစ်ယောက် တစ်ခုခုကို ငြင်းဆန်တော့မည်ဆိုလျှင် ယခုကဲ့သို့ နှုတ်ခမ်းလေးကို တင်းတင်းစေ့တတ်သည် မဟုတ်ပါလား။
ဤသားအဖနှစ်ဦးသည် စိတ်ကူးစိတ်သန်းချင်း တိုက်ဆိုင်လှပေသည်။
ဆုဘင်း မေးခွန်းကို အနည်းငယ် ပြောင်းလဲ၍ မေးရန် ဆုံးဖြတ်လိုက်ရင်း... "မစ္စတာလု... လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ရှင် တစ်ယောက်ယောက်ကို ချစ်မိသွားခဲ့သေးလားဟင်။"
"မစ္စဆု... မင်းက ငါ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို စိတ်ဝင်စားနေတာလား။" လုဟဲ့ထင်က သူမ၏ လှပသော မျက်နှာလေးကို တစ်ချက် စောင်းငဲ့ကြည့်လိုက်၏။
ဆုဘင်း မျက်ခုံးလေး ပင့်လိုက်ရင်း ပြုံးလျက်... "တကယ်လို့ ကျွန်မက စိတ်ဝင်စားတယ်ဆိုရင်ရော... ရှင် အဖြေမှန်ကို ပြောပြမှာမို့လို့လား။"
"မင်း ငါ့အကြောင်းကို အသေအချာ နားလည်သွားအောင်လို့လား။" လုဟဲ့ထင်၏ အသံက တဖြည်းဖြည်း နိမ့်ဆင်းသွားပြီး သူမ၏ မေးစေ့လေးကို ဆတ်ခနဲ လှမ်းဆွဲမလိုက်သည်။
သူသည် လွန်ခဲ့သော ငါးနှစ်လုံးလုံး ဤမျက်နှာလေးကို သူ့စိတ်ထဲကနေ မောင်းထုတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
ယခုမူ... ကွေးညွတ်သော မျက်ခုံးအစုံနှင့် နီမြန်းသော နှုတ်ခမ်းအစုံ ရှိသည့် ဤမျက်နှာလေးက သူ့ရှေ့မှောက်သို့ တိုက်ရိုက် ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူ့ရင်ထဲတွင် ဖြစ်ပေါ်လာသမျှသည် သူမကို ပြင်းထန်စွာ အပြစ်ပေးလိုသည့် စိတ်ရိုင်းများသာ ဖြစ်တော့၏။
ထိုအမျိုးသားထံမှ ထွက်ပေါ်လာသော ဒေါသအရှိန်အဝါကို ခံစားမိလိုက်သဖြင့် ဆုဘင်းက ခပ်တိုးတိုး ဆိုရှာသည်... "မစ္တာလု... ရှင့်ရဲ့ ဖုန်းနံပါတ်လေး ပေးပါနော်။ ရှင့်ရဲ့ ဒေါသတွေ ပြေသွားတဲ့အခါကျမှ ကျွန်မတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့..."
ဆုဘင်း၏ ကျန်ရှိနေသော စကားလုံးများသည် သူမ၏ နှုတ်ခမ်းဖျားထက်သို့ အရှိန်အဟုန်ဖြင့် ကျရောက်လာသော သူ့၏ နှုတ်ခမ်းပါးများအောက်တွင် ပျောက်ကွယ်သွားခဲ့ရတော့သည်။
စက္ကန့်အနည်းငယ်ခန့် ပြင်းပြင်းထန်ထန် နမ်းရှိုက်ပြီးနောက်တွင်မူ လုဟဲ့ထင်က အနမ်းကို ရုတ်တရက် ရုပ်သိမ်းလိုက်ပြီး အက်ရှရှအသံဖြင့်... "အခုပဲ စကားပြောကြရင် ဘာဖြစ်လို့လဲ။ ဒီနည်းလမ်းမျိုးနဲ့ပေါ့။"
"ရှင်... လူယုတ်မာ!" သူ့၏ လေသံထဲမှ သွေးဆောင်မြှူဆွယ်လိုသည့် အဓိပ္ပာယ်ကို ရိပ်မိလိုက်သဖြင့် ဆုဘင်းတစ်ယောက် တည်ငြိမ်မှုကို ဆုံးရှုံးသွားခဲ့ရသည်။
"ဒါမှမဟုတ်... မင်း အရင်ဆုံး ရေချိုးဖို့ လိုအပ်နေသေးလို့လား။" လုဟဲ့ထင်၏ အသံက အလွန်တရာ ဆွဲဆောင်မှု ရှိလွန်းနေခဲ့၏။
‘ရေချိုးရမယ် ဟုတ်လား...’ ဆုဘင်း၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သူက သူတို့နှစ်ဦးကြားမှာ လက်ထပ်စာချုပ် ရှိနေရုံမျှဖြင့် သူမနှင့် အတူအိပ်ပိုင်ခွင့် ရှိသည်ဟု ထင်မှတ်နေတာလား။
သူမက လုဟဲ့ထင်ကို စိုက်ကြည့်ရင်း... "မစ္စတာလု... ရှင် ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်မ နားမလည်ဘူး။"
"ငါကတော့ မင်း နားမလည်ဘူးဆိုတာကို မယုံဘူး။ ဘာပဲဖြစ်ဖြစ်... မင်းက တကယ့်ကို အကွက်မြင်ပြီး ရှေ့တန်းကနေ လှုပ်ရှားတတ်တဲ့ အမျိုးသမီးတစ်ယောက်ပဲဟာ။"
သူ့၏ စော်ကားလိုသော စကားလုံးများကြောင့် ဆုဘင်း စိတ်အနှောင့်အယှက်ဖြစ်သွားရပြီး သူမ၏ ပြုပြင်မွမ်းမံထားသော မျက်ခုံးလှလှလေးများကို တွန့်ချိုးလိုက်ရင်း... "ကျွန်မ ရှင့်ဆီကို ကိုယ့်အစီအစဉ်နဲ့ကိုယ် လာခဲ့တယ်ဆိုတာကို ဝန်ခံပါတယ်။ ဒါပေမဲ့ အဲ့ဒါက ရှင်ထင်နေသလို အကြောင်းပြချက်မျိုးကြောင့် မဟုတ်ပါဘူး။ ကျွန်မတို့က အမည်ခံ ဇနီးမောင်နှံတွေပဲဥစ္စာ။ မစ္စတာလု... ရှင်လည်း ဒီအချက်ကို အသိဆုံးဖြစ်မှာပါ။"
"ငါကတော့ မင်း ဒီလိုကိစ္စမျိုးကို ငါ့တစ်ယောက်တည်းနဲ့ပဲ လုပ်တာလား... ဒါမှမဟုတ် အမျိုးသားတိုင်းနဲ့ လုပ်တာလားဆိုတာကိုပဲ သိချင်တာ။" လုဟဲ့ထင်၏ အသံက နိမ့်ဆင်းသွားပြီး သူ့မျက်ဝန်းအစုံက အေးစက်သွားခဲ့၏။
"ကျွန်မ မှတ်မိရသလောက်တော့... ရှင့်ရဲ့ အခန်းထဲကို လာခဲ့ဖို့ ဖိတ်ခေါ်ခဲ့တာ ရှင်ကိုယ်တိုင်ပဲလေ။" ဆုဘင်းက နှုတ်ခမ်းထောင့်ကို ကွေးညွတ်ကာ လှောင်ပြောင်လိုက်ရင်း... "ဒါမှမဟုတ်... မစ္စတာလု... ရှင်က အမျိုးသမီးတိုင်းအပေါ်ကို ဒီလိုလှည့်ကွက်မျိုးတွေ သုံးပြီး ကစားလေ့ရှိတာလား။"
ဤအမျိုးသားသည် အလွန်တရာ ချောမောခန့်ညားသော ရုပ်ရည်ထူးကို ပိုင်ဆိုင်ထားခဲ့သူ ဖြစ်သည်။ သူ့၏ ထောင်ချောက် ဆွဲဆောင်မှုများအောက်တွင် ကျရှုံးသွားခဲ့ရသည့် အမျိုးသမီးများစွာ ရှိနေလိမ့်မည်မှာ ဧကန်မလွဲပင်။