အခန်း (၁၆) ငါးနှစ်စာ ဒေါသတွေက တစ်ခဏအတွင်း ပျောက်ကွယ်သွားနိုင်မယ် ထင်နေတာလား
လုဟဲ့ထင်သည် သူမကို ဖုန်းနံပါတ်ပေးရန် လုံးဝဆန္ဒမရှိကြောင်း သိလိုက်ရသဖြင့် ဆုဘင်း ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး သူမ၏ မျက်ဝန်းအစုံ၌ နောင်တရိပ်များ ဖြတ်ပြေးသွားခဲ့သည်။ သို့သော်လည်း သူမ ဇွတ်အတင်း ကမ်းပေးထားသော လက်ကို ပြန်ရုပ်သိမ်းရန် ပြင်လိုက်စဉ်မှာပင် သူက ရုတ်တရက် လှမ်းဆွဲကာ လက်ဆောင်ဘူးကို ယူလိုက်လေသည်။
"မစ္စတာလု!" ဆုဘင်း၏ မျက်ဝန်းများအတွင်း ဝမ်းမြောက်မှုအရိပ်အယောင်များ ပြန်လည် ထွက်ပေါ်လာရင်း... "ကျွန်မ အဲ့ဒီဘူးပေါ်မှာ ဖုန်းနံပါတ် ရေးထားပါတယ်ရှင်။ ရှင့်ရဲ့ ဒေါသတွေ ပြေသွားတဲ့အခါကျရင် ကျွန်မဆီကို ဖုန်းဆက်ပေးပါနော်။"
"မင်းက ငါးနှစ်စာ ဒေါသတွေက တစ်ခဏအတွင်းမှာတင် ပျောက်ကွယ်သွားနိုင်မယ်လို့ ထင်နေတာလား။" လုဟဲ့ထင်က လက်ဆောင်ဘူးကို သွယ်လျသော လက်ချောင်းများဖြင့် ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီးနောက် လက်ထဲက ဝိုင်ခွက်ကို စားပွဲပေါ်သို့ ‘ဒုန်း’ ခနဲအသံမြည်အောင် ဆောင့်ချလိုက်ကာ ထိုင်နေရာမှ ထရပ်ပြီး ခန်းမကြီးအတွင်းမှ ခြေလှမ်းကျဲကြီးများဖြင့် လှည့်ထွက်သွားခဲ့တော့သည်။
သူသည် လက်ဆောင်ဘူးကို အရှိန်ပြင်းစွာ ဆုပ်ကိုင်ထားခဲ့သဖြင့် သူ့လက်ချောင်းများထက်တွင် အပြာရောင်အကြောစိမ်းများပင် ထောင်ထွက်နေခဲ့၏။
‘ငါးနှစ်စာ ဒေါသတွေ ဟုတ်လား...’ ဆုဘင်းတစ်ယောက် ဇဝေဇဝါဖြင့် တွေးတောကျန်ရစ်ခဲ့သည်။ ခုနတင် သူက သူမကို မမှတ်မိတော့ဘူးလို့ ပြောခဲ့သည် မဟုတ်ပါလား။ အဲ့ဒီလိုဆိုရင် သူက ဘာဖြစ်လို့ သူမအပေါ် ငါးနှစ်လုံးလုံး ဒေါသထွက်နေရမှာလဲ။
တစ်ခါတည်းနဲ့ မှတ်မိနေခဲ့တာလည်း ဖြစ်နိုင်သည်ပဲ။ ဒါပေမဲ့ သူမက သူ့ကို ဘာမျှအသိမပေးဘဲ နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့မိသည့်အတွက် သူ့ကို အကြီးအကျယ် စိတ်ဆိုးပြီး မုန်းတီးနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သူမ၏ လုပ်ရပ်က သူ့၏ ယောက်ျားမာနကို နာကျင်စေခဲ့သည် မဟုတ်ပါလား။
ဆုဘင်းအနေဖြင့် သူ့နောက်သို့ ဇွတ်အတင်း ပြေးလိုက်သွားရန် မသင့်တော်တော့ဟု တွေးမိလိုက်သည်။ ထွက်ခွာသွားသော သူ့၏ ကျောပြင်ကြီးကို ကြည့်ရင်း သူမ ရင်ထဲတွင် အနည်းငယ် မချိတင်ကဲ ဖြစ်မိသွားခဲ့၏။ ဒါက တကယ်တော့ သူမ၏ အပြစ်သာ ဖြစ်သည်။ သူမသည် သူ့ဘဝထဲကနေ ငါးနှစ်တိုင်တိုင် ပုန်းကွယ်နေခဲ့ပြီး အခုကျမှ ပြန်ပေါ်လာကာ သူ့အပေါ်ကို ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခု (တာပေါင်ကို ပြုစုစောင့်ရှောက်ဖို့) သွားပေးဖို့ ကြံစည်နေခဲ့သည်လေ။
တာပေါင်က ဘယ်လောက်ပဲ လိမ္မာပြီး အသိဉာဏ်ရှိတဲ့ ကလေးပဲဖြစ်ဖြစ်၊ လုဟဲ့ထင်ရဲ့ ဘဝထဲကိုတော့ ရုတ်တရက်ကြီး ဝင်ရောက်လာမယ့် သူစိမ်းတစ်ယောက်လို ဖြစ်နေဦးမှာပဲ ဖြစ်သည်။
သူမ ရင်ထဲက စိုးရိမ်ပူပန်မှုများကို တည်ငြိမ်အောင် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီးနောက် ဆုဘင်း ပါတီပွဲထဲသို့ ပြန်လည်ဝင်ရောက်ကာ အကဲဖြတ်ဒိုင်လူကြီးများနှင့် ခေတ္တမျှ စကားစမြည် ဆက်လက်ပြောဆိုနေခဲ့သည်။
ပါတီပွဲပြီး၍ ပြန်ခါနီးအချိန်သို့ ရောက်သောအခါ သူမသည် မန်နေဂျာ ချိုးမင်းရွှမ်းရှိရာ ဆီသို့ လျှောက်လှမ်းလာခဲ့၏။
ထိုအချိန်တွင် ဆုဟွေရှန်၏ ဘေး၌ ရပ်နေသော ချိုးမင်းရွှမ်းက ခပ်တိုးတိုး ပြောလိုက်သည်... "ဟွေရှန်... ငါ အဲ့ဒီဘူးကို ဆုဘင်းလက်ထဲ ထည့်ပေးလိုက်ပြီ။ သူသာ အဲ့ဒီဘူးကို ဒိုင်လူကြီးတစ်ယောက်ယောက်ကို ပေးလိုက်ရင်တော့ ဒီပွဲမှာ သူ လုံးဝ အရွေးခံရတော့မှာ မဟုတ်ဘူး။"
ဆုဟွေရှန်၏ နူးညံ့သိမ်မွေ့ ဟန်ဆောင်ထားသော မျက်နှာထက်တွင် ကျေနပ် အားရသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ကောင်းလှပေသည်။ ဆုဘင်းအနေဖြင့် ဘာအရည်အချင်းနဲ့မှ ရုတ်တရက်ကြီး ပြန်ပေါ်လာပြီး သူမနှင့် လာရောက်ပြိုင်ဆိုင်ပိုင်ခွင့် မရှိစေရချေ။
ဆုဘင်း လက်ဗလာဖြင့် လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသောအခါ ချိုးမင်းရွှမ်းက သိရက်နဲ့ မေးလိုက်သည်... "ဆုဘင်း... လက်ဆောင်ဘူးကော။"
"တစ်ယောက်ယောက်ကို ပေးလိုက်ပြီလေ။" ဆုဘင်းက ပြုံးလျက် ပြန်ဖြေလိုက်၏။ ချိုးမင်းရွှမ်းက သူမကို ဤလက်ဆောင်ကို ဘယ်သူ့ကို ပေးရမည်ဟု တိတိကျကျ ပြောဆိုခဲ့ခြင်း မရှိချေ။ ဒိုင်လူကြီးတွေကို ပေးလိုက်လျှင် တစ်ယောက်ယောက်ကို အားနာစရာ ဖြစ်သွားမည်စိုးသဖြင့် ဆုဘင်းက ထိုဘူးကို လုဟဲ့ထင်ကိုသာ ပေးလိုက်ခြင်း ဖြစ်သည်။
ထိုဘူးထဲတွင် ဘာပဲရှိနေရှိနေ... လုဟဲ့ထင်တစ်ယောက် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အသုံးဝင်ပါစေဟုသာ သူမ မျှော်လင့်မိတော့သည်။
ချိုးမင်းရွှမ်းတစ်ယောက် အောင်နိုင်သူအလား ပြုံးပျော်သွားပြီး... "တကယ်ကို တော်တယ်ဟယ်။ ကဲ... အိမ်ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ဦး။ ပြီးရင် လာမယ့် သုံးရက်နေရင် ကျင်းပမယ့် ပထမအဆင့် စစ်ဆေးမှုအတွက် ပြင်ဆင်ထားတော့။"
အမှန်စင်စစ်အားဖြင့် ဆုဘင်းအတွက် ဘာမျှ ပြင်ဆင်နေစရာ မလိုတော့ချေ။ ဒိုင်လူကြီးတစ်ဦးကို ဤကဲ့သို့သော "အရှက်ရစရာ လက်ဆောင်" ပေးပြီး မျှားခေါ်ခြင်းအားဖြင့် ဆုဘင်းသည် ဤဖက်ရှင်ရှိုးပွဲတွင် ပါဝင်ခွင့် ဆုံးရှုံးသွားရုံတင်မကဘဲ နောင်ကျရင်လည်း အခြားရှိုးပွဲများစွာတွင်ပါ နာမည်ပျက်စာရင်း သွင်းခြင်း ခံရတော့မည် ဖြစ်သည်။ ထို့နောက်ပိုင်းတွင် သူမအနေဖြင့် လူတွေကို ဤကဲ့သို့သော "လက်ဆောင်" မျိုးတွေ ထပ်ဆင့်ပေးမှသာ အလုပ်ရနိုင်တော့မည့် ဘဝမျိုးသို့ ရောက်ရှိသွားမည် ဖြစ်ပြီး အဆင့်နိမ့် ဖက်ရှင်ရှိုးလေးတွေလောက်သာ တက်ခွင့်ရတော့မည်မှာ မြေကြီးလက်ခတ်မလွဲပင်။
"နေကောင်းရဲ့လား... ဆုဘင်း။" ဆုဟွေရှန်သည် သူမ၏ မျက်ဝန်းအစုံ၌ နူးညံ့ပျူငှာမှုများကို ဆင်ယင်လျက် ဆုဘင်း၏ ရှေ့သို့ လှမ်းတက်လာခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မတွေ့ရသည့် သူငယ်ချင်းဟောင်းကြီးအလား။
ထိုအခါကျမှသာ ဆုဘင်းသည် ဆုဟွေရှန်ကို သေသေချာချာ သတိပြုမိတော့သည်။ သူမသည် ဂါဝန်အနက်ရည်ကို ဝတ်ဆင်ထားပြီး လွန်ခဲ့သော ငါးနှစ်ကထက်စာလျှင် ပိုမိုရင့်ကျက်ကာ မြင့်မြတ်ကျော့ရှင်းသော ပုံစံမျိုး ပေါက်နေခဲ့သည်။ အတိတ်တုန်းကတော့ သူမသည် အမြဲတမ်း အားနွဲ့ပြီး အကာအကွယ်မဲ့နေပုံမျိုးသာ ပြသလေ့ရှိသည်လေ။
သူမသည် ဆုဘင်းထက် ခေါင်းတစ်ဝက်စာခန့် အရပ်ပုသဖြင့် ဒေါက်ဖိနပ်အမြင့်ကြီး စီးထားသည့်တိုင်အောင် ဆုဘင်း၏ အရပ်ကို မမှီတမှီသာ ရှိရှာသည်။ ဤနည်းလမ်းမျိုးဖြင့်သာ သူမသည် မိမိကိုယ်မိမိ ဆုဘင်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ယုံကြည်မှု တည်ဆောက်ထားနိုင်ခြင်း ဖြစ်၏။
ဒါ့အပြင်... ယခုအခါ သူမသည် ဆုမိသားစု၏ တစ်ဦးတည်းသော သမီးရတနာ ဖြစ်နေခဲ့ပြီဖြစ်ရာ ငွေကြေးနှင့် အထောက်အပံ့ကောင်းများစွာကို ရရှိထားခဲ့သည်။ မည်သည့်အမျိုးသမီးမဆို ဤကဲ့သို့သော အခွင့်အရေးနှင့် ပံ့ပိုးမှုမျိုးကို ငါးနှစ်တိုင်တိုင် ရရှိထားခဲ့မည်ဆိုပါက ယခုကဲ့သို့ ကျော့ရှင်းထည်ဝါသော အရှိန်အဝါမျိုး ရှိနေမည်မှာ မဆန်းလှပေ။
ဆုဘင်း၏ နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်သွားကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း... "နေကောင်းပါတယ်ရှင်။ ကံကောင်းထောက်မလို့ အခုထိ အသက်ရှင်နေသေးတာပေါ့။ ဒါနဲ့... နင်ကလည်း မင်းရွှမ်း လက်အောက်က မော်ဒယ်လ်တစ်ယောက် ဖြစ်နေတာပဲကိုး။"
ဆုဟွေရှန်၏ ဝတ်စားဆင်ယင်မှုနှင့် ချိုးမင်းရွှမ်း၏ ဘေးတွင် ရင်းရင်းနှီးနှီး ရပ်နေသည့် ပုံစံကို ကြည့်ရုံမျှဖြင့် ဆုဘင်းအနေဖြင့် သူမ ဤနေရာကို ဘာဖြစ်လို့ ရောက်နေသလဲဆိုတာကို ချက်ချင်း ရိပ်မိလိုက်ခြင်း ဖြစ်ပါတော့သည်။