အခန်း (၁၄) လက်ဆောင်ဘူးရဲ့ လှည့်ကွက်
"ဆုဘင်း... ခုနက နင် အလောတကြီး ထွက်သွားလို့ ငါ ဒါလေးပေးဖို့ မေ့ကျန်ခဲ့တယ်ဟယ်။" ချိုးမင်းရွှမ်းက အဆင့်မြင့်လှပစွာ ထုပ်ပိုးထားသော ဘူးလေးတစ်ဘူးကို သူမထံ ကမ်းပေးလိုက်ရင်း... "ဒါက ဒီပါတီပွဲကို တက်ရောက်လာတဲ့ မော်ဒယ်လ်တိုင်းအတွက် ငါတို့ကုမ္ပဏီက ပြင်ဆင်ပေးထားတဲ့ လက်ဆောင်လေးလေ။ နင် သဘောကျတဲ့ ဒိုင်လူကြီးတစ်ယောက်ယောက်ကို အမှတ်တရအနေနဲ့ ပေးလိုက်လို့ရတယ်။ အဲ့ဒါမှ နင့်အပေါ်ရော ငါတို့ကုမ္ပဏီအပေါ်ပါ အထင်ကြီးလေးစားသွားမှာ။"
ဆုဘင်းက ကျော့ရှင်းသော အပြုံးလေးဖြင့် ဘူးကို လှမ်းယူလိုက်ပြီး... "ကျေးဇူးတင်ပါတယ် မင်းရွှမ်းရယ်။ ဒါဆို ကျွန်မ သွားလိုက်ဦးမယ်နော်။"
ဆုဘင်း ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ချိုးမင်းရွှမ်းတစ်ယောက် သက်ပြင်းအသာ ချလိုက်မိတော့သည်။
သူမအနေဖြင့် ဆုဟွေရှန်၏ အမိန့်ကို မလွန်ဆန်နိုင်ခဲ့ချေ။ အမှန်အတိုင်းပြောရလျှင် ဆုဘင်းသည် အောင်မြင်ကျော်ကြားသော မော်ဒယ်လ်တစ်ဦး ဖြစ်လာရန်အတွက် ရုပ်ရည်ရော အရည်အချင်းပါ ပြည့်စုံလွန်းလှသဖြင့် အရွေးခံရဖို့မှာ မခဲယဉ်းလှပေ။
ထို့ကြောင့် ချိုးမင်းရွှမ်းအနေဖြင့် သူမ၏ အခွင့်အရေးကို အစကတည်းက ရိုက်ချိုးပစ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူမ ခုနတင် ဆုဘင်းကို ပေးလိုက်သော ဘူးအလှလေးထဲတွင် အမှန်စင်စစ်အားဖြင့် ကွန်ဒုံး တစ်ခုကို ထည့်သွင်းထားခြင်း ဖြစ်၏။
ဤပွဲသည် ကမ္ဘာကျော် ဇိမ်ခံအတွင်းခံအမှတ်တံဆိပ် တစ်ခုဖြစ်သော "အိုရီဆာ" ၏ နှစ်ပတ်လည် ဖက်ရှင်ရှိုးပွဲကြီး ဖြစ်သည်။ ဤရှိုးပွဲကို ကမ္ဘာတစ်ဝှမ်းလုံးသို့ တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သဖြင့် မော်ဒယ်လ်များ ရွေးချယ်မှုအပိုင်းတွင် အလွန်တရာ စည်းကမ်းကြီးလှသည်။
ဤပွဲ၏ အကဲဖြတ်ဒိုင်လူကြီးများ အားလုံးသည်လည်း အလွန် သိက္ခာရှိပြီး အလုပ်အပေါ်၌သာ အာရုံစိုက်ကြသူများ ဖြစ်ကြ၏။
သူတို့သည် မည်သည့်မျက်နှာလိုက်မှုမျှမရှိဘဲ အတော်ဆုံး မော်ဒယ်လ်များကိုသာ ရွေးချယ်ကြမည် ဖြစ်သည်။
ထို့ကြောင့်... အကယ်၍ သူတို့ထဲက တစ်ယောက်ယောက်သာ ဆုဘင်းထံမှ ဤကဲ့သို့သော "ထူးခြားသည့် လက်ဆောင်" ကို ရရှိသွားပါက သူမကို လူစာရင်းထဲမှ ချက်ချင်း ပယ်ထုတ်ပစ်ကြမည်မှာ အသေအချာပင်။ သူမအနေဖြင့် ပထမအဆင့် စစ်ဆေးမှုကိုပင် ဝင်ရောက်ခွင့် ရတော့မည် မဟုတ်ချေ။
ဆုဘင်းသည် လက်ဆောင်ဘူးကို ကိုင်ပြီး ထွက်လာခဲ့သော်လည်း လမ်းခရီးတွင် တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားမိလိုက်သည်။ အကယ်၍ ဒါက ကုမ္ပဏီကပေးတဲ့ လက်ဆောင်ဆိုလျှင် ဘာဖြစ်လို့ ဒိုင်လူကြီးအားလုံးအတွက် မပါရတာလဲ။ ဘာဖြစ်လို့ သူမက တစ်ယောက်တည်းကိုပဲ ရွေးပေးရမှာလဲ။ အကယ်၍ တစ်ယောက်တည်းကိုပဲ ပေးလိုက်ရင် လက်ဆောင်မရတဲ့ အခြားဒိုင်လူကြီးတွေကို အားနာစရာ ဖြစ်မသွားဘူးလား။
သူမအနေဖြင့် ဤလက်ဆောင်ကို ဘယ်သူ့ကို ပေးရမည်နည်း။ တကယ့်ကို ခေါင်းစားစရာ အခြေအနေတစ်ခုပင်!
သူမသည် ချိုးမင်းရွှမ်းက ဘယ်လိုလူစားမျိုးလဲဆိုတာကို သေသေချာချာ မသိသေးသဖြင့် စိတ်ချရအောင် သတိထားဖို့က အကောင်းဆုံးဟု တွေးလိုက်မိသည်။
သို့သော်ငြားလည်း အကယ်၍ သူမ ဤလက်ဆောင်ကို ဘယ်သူ့ကိုမျှ မပေးဘဲ နေလိုက်လျှင်လည်း လာမည့်တစ်နှစ်ပတ်လုံး သူမကို တာဝန်ယူရမည့် မန်နေဂျာ ချိုးမင်းရွှမ်းကို စိတ်ကောက်စေသလို ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြစ်ရန်လည်း မတန်ချေ။
ဆုဘင်းတစ်ယောက် ဤလက်ဆောင်ဘူးကို မည်သို့ကိုင်တွယ်ရမည်နည်းဟု အတွေးပွားနေစဉ်မှာပင် ရင်းနှီးသော မျက်နှာတစ်ခုက သူမ၏ မြင်ကွင်းထဲသို့ ဝဲပျံဝင်ရောက်လာခဲ့ရာ သူမ၏ မျက်ဝန်းအစုံတွင် ဝမ်းမြောက်မှု အရိပ်အယောင်များ ချက်ချင်း ဖြတ်ပြေးသွားခဲ့ရသည်။
ထို အရပ်မြင့်မြင့် ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနှင့် အမျိုးသားသည် စမတ်ကျလှသော ဝတ်စုံကို အချိုးကျကျ ဆင်ယင်ထားခဲ့သည်။ ဘေးစောင်းမျက်နှာသွင်ပြင်ကပင် ထင်ရှားပြတ်သားပြီး ဆွဲဆောင်မှုအပြည့် ရှိနေ၏။ သူကတော့... လွန်ခဲ့သော ငါးနှစ်က သူမနှင့် အလျင်အမြန် လက်ထပ်ခဲ့သော တရားဝင်ခင်ပွန်း လုဟဲ့ထင် ပင် ဖြစ်ပါတော့သည်။
ဤကဲ့သို့သော ပါတီပွဲမျိုးတွင် သူနှင့် အလွယ်တကူ ဆုံတွေ့ရလိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့မိချေ။
အကယ်၍ သူ ဤပါတီပွဲသို့ ရောက်နေမည်မှန်းသာ ကြိုသိခဲ့လျှင် နေ့လယ်က လမ်းမထက်တွင် သူ့ကားနောက်သို့ အပန်းကြီးခံကာ ပြေးလိုက်နေမိမည် မဟုတ်ပေ။
ဒါပေမဲ့... သူက ဤကဲ့သို့သော အထက်တန်းလွှာ ပါတီပွဲမျိုးကို ဘယ်လိုလုပ် တက်ရောက်နိုင်ရတာလဲ။
ဆုဘင်း ပြန်လည်စဉ်းစားကြည့်လိုက်သည့် အခါကျမှသာ သူဌေးဖြစ်သူတွေ ပါတီတက်သည့်အခါ ဒရိုင်ဘာတွေက အတူတူ လိုက်ပါလာရတတ်သည်ဆိုသော အချက်ကို သတိရသွားခဲ့သည်။ လုဂရု ဆိုသည်မှာ ကျင်တူးမြို့ တွင် အချမ်းသာဆုံးနှင့် အာဏာအရှိဆုံး အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သဖြင့် လုမိသားစု၏ သခင်လေး လုဝေကျန့် ဤပွဲကို ဖိတ်ကြားခံရခြင်းမှာ မဆန်းချေ။
အကယ်၍ လုဝေကျန့် ရောက်နေသည်ဆိုပါက သူ့ဒရိုင်ဘာဖြစ်သော လုဟဲ့ထင် ဤနေရာတွင် ရှိနေခြင်းကလည်း သဘာဝကျလှပေသည်။
သူ့၏ ဒရိုင်ဘာအဆင့်အတန်းကြောင့် ထင်ပါရဲ့... လုဟဲ့ထင်သည် လက်ထဲတွင် ဝိုင်ခွက်လေးတစ်ခွက်ကို ကိုင်ဆောင်ထားရင်း ခန်းမထောင့်တစ်နေရာ၌ တစ်ဦးတည်း အေးအေးလူလူ ရပ်နေခဲ့သည်။ သူသည် မည်သူနှင့်မျှ စကားစမြည် ပြောဆိုခြင်းမရှိသလို၊ မည်သူကမျှလည်း သူ့ထံသို့ လာရောက်စကားမပြောကြချေ။
ဆုဘင်းသည် စားပွဲထိုးတစ်ဦးထံမှ ဖောင်တိန်တစ်ချောင်းကို ခေတ္တငှားရမ်းလိုက်ပြီး လက်ဆောင်ဘူးပေါ်တွင် သူမ၏ နာမည်နှင့် ဖုန်းနံပါတ်ကို ကမန်းကတန်း ရေးသားလိုက်၏။ ထို့နောက် လုဟဲ့ထင်ရှိရာ ဆီသို့ ခါးလေးနွဲ့ကာ ယဉ်ယဉ်လေး လျှောက်လှမ်းသွားခဲ့တော့သည်။
သူမ ရောက်ရှိသွားချိန်တွင် လုဟဲ့ထင်က ခုံတစ်ခုတွင် အသာအယာ ဝင်ထိုင်လိုက်ရုံရှိသေးသည်။
"မင်္ဂလာပါ... မစ္စတာလု။" ဆုဘင်း လုဟဲ့ထင်၏ ရှေ့တွင် ရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် ယဉ်ကျေးပျူငှာသော အပြုံးလေးတစ်ခုကို အမြဲတမ်း ဆင်ယင်ထားလျက်။
လုဟဲ့ထင် ခေါင်းကိုမော့ကာ သူမကို စိုက်ကြည့်လိုက်သည်။ သူ ထိုင်နေသည့်တိုင်အောင် သူ့ထံမှ ထွက်ပေါ်နေသော ယုံကြည်မှုနှင့် လွှမ်းမိုးချုပ်ကိုင်လိုသော အရှိန်အဝါကြီးက ပြင်းထန်လွန်းလှသည်။ ဆုဘင်း စိတ်ထဲတွင်တော့... သူ ဤကဲ့သို့ ခန့်ညားထည်ဝါသော အရှိန်အဝါမျိုး ရှိနေခြင်းမှာ လုဂရုကဲ့သို့သော ကုမ္ပဏီကြီးတစ်ခုတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ကိုင်ခဲ့၍ ဖြစ်လိမ့်မည်ဟု တွေးတောမိနေတော့သည်။