အခန်း (၁၂) သူမကို ဘာအခွင့်အရေးမှ မပေးစေနဲ့
ဆုဘင်းသည် သူမ၏ ရှည်လျားလှပသော ခြေတံများနှင့် သွယ်လျထည်ဝါသော ခန္ဓာကိုယ်အချိုးအစားကြောင့် လူအုပ်ကြီးကြားထဲတွင် ထူးထူးခြားခြား ပိုမိုပေါ်လွင်ကာ မျက်စိကျစရာ ဖြစ်နေခဲ့သည်။
"ဆုဘင်း... ဒီဘက်လာခဲ့ဦး" ဟု ချိုးမင်းရွှမ်းက စိတ်လှုပ်ရှားစွာ လှမ်းခေါ်လိုက်သည်။ "အပြင်မှာ ကြည့်ရတာ စင်ပေါ်မှာထက်တောင် ပိုပြီး ကျော့ရှင်းနေပါလားဟယ်။ နင်ကတော့ တကယ့်ကို ရတနာအစစ်ပဲ။"
"ကျေးဇူးတင်ပါတယ် မင်းရွှမ်းရယ်။ နောင်ကျရင်လည်း ကျွန်မကို ကောင်းကောင်း စောင့်ရှောက်ကူညီပေးပါဦးနော်" ဟု ဆုဘင်းက သူမ၏ နီမြန်းလှပသော နှုတ်ခမ်းထောင့်လေးများကို ကွေးညွတ်ကာ ပြုံးလျက် ပြောလိုက်သည်။
"ဒါပေါ့... အခုကစပြီး နင်က ငါ့ရဲ့ မော်ဒယ်လ်ပဲဟာကို။ ကဲ... အတွင်းထဲကို ဝင်နှင့်တော့။ ဒီနေ့ညမှာ အကဲဖြတ်ဒိုင်လူကြီးတွေနဲ့ အခြေခံ မိတ်ဆွေဖွဲ့မှု အရင်လုပ်ထားဦး။ ဒါမှ လာမယ့်ရက်ပိုင်းအတွင်း ကျင်းပမယ့် ပထမအဆင့် စစ်ဆေးမှုကို အလွယ်တကူ ကျော်ဖြတ်နိုင်မှာ" ဟု ချိုးမင်းရွှမ်းက ပြုံး၍ ပြောလေသည်။
ဆုဘင်း ခေါင်းညိတ်ပြကာ ကော်ဇောနီထက်သို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။ ဤကဲ့သို့သော ပွဲမျိုးကို သူမ ဖြတ်သန်းဖူးနေကျ ဖြစ်သဖြင့် ဘာမျှ စိုးရိမ်ပူပန်ခြင်း မရှိချေ။ သူမသည် တည်ငြိမ်ကျော့ရှင်းသော အမူအရာဖြင့် တစ်ကိုယ်လုံးမှ မိမိကိုယ်မိမိ ယုံကြည်မှု အရှိန်အဝါများ ဖြာထွက်လျက် လျှောက်လှမ်းသွားခဲ့တော့သည်။
ချိုးမင်းရွှမ်းမှာမူ သူမ တာဝန်ယူထားရသော အခြားမော်ဒယ်လ်များကို စောင့်ဆိုင်းရန် ထိုနေရာ၌ ကျန်ရစ်ခဲ့၏။
မကြာမီ ဇိမ်ခံ နန်နီဗင် ကားကြီးတစ်စီးသည် ချိုးမင်းရွှမ်း၏ ရှေ့တွင် ဆိုက်ရောက်လာပြီး ဂါဝန်အနက်ရည်ကို ဆင်ယင်ထားသည့် ဆန်းပြားကျော့ရှင်းသော အမျိုးသမီးငယ်တစ်ဦး ကားပေါ်က ဆင်းလာခဲ့သည်။
သူမသည် မိန်းမပျိုလေးတစ်ဦး၏ ပြည့်စုံသော အလှတရားများကို ပိုင်ဆိုင်ထားပြီး သူမ ပြုံးလိုက်သည့် အခါတိုင်း ဘေးလူများ၏ နှလုံးသားကို လင်းထိန်သွားစေသကဲ့သို့ ခံစားရစေသည်။ သူမကတော့ အခြားသူမဟုတ်ဘဲ ယခုနိုင်ငံ၏ နာမည်အကြီးဆုံး မော်ဒယ်လ်များထဲမှ တစ်ဦးဖြစ်သည့် ဆုဟွေရှန် ပင် ဖြစ်ပါတော့သည်။
ချိုးမင်းရွှမ်းသည် ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ လှမ်းကြိုဆိုလိုက်ပြီး ပျူငှာသော အပြုံးဖြင့်... "ဟွေရှန်... ဒီနေ့ည နင် တကယ်ကို လှပလွန်းနေတယ်ဟယ်။ နင့်ရဲ့ အရှိန်အဝါနဲ့ဆိုရင် ဒီပွဲမှာ အောင်ပွဲခံမှာ သေချာတယ်!"
"ဒီလိုလည်း မပြောပါနဲ့ မင်းရွှမ်းရယ်။ S နိုင်ငံကနေ မော်ဒယ်လ် ငါးယောက်ပဲ ရွေးချယ်မှာလေ။ ကျန်တဲ့လူတွေအကုန်လုံးက ဥရောပနဲ့ အမေရိကကလူတွေ ဖြစ်မှာဆိုတော့ ငါတို့တွေ သေသေချာချာ သတိထားရမယ်။" ဆုဟွေရှန်က အလွန်ပင် နှိမ့်ချတတ်သော ပုံစံမျိုး ဟန်ဆောင်လိုက်သည်။
"ဟုတ်ပါပေ့ဟယ်... ဒါကြောင့်မလို့လည်း ငါတို့ကုမ္ပဏီက လူသစ်လေး ဆုဘင်းကို အထဲကို အရင်ဝင်ခိုင်းလိုက်တာ။ ငါတို့ကုမ္ပဏီကနေ နောက်ထပ် မော်ဒယ်လ်တစ်ယောက် ထပ်ပြီး အရွေးခံရအောင် ကြိုးစားရမယ်လေ။ အဲ့ဒီကောင်မလေးက တကယ်ကို ပြည့်စုံလွန်းတယ်။ ဗီဒီယိုထဲမှာထက် အပြင်မှာ ခန္ဓာကိုယ်အချိုးအစားရော ရုပ်ရည်ပါ ပိုပြီး လှပလွန်းလို့ အားကျစရာကြီး"
"ဆုဘင်း? နင့်ရဲ့ မော်ဒယ်လ်အသစ် နာမည်က ဆုဘင်း ဟုတ်လား။" ဆုဟွေရှန်၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားခဲ့ရသည်။
လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း သူမသည် ဆုဘင်း၏ သတင်းအစအနကို လုံးဝ မကြားခဲ့ရချေ။ ဖခင်ဖြစ်သူ ဆုရှင်းဖူနှင့် ဒူလောတို့သည်လည်း သူမ၏ အမည်ကို ခေါင်းစဉ်တပ်၍ သိပ်မပြောကြသော်လည်း သူတို့နှစ်ယောက်လုံး ဆုဘင်းကို လွမ်းဆွတ်တမ်းတနေဆဲ ဖြစ်ကြောင်းမှာ အထင်အရှားပင်။
သို့သော်လည်း ဆုဟွေရှန်သည် ထိုငါးနှစ်လုံးလုံး ဖခင်ဖြစ်သူကို အကောင်းဆုံး ပြုစုစောင့်ရှောက်ခဲ့ပြီး ဒူလောအပေါ်ကိုလည်း အလွန်အမင်း အလိုလိုက် အကြိုက်ဆောင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအမျိုးသားနှစ်ဦးလုံးက သူမ၏ အားကိုးရဆုံးသော နောက်ခံအင်အားကြီးများ ဖြစ်လာရန် လိုလိုလားလား သဘောတူခဲ့ကြပြီး ဖြစ်သည်။
ဒါပေမဲ့ အခု... ထင်မှတ်မထားဘဲ ဆုဘင်းက ပြန်ရောက်လာခဲ့ပြီ တဲ့လား။
ဆုဘင်း၏ ရင်သပ်ရှုမောဖွယ် အလှတရားနှင့် မည်သူမျှ ယှဉ်၍မရသော ခန္ဓာကိုယ်အချိုးအစားကို တွေးမိရုံမျှဖြင့် ဆုဟွေရှန်တစ်ယောက် မနာလိုဝန်တိုစိတ်တို့ဖြင့် တောက်လောင်လာခဲ့ရသည်။
ဆုမိသားစုအတွင်းမှာတုန်းက ဆုဘင်းသည် ကောင်းကင်ယံထက်က တောက်ပသော ကြယ်ပွင့်တစ်ပွင့်ကဲ့သို့ ဖြစ်ခဲ့ပြီး ဆုဟွေရှန်ကတော့ မြက်ခင်းပြင်ထဲက ပိုးစုန်းကြူးလေးတစ်ကောင်မျှသာ ဖြစ်ခဲ့သည်။
ဆုဘင်း မရှိတော့သည့် အချိန်ကျမှသာ သူမအနေဖြင့် လူတောတိုးပြီး တောက်ပခွင့် ရရှိခဲ့ခြင်း ဖြစ်သည် မဟုတ်ပါလား။
ဆုဟွေရှန်သည် သူမဖုန်းထဲက ဓာတ်ပုံအယ်လ်ဘမ်ကို ဖွင့်လိုက်ပြီး... "ဒီမိန်းမလား။"
ချိုးမင်းရွှမ်းက ခေါင်းညိတ်ပြကာ... "အင်း... ဟုတ်တယ်၊ သူပဲ။ ဟွေရှန်... နင်က ဆုဘင်းကို ကြိုသိနေတာလား။"
ဆုဟွေရှန်၏ မျက်ဝန်းများအတွင်း၌ ဖုံးကွယ်မရသော ရွံရှာမုန်းတီးမှုများ ပေါ်ထွက်လာပြီး... "မင်းရွှမ်း... ငါ သူမကို ဒီအခွင့်အရေးမျိုး လုံးဝ မရစေချင်ဘူး။ ပြီးတော့ 'ချန်ယု ဖျော်ဖြေရေးကုမ္ပဏီ' ထဲမှာလည်း သူမကို ဘာတိုးတက်မှုမှ မရှိစေရဘူး!"
ချိုးမင်းရွှမ်း ခဏမျှ ကြောင်အမ်းသွားခဲ့သော်လည်း သူမ ချက်ချင်းပင် ဘာလုပ်ရမည်ကို သဘောပေါက်သွားခဲ့သည်။
ဆုဘင်းသည် ရင်သပ်ရှုမောဖွယ် ရုပ်ရည်နှင့် မော်ဒယ်လ်လောကအတွက် ပြည့်စုံလွန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူမ၏ ရှည်လျားသော ခြေတံများက ဤအလုပ်အတွက် အလွန် အားသာချက် ဖြစ်နေခဲ့၏။ ထိုအချက်များကို တွေးပြီး ချိုးမင်းရွှမ်းအနေဖြင့် သူမကို အောင်မြင်ကျော်ကြားသော မော်ဒယ်လ်တစ်ဦးဖြစ်အောင် မြေတောင်မြှောက်ပေးရန် ကြိုတင်စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း... ဆုဟွေရှန်သည် ဆုမိသားစု အကြီးအကဲ၏ အဖိုးတန် သမီးရတနာ ဖြစ်သည့်အပြင် ဒူမိသားစု၏ သခင်လေး ဒူလော၏ စေ့စပ်ထားသူလည်း ဖြစ်သည်။ ထို့ပြင် သူမသည် လက်ရှိ နိုင်ငံအတွင်း၌ နာမည်ကျော်ကြားပြီးသား မော်ဒယ်လ်တစ်ဦး ဖြစ်သဖြင့် လူသစ်ဖြစ်သော ဆုဘင်းထက် အစစအရာရာ ဝါစီနီယာ ပိုကျလှသည်။
ချိုးမင်းရွှမ်းအနေဖြင့် အရည်အချင်းရှိသူကို ပျိုးထောင်ပေးချင်သော ဝါသနာရှိသော်လည်း နောက်ဆုံးတွင်တော့ သူမ၏ ရာထူးနှင့် အလုပ်အကိုင် တည်မြဲရေးက ပို၍ အရေးကြီးသည် မဟုတ်ပါလား။
ဒါ့အပြင်... မော်ဒယ်လ်တစ်ယောက်ဆိုတာ ခန္ဓာကိုယ်အချိုးအစား ကောင်းရုံမျှဖြင့်တင် နာမည်ကြီးလာနိုင်တာမျိုး မဟုတ်ချေ။
ထိုအချိန်... ပါတီပွဲအတွင်း၌မူ၊
ဖျော့တော့သော အရောင်ရှိသည့် ဝတ်စုံကို ဆင်ယင်ထားသည့် အမျိုးသားတစ်ဦးသည် လုဟဲ့ထင်၏ ဘေးတွင် ရပ်နေရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်... "အစ်ကိုကြီး... ဒါက စူပါမော်ဒယ်လ် တွေကို ရွေးချယ်မယ့် အဆင့်မြင့်ဆုံး ဖက်ရှင်ရှိုးပွဲကြီးဗျ!"