အခန်း (၁၅) ငါတို့ လက်ထပ်ခဲ့ကြလို့လား
ထိုလျှို့ဝှက်ဆန်းကြယ်လှသော အမျိုးသမီးငယ်သည် နောက်ဆုံးတော့ သူ့ရှေ့မှောက်သို့ ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်သည်။
နေ့လယ်ခင်းက ခေတ္တမျှ လှမ်းမြင်လိုက်ရသည်ကလွဲလျှင် သူတို့နှစ်ဦးသည် ငါးနှစ်တိုင်တိုင် တစ်ယောက်ကိုတစ်ယောက် မြင်တွေ့ခွင့် မရခဲ့ကြချေ။
လုဟဲ့ထင်၏ စိတ်အစဉ်ထဲ၌မူ သူမသည် ပြည်သူ့ရေးရာဝန်ဆောင်မှုရုံး ရှေ့တွင် ရပ်ကာ သူ့ထံမှ အကူအညီအသေးအမွှားလေးတစ်ခု တောင်းခံခဲ့သည့် ကလေးဆန်သော မိန်းကလေးငယ်လေးအဖြစ်သာ စွဲထင်ကျန်ရစ်နေဆဲ ဖြစ်သည်။
သူသည် မျက်ဝန်းအစုံ၌ အေးစက်မှုများကို ဆင်ယင်လျက် ခပ်အေးအေးပင် မေးလိုက်သည်... "မင်းကို ငါသိလို့လား။"
ဆုဘင်း၏ မျက်ဝန်းအစုံတွင် ဝမ်းနည်းရိပ်တစ်ခု ချက်ချင်း ဖြတ်ပြေးသွားခဲ့ရသည်။ သူက သူမကို လုံးဝမေ့သွားခဲ့ပြီပဲ။
သို့သော်လည်း ဒါက အရေးမကြီးပါဘူးလေ။ သူတို့နှစ်ဦး မဆုံတွေ့ဖြစ်ကြသည်မှာ အတော်ပင် ကြာမြင့်ခဲ့ပြီဖြစ်ရာ သူ သူမကို မှတ်မိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့မိသည်မှာ အမှန်ပင်။
"မစ္စတာလု... ကျွန်မနာမည် ဆုဘင်းပါ။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ပြည်သူ့ရေးရာဝန်ဆောင်မှုရုံးမှာ ရှင်နဲ့အတူ လက်ထပ်စာချုပ် ချုပ်ခဲ့တာလေ... မှတ်မိရဲ့လားဟင်။" ဆုဘင်း၏ မျက်နှာထက်မှ အပြုံးလေးကတော့ တောက်ပမြဲ တောက်ပနေဆဲ ဖြစ်သည်။ တာပေါင်ကို မွေးဖွားပြီးကတည်းက သူမသည် အတ္တမာနများကို လျှော့ချတတ်လာခဲ့ပြီး စိတ်နှလုံး ပိုမိုတည်ငြိမ်လာကာ ဘဝအပေါ်၌လည်း ပိုမိုကျေးဇူးတင်တတ်လာခဲ့သည်။
"ငါ မြင်ဖူးတဲ့ မိန်းမတွေက အများကြီးပဲ။ မင်းကို ငါမမှတ်မိဘူး။" လုဟဲ့ထင်က သူမကို နက်ရှိုင်းပြီး အဓိပ္ပာယ်ဖော်ရခက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်ရင်း... "မင်း ဘာလိုချင်လို့လဲ။"
သူမကို သူ တကယ်မမှတ်မိသေးကြောင်း မြင်လိုက်ရသဖြင့် ဆုဘင်းက အလောတကြီး ထပ်လောင်းပြောရှာသည်... "လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ငါတို့တကယ် လက်ထပ်ခဲ့ကြတာပါ။ ရှင်က လုဟဲ့ထင် ဟုတ်တယ်မလား။"
"ငါတို့ လက်ထပ်ခဲ့ကြလို့လား... ဖြစ်နိုင်တာပဲ။ ဒါပေမဲ့ ငါက အိမ်ထောင်ကျသွားပြီလား၊ ငါ့မိန်းမက ဘယ်သူလဲဆိုတာကို စိတ်မဝင်စားဘူး။ ငါ့အတွက်တော့ မိန်းမတိုင်းက အတူတူပါပဲ။" လုဟဲ့ထင်၏ လေသံက အလွန်တရာ အေးစက်လှသော်လည်း...
သူ့မျက်ဝန်းအစုံတွင်မူ ဖတ်ရခက်သော အရိပ်အယောင်တစ်ခု ဝင်းခနဲ ဖြတ်ပြေးသွားခဲ့သည်။
သူသည် မိမိတို့၏ အိမ်ထောင်ရေးကို လုံးဝမေ့လျော့နေသည့်အပြင် သူမအပေါ်၌လည်း ဘာခံစားချက်မျှမရှိကြောင်း သိလိုက်ရသောအခါ ဆုဘင်းတစ်ယောက် မျက်ဝန်းထဲက စိတ်ပျက်မှုကို ဖုံးကွယ်မရတော့ချေ။
သို့သော်ငြားလည်း ထိုစိတ်ပျက်မှုက စိတ်သက်သာရာရမှုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဒါက သူမ မျှော်လင့်ထားခဲ့သည့် ရလဒ်မျိုး မဟုတ်ပါလား။ သူက သူမအပေါ် ခံစားချက်တွေ ရှိလာမှာကို စိုးရိမ်ပူပန်စရာမလိုဘဲ တာပေါင်အတွက် သူ့ရဲ့ လူနေမှုဘဝပုံစံနဲ့ နောက်ခံအခြေအနေတွေကို စူးစမ်းလေ့လာဖို့ အချိန်ယူနိုင်တာပေါ့။
ဒါ့အပြင်... သူမမှာ အသက်ရှင်ဖို့ အချိန်အများကြီး မကျန်တော့တာမို့ ဤကဲ့သို့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားခြင်းကပဲ သူမအတွက် အကောင်းဆုံး နိဂုံးတစ်ခု ဖြစ်ပေလိမ့်မည်။
'အဲ့ဒီတုန်းက သူလည်း မိသားစုရဲ့ အတင်းအကျပ် ဖိအားပေးမှုကြောင့် တစ်ခုခုကို အလျင်စလို ဖြေရှင်းတဲ့အနေနဲ့ ငါနဲ့ လက်ထပ်စာချုပ် ယူလိုက်တာ နေမှာ။ ဒါကြောင့်မလို့လည်း သူ ငါ့ကို မမှတ်မိတော့တာပေါ့။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ... သူ တာပေါင်ကိုရော လိုလိုလားလား လက်ခံပါ့မလား' ဟု သူမ စိတ်ထဲက တွေးတောနေမိသည်။
ဆုဘင်း သက်ပြင်းခပ်ဖွဖွချလိုက်ရင်း... "အဲ့ဒီတုန်းက ကိစ္စတွေအတွက် တကယ်ပဲ တောင်းပန်ပါတယ်ရှင်။"
"မစ္စဆု... မင်းရဲ့ တောင်းပန်စကားက တန်ဖိုးမရှိဘဲ အလကားဖြစ်နေရုံတင်မကဘူး၊ နှစ်ပေါင်းများစွာတောင် နောက်ကျနေပြီဗျ။" လုဟဲ့ထင်၏ မျက်ဝန်းအစုံ၌ ဒေါသအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့၏။
လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း သူ့၏အေးစက်လှသော နှလုံးသားက တဖြည်းဖြည်းနှင့် ရေခဲတုံးကြီးကဲ့သို့ အေးခဲသွားခဲ့ရသည်။ သူမအနေဖြင့် သူ့ထံမှ ခွင့်ပြုချက်မရှိဘဲ ယခုကဲ့သို့ ရုတ်တရက် ပြန်လည်ပေါ်ပေါက်လာခြင်းအပေါ် သူ အလွန်တရာ မကျေမနပ် ဖြစ်မိသည်။
"ဒါဆို... ရှင် ငါ့ကို မှတ်မိနေတာပေါ့?" ဆုဘင်း၏ လေသံထဲတွင် မျှော်လင့်ချက်အရိပ်အယောင်လေး ပြန်လည် စိမ့်ဝင်လာခဲ့သည်။
လုဟဲ့ထင် သူ့၏ နှုတ်ခမ်းပါးကို တင်းတင်းစေ့ထားပြီး ဘာမျှ ပြန်မပြောခဲ့ချေ။ သူ မှတ်မိသည်ဖြစ်စေ၊ မမှတ်မိသည်ဖြစ်စေ... သူမအပေါ် ဘာခံစားချက်မှ မရှိသလို၊ သူမ၏ တောင်းပန်မှုကိုလည်း လက်ခံရန် အစီအစဉ်မရှိကြောင်း ပြသနေသည့်အလား။
ဆုဘင်း ဤကဲ့သို့ ဖြစ်ပျက်သွားသည့် အခြေအနေများအတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိသော်လည်း အတိတ်ကို ပြန်ပြင်ရန် ဘာမျှ မတတ်နိုင်တော့ချေ။
သူမသည် လက်ထဲက လက်ဆောင်ဘူးလေးကို သူ့ထံ ကမ်းပေးလိုက်ရင်း... "မစ္တာလု... ကျွန်မရဲ့ တောင်းပန်မှုကို ငြင်းပယ်ပိုင်ခွင့် ရှင့်မှာ လုံးဝ ရှိပါတယ်ရှင်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မ တကယ် စိတ်မကောင်းဖြစ်မိလို့ တောင်းပန်ချင်တာပါ။ ဒီလက်ဆောင်ဘူးလေးက ကျွန်မရဲ့ တောင်းပန်မှုအတွက် အမှတ်တရလေးမို့ လက်ခံပေးပါနော်။"
အကယ်၍ တာပေါင်သာ ရှိမနေခဲ့ရင်တောင် ဤအမျိုးသား၏ ဘဝထဲမှ နှုတ်ဆက်ခြင်းမရှိဘဲ ပျောက်ကွယ်သွားခဲ့မိသည့်အတွက် သူမတွင် အမြဲတမ်း အပြစ်မကင်းသလို ခံစားနေရမည် ဖြစ်သည်။
သူမသည် မန်နေဂျာ ချိုးမင်းရွှမ်း ပေးလိုက်သော လက်ဆောင်ဘူးလေးကို သူ့ရှေ့သို့ ကမ်းပေးထားမိသည်။
ဤနေရာက စကားကောင်းကောင်းပြောရန် နေရာကောင်းတစ်ခု မဟုတ်သဖြင့် သူမက... "မစ္စတာလု... ရှင့်ရဲ့ ဖုန်းနံပါတ်လေး ပေးလို့ရမလားဟင်။ ကျွန်မ ရှင့်ကို ပြောစရာ စကားတွေ ရှိလို့ပါ။" ဟု တောင်းဆိုလိုက်၏။
သို့သော်လည်း လုဟဲ့ထင်ကမူ အေးစက်သော အမူအရာဖြင့် ဝိုင်ခွက်ကိုသာ ဆက်လက် ကိုင်ဆောင်ထားခဲ့သည်။ သူ့၏ နှုတ်ခမ်းပါးနှစ်ဖက်က တင်းတင်းစေ့လျက် အဖြောင့်တိုင်း ဖြစ်နေပြီး သူ့အနားသို့ မည်သူမျှ ကပ်မလာစေရန် တားဆီးနေသည့်အလား... တာပေါင်တစ်ယောက် တစ်ခုခုကို ငြင်းဆန်သည့်အခါတိုင်း လုပ်လေ့ရှိသော မျက်နှာပေးမျိုးနှင့် တစ်ပုံစံတည်းပင် ဖြစ်ပါတော့သည်။