အခန်း (၁၈) အသုံးချခံ အမျိုးသား
"ဒါဆို... ငါနဲ့ ဟွေရှန်တို့ အရင်သွားလိုက်ဦးမယ်နော်။" ဒူးလော့ခ်က ပြောလိုက်သည်။
ဆုဟွေရှန်ကလည်း ဟန်ဆောင်အပြုံးလေးဖြင့်... "ဆုဘင်းလည်း ပြန်တော့မှာမလား။ အပြင်ကို အတူတူ ထွက်ကြရအောင်လေ။"
ဆုဘင်းကလည်း ငြင်းဆန်မနေဘဲ သူတို့နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။ အပြင်ဘက်တွင် လေအေးလေးများ ဖြတ်တိုက်နေသဖြင့် ဒူးလော့ခ်က သူ့၏ ကုတ်အင်္ကျီကို ချွတ်၍ ဆုဟွေရှန်၏ ပခုံးပေါ်သို့ ကြင်နာစွာ ခြုံလွှမ်းပေးလိုက်၏။
ထိုအခါ ဆုဟွေရှန်က ဆုဘင်းဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။ ထိုအပြုံးသည် မာနထောင်လွှားမှု၊ ကြွားဝါလိုမှုနှင့် အခြားသော ရှုပ်ထွေးလှသည့် မနာလိုဝန်တိုမှု အငွေ့အသက်များ ပြည့်နှက်နေခဲ့၏။
သူတို့ရှေ့တွင် အဆင့်မြင့် ရိုးစ်ရွိုက်စ် ကားအမည်းကြီးတစ်စီး ဆိုက်ရောက်လာခဲ့သည်။ ထို့နောက် ဒရိုင်ဘာက ကားပေါ်မှ ဆင်းလာပြီး ဒူးလော့ခ်နှင့် ဆုဟွေရှန်တို့အတွက် ကားတံခါးကို ရိုသေစွာ ဖွင့်လှစ်ပေးလိုက်လေသည်။
ဒူးလော့ခ်က ဆုဟွေရှန် ကားပေါ်တက်နိုင်ရန် တွဲကူပေးလိုက်၏။ သို့သော် သူမ ကားထဲသို့ မဝင်ခင် အောက်တွင် ခေတ္တရပ်လိုက်ပြီး ဆုဘင်းဘက်သို့ လှည့်ကာ ပြုံးလျက်... "ဆုဘင်း... အချိန်ရရင် အိမ်ကိုလည်း ပြန်လာဦးနော်။ ငါတို့အားလုံး နင့်ကို သတိရနေကြတာ။"
ဆုဘင်းကတော့ အလိုက်သင့်လေးသာ ပြုံးပြလိုက်ပြီး ဘာမျှ ပြန်မပြောခဲ့ချေ။
ဆုမိသားစု၏ ခန့်ညားလှသော အိမ်တော်ကြီးသည် သူမအတွက်တော့ အိမ်တစ်လုံး မဟုတ်တော့ပါချေ။ အထူးသဖြင့်... သူမ အိမ်ကနေ ထွက်ခွာသွားခဲ့သည့် ထိုနေ့ကတည်းက သမီးအရင်းဖြစ်သူအပေါ် ဖခင်ဖြစ်သူ၏ စိတ်ပျက်မှုနှင့် မယုံကြည်မှုများသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဆုဟွေရှန်နှင့် သူမ၏ မိထွေးဖြစ်သူအပေါ် ထားရှိသော ဆုဘင်း၏ မုန်းတီးမှုများသည် သူမ၏ မျက်နှာထက်တွင် အတိုင်းသား ပေါ်လွင်နေခဲ့သည်။ ထိုမိန်းမနှစ်ယောက်တွင် ကောက်ကျစ်ရက်စက်သော စိတ်ဓာတ်ဆိုးများ ပုန်းကွယ်နေသည်ကို သူမ သိသော်လည်း အပြင်လူများကတော့ အပေါ်ယံ ရွှေမှုန်ကြဲထားသည်ကိုသာ မြင်နိုင်ကြသည် မဟုတ်ပါလား။
ဒါတင်မကသေးဘဲ... ဖခင်ဖြစ်သူက သူမထက် ဆုဟွေရှန်ကိုသာ ပိုမိုရွေးချယ်ပြီးသား ဖြစ်နေခဲ့ပြီ။
ထို့ကြောင့် သူမအတွက်တော့ အိမ်ပြန်ပြီး ဖခင်ဖြစ်သူ၏ မျက်နှာသာရအောင် ဖားယားနေစရာ အကြောင်းပြချက် မရှိတော့ချေ။
ဆုဘင်းတစ်ယောက် အငှားယာဉ် တစ်စီးကို လှမ်းတားရန် ပြင်လိုက်စဉ်မှာပင် စားပွဲထိုးလူငယ်တစ်ဦးက သူမထံသို့ အလောတကြီး ပြေးလာပြီး တိုးတိုးလေး ကပ်ပြောလိုက်သည်... "မစ္စဆု... လုဟဲ့ထင်လို့ အမည်ရတဲ့ လူကြီးမင်းတစ်ယောက်က မစ္စဆုကို အပေါ်ထပ်က သူ့အခန်းဆီကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။"
လုဟဲ့ထင်က သူမကို တွေ့ချင်နေတာ တဲ့လား။
သူ လွန်ခဲ့တဲ့ ငါးနှစ်က အကြောင်းအရာတွေကို နောက်ဆုံးတော့ မှတ်မိသွားပြီ ထင်ပါရဲ့။
အမျိုးသမီးတစ်ယောက်အနေဖြင့် ဟိုတယ်အခန်းထဲတွင် အမျိုးသားတစ်ဦးနှင့် သွားရောက်တွေ့ဆုံခြင်းက ဘေးလူများအမြင်တွင် မရေမရာ ထင်ကြေးပေးစရာ ကိစ္စတစ်ခု ဖြစ်လာနိုင်သည်မှာ မလွဲဧကန်ပင်။ သို့သော် ဤအခိုက်အတန့်တွင်မူ သူတို့နှစ်ဦး ဆုံတွေ့စကားပြောရန် အခြားသင့်တော်သော နေရာမျိုးကို သူမ မစဉ်းစားမိတော့ချေ။
ဆုဘင်းတစ်ယောက် "ဟောက်ကျွယ် ဟိုတယ်" ထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ သူမသည် ဓာတ်လှေကားကို စီးနင်းကာ လုဟဲ့ထင်၏ အခန်းရှိရာ အထပ်ခလုတ်ကို နှိပ်လိုက်၏။
အခန်းတံခါးရှေ့သို့ ရောက်သောအခါ သူမသည် ရင်ထဲက မငြိမ်မသက်ဖြစ်မှုကို တည်ငြိမ်အောင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးမှ တံခါးကို ခေါက်လိုက်တော့သည်။
"ဝင်ခဲ့ပါ။" အတွင်းမှ အမျိုးသားတစ်ဦး၏ အေးစက်ပြတ်သားသော အသံ ထွက်ပေါ်လာခဲ့၏။
သူမ တံခါးကို တွန်းဖွင့်ကာ အတွင်းသို့ လျှောက်လှမ်းဝင်ခဲ့သည်။ လုဟဲ့ထင်သည် ဆိုဖာပေါ်တွင် ထိုင်နေပြီး ခုနကထက်စာလျှင် ပိုမိုအေးစက်ပြီး စိမ်းကားလွန်းလှသော အသွင်ကို ဆောင်နေခဲ့သည်။
အချိန်တိုလေးအတွင်းမှာတင်... သူ့ရဲ့ အရှိန်အဝါက ပိုပြီးတော့တောင် အေးခဲသွားသလို ခံစားရစေသည်။
ဆုဘင်း သူ့ကို မျက်လုံးထောင့်ကနေ တိတ်တဆိတ် ခိုးကြည့်မိလိုက်သည်။ တာပေါင်ကြီးပြင်းလာတဲ့ အခါကျရင်လည်း သူ့လိုပဲ ခန့်ညားထည်ဝါတဲ့ ပုံစံမျိုး ဖြစ်လာမှာပဲဟု တွေးမိပြီး သူမ ရင်ထဲတွင် ကြည်နူးမိသွားရ၏။ ဘာပဲဖြစ်ဖြစ်... သူမရဲ့ သားလေးမှာ ဤမျှလောက်အထိ ချောမောခန့်ညားလွန်းတဲ့ ဖခင်တစ်ယောက် ရှိနေသည် မဟုတ်ပါလား။
"မစ္စတာလု... မစ္စတာလု အခု ကျွန်မကို မှတ်မိသွားပြီလားဟင်" ဟု သူမက ယဉ်ကျေးစွာ မေးလိုက်သည်။
"မမှတ်မိဘူး။" လုဟဲ့ထင်က ခပ်ပြတ်ပြတ်ပင် ပြန်ဖြေလိုက်၏။
သူ့ထံမှ တစ်ခွန်းတည်းသော အေးစက်စက် အဖြေစကားကို ကြားလိုက်ရသဖြင့် ဆုဘင်းတစ်ယောက် ဆွံ့အသွားခဲ့ရသည်။ သို့သော်လည်း သူမသည် တောက်ပသော အပြုံးလေးကို ပြန်လည်ဆင်ယင်လိုက်ရင်း... "ဒါဆိုရင်လည်း... အခုကစပြီး ကျွန်မတို့ ပြန်လည်ရင်းနှီးအောင် လုပ်ကြတာပေါ့။ ဟုတ်ပြီလား။"
"ကောင်းသားပဲ။" သူက ခပ်အေးအေးပင် ပြန်ပြောသည်။
သူမက ပြုံးမြဲပြုံးလျက်... "ကျွန်မကတော့ မစ္စတာလုက ကျွန်မကို ဘယ်တော့မှ ပြန်တွေ့မှာ မဟုတ်တော့ဘူးလို့ တကယ်ထင်နေတာ။"
အမှန်စင်စစ်အားဖြင့် လုဟဲ့ထင်တွင် ထိုကဲ့သို့သော အစီအစဉ်မျိုး တကယ်ရှိခဲ့သည်။
ဘာပဲဖြစ်ဖြစ်... သူမသည် လွန်ခဲ့သော ငါးနှစ်က ဘာအကြောင်းပြချက်မျှမရှိဘဲ သူ့ဘဝထဲကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်လေ။ အချိန်တွေက မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့ပြီး အခုမှ သူမက ပြန်ပေါ်လာခဲ့သည်။
သူမက သူ့ကို ဘယ်လိုလူစားမျိုးလို့ ထင်နေတာလဲ။ လိုချင်တဲ့အချိန်ကျရင် အသုံးချပြီး၊ မလိုချင်တဲ့အခါကျရင် အမှိုက်လို လွှင့်ပစ်လိုက်လို့ရတဲ့ "တစ်ခါသုံး အမျိုးသား" တစ်ယောက်လို့ ထင်နေတာလား။
သို့သော်ငြားလည်း... သူမ ပေးခဲ့သော လက်ဆောင်ဘူးလေးကို မြင်လိုက်ရပြီးနောက်တွင်မူ သူ့၏ စိတ်ကူးများ ပြောင်းလဲသွားခဲ့ရခြင်း ဖြစ်သည်။
"မစ္စတာလု... ကျွန်မ မဆင်မခြင် မေးမိသလို ဖြစ်သွားရင် ခွင့်လွှတ်ပါနော်။ ဒါပေမဲ့... မေးခွန်းတစ်ခုလောက် မေးလို့ရမလားဟင်။" ဆုဘင်းက ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်သည်။
လုဟဲ့ထင် သူမကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်လိုက်ရင်း... "မင်းက ဒီညမှာ မဆင်မခြင် လုပ်ရပ်တွေကို တစ်ကြိမ်ထက်မက လုပ်ခဲ့ပြီးပြီပဲ။ အဲ့ဒီတော့... နောက်ထပ်တစ်ကြိမ်လောက် ထပ်လုပ်လိုက်လို့လည်း ဘာထူးသွားမှာမို့လို့လဲ။"
ဆုဘင်း နှုတ်ခမ်းလေးကို တင်းတင်းစေ့လိုက်ပြီး ခပ်တိုးတိုး မေးလိုက်သည်... "မစ္စတာလု... အဲ့ဒီတုန်းက ကျွန်မ ပေးခဲ့တဲ့ ကွာရှင်းပြတ်စဲရေး စာချုပ်ကို ရှင် လက်မှတ်ထိုးလိုက်ပြီလားဟင်။"
ထိုစကားကို ကြားလိုက်ရချိန်တွင် လုဟဲ့ထင်၏ လည်ပင်းမှ အာဒံသီး သည် ပြင်းထန်စွာ တုန်ခါသွားခဲ့ရသည်။
ဆုဘင်း၏ မေးခွန်းသည် သူ့၏ နှလုံးသားအောက်ခြေကို ပြင်းထန်စွာ ဆောင့်ထုလိုက်သလိုမျိုး အသက်အန္တရာယ် ပေးနိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။ သူသည် စားပွဲပေါ်ရှိ ကော်ဖီခွက်ကိုပင် တိုက်မိ၍ မှောက်လုနီးပါး ဖြစ်သွားခဲ့ရ၏။
သူ ယခုကဲ့သို့ စိတ်လှုပ်ရှားပြီး အမူအရာ ပျက်သွားခဲ့သည့် နောက်ဆုံးအကြိမ်တုန်းကတော့... လွန်ခဲ့သော ငါးနှစ်က ကွာရှင်းပြတ်စဲရေး စာချုပ်ကို လက်ခံရရှိခဲ့သည့် ထိုနေ့က ဖြစ်ပါတော့သည်။