အခန်း (၁၁) ကလေးအတွက် မိခင်တစ်ဦး ရှာဖွေခြင်း
လုဟဲ့ထင်သည် သူ့ကားရှိရာဆီသို့ ခြေလှမ်းအပျက်ပျက်ဖြင့် ပြန်လျှောက်လာခဲ့သည်။
သူသည် ဒရိုင်ဘာထိုင်ခုံတွင် ထိုင်ကာ မျက်လုံးများကို မှိတ်ထားရင်း အတော်ကြာမှသာ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့၏။
ထိုစဉ် ရုတ်တရက် ဖုန်းမြည်သံ ထွက်ပေါ်လာသဖြင့် သူ့အတွေးစများ ပြတ်တောက်သွားခဲ့ရသည်။
သူ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ခပ်အက်အက် လေသံဖြင့်... "မေမေ။"
ဆန်းပြားထည်ဝါလှသော စားသောက်ဆိုင်ကြီးတစ်ခုအတွင်း၌ အနုပညာဆန်ပြီး ကျော့ရှင်းလှသော လုကန်တော့ (Mrs.Lu) သည် သူမ သားဖြစ်သူ၏ တည်တင်းနေသော မျက်နှာကို ကြည့်ရင်း စိုးရိမ်တကြီး မေးလိုက်သည်... "ဘာဖြစ်လို့လဲ သား။"
"ဘာမှမဖြစ်ပါဘူး။" လုဟဲ့ထင် ခေါင်းငုံ့ကာ စတိတ် အမဲသားတုံးကို အသေအချာ လှီးဖြတ်နေခဲ့သော်လည်း သူ့အမူအရာများက တစ်ချက်တစ်ချက်တွင် လွင့်မျောနေသော အတွေးများကြောင့် တုံ့ဆိုင်းနေခဲ့သည်။
သူ့စိတ်တွေ တခြားဆီသို့ ရောက်နေခဲ့ခြင်း ဖြစ်သည်။
သူ့မိခင်က ပြုံးလိုက်ပြီး... "ဒါဆိုလည်း ကောင်းပါပြီ။ သားက ကုမ္ပဏီနဲ့ ကလေးအကြောင်းကလွဲရင် ဘာမှ စိတ်မဝင်စားဘူးဆိုတာ မေမေသိပါတယ်။ ဒါနဲ့ စကားမစပ်... မေမေ့သူငယ်ချင်းရဲ့ သမီးလေးတစ်ယောက် ရှိတယ်၊ တကယ့် မိန်းကလေးကောင်းလေး။ သူက နိုင်ငံခြားကနေ အခုမှ ပြန်လာတာ၊ ပညာတတ်ပြီး အပြောအဆို အမူအရာလည်း အလွန်သိတတ်တယ်။ လူအေးလေးပါ။ သား သူနဲ့ တစ်ခါလောက် တွေ့ကြည့်ပါဦး။ သားကိုယ်တိုင်အတွက် မဟုတ်ရင်တောင် အနည်းဆုံးတော့ ကလေးအတွက်ပေါ့။ ကလေးမှာ မိခင်တစ်ယောက် လိုအပ်တယ်လေ။"
"မေမေ... ကျွန်တော့်မှာ ဇနီးရှိပြီးသားလို့ ပြောခဲ့ပြီးပြီပဲ" ဟု လုဟဲ့ထင်က ဓားကို ချလိုက်ရင်း စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြရန် ကြိုးစားလိုက်သည်။
သူ့မိခင်က ခေါင်းညိတ်ကာ လျှော့ပေးသည့် ပုံစံဖြင့်... "အင်းပါ၊ အင်းပါ။ သူ့နာမည်က ဆုဘင်း ဟုတ်တယ်မလား။ သူက လွန်ခဲ့တဲ့ ငါးနှစ်က သားနဲ့ လက်ထပ်စာချုပ်ချုပ်ပြီးတာနဲ့ ချက်ချင်း နိုင်ငံခြားကို ကျောင်းသွားတက်တယ်ဆိုပဲ။ ဒါပေမဲ့ အဲ့ဒီငါးနှစ်လုံးလုံး သူ တစ်ခါမှ ပြန်မလာခဲ့ဘူး မဟုတ်လား။ သူက သားနဲ့ လက်ထပ်စာချုပ်ပဲ ယူသွားတာ၊ အဲ့ဒါကလွဲရင် သူက ဒီကမ္ဘာပေါ်မှာ တကယ်ရှိမနေတဲ့လူအတိုင်းပဲ။ သားရဲ့ အဘွားအိုကြီးကတော့ သားအိမ်ထောင်ကျသွားပြီဆိုလို့ ဝမ်းသာသွားရှာပေမယ့် မေမေကတော့ သားရဲ့ ပုံပြင်ကို ယုံလိမ့်မယ် ထင်နေတာလား။"
လုဟဲ့ထင် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမျှ ပြန်မပြောခဲ့ချေ။
"မေမေပြောတဲ့ စကားတွေက သားကို စိတ်အနှောင့်အယှက် ဖြစ်စေလိမ့်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ သားရဲ့ မိခင်တစ်ယောက်အနေနဲ့ ဒါတွေကို ပြောပြဖို့က မေမေ့တာဝန်ပဲလေ။ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက သားအဘွား အပြင်းအထန် ဖျားနာခဲ့စဉ်က သူ့ရဲ့ အကြီးမားဆုံး ဆန္ဒက သားကို အခြေတကျ ဖြစ်စေချင်တာ၊ သားကလည်း အဘွားဖြစ်ချင်တဲ့အတိုင်း ဖြည့်ဆည်းပေးခဲ့တယ်။ ဒါပေမဲ့ အခု အဘွားလည်း ရောဂါပျောက်ကင်းသွားပြီပဲ။ သားအနေနဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ ဆက်ပြီး အသက်ရှင်နေလို့ မရတော့ဘူး။ ဆုဘင်းဆိုတဲ့ အမျိုးသမီးက ငါးနှစ်တောင် ရှိပြီ ပြန်မလာသေးဘူး။ အကယ်၍ သူ တကယ်ရှိနေဦးတော့ သားက သူ့ကို တစ်ဘဝလုံး ထိုင်စောင့်နေမှာလား။ သား... မေမေ့စကားကို နားထောင်စမ်းပါ။ အတိတ်ကို မေ့ဖျောက်ပြီး ရှေ့ဆက်လိုက်ပါ။ သားရဲ့ ဘေးနားမှာ အမျိုးသမီးတစ်ယောက် မလိုဘူးဆိုရင်တောင် သားရဲ့ ကလေးလေးအတွက် မိခင်တစ်ယောက် လိုအပ်တယ်လေ။"
လုဟဲ့ထင် သူသေသေချာချာ လှီးဖြတ်ထားသော စတိတ်အမဲသားပန်းကန်ကို သူ့မိခင်ထံသို့ တိုးပေးလိုက်ပြီး... "မေမေ... သုံးဆောင်ပါဦးခင်ဗျာ။ ကျွန်တော် ကုမ္ပဏီမှာ လုပ်စရာလေးတွေ ရှိသေးလို့။"
ပြောပြီးသည်နှင့် သူ ရုတ်တရက် ထရပ်ကာ စားသောက်ဆိုင်အတွင်းမှ လှည့်ထွက်လာခဲ့တော့သည်။
သူ အပြင်သို့ ရောက်ရှိချိန်တွင် ခြေလှမ်းများ ချက်ချင်းရပ်တန့်သွားပြီး ဖြတ်သန်းသွားလာနေကြသော လူအုပ်ကြီးကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်မိသည်။
ထိုခဏတာအတွင်း လူအုပ်ကြီးကြားထဲတွင် ဆုဘင်းကို မြင်လိုက်ရသကဲ့သို့ သူ ခံစားလိုက်ရ၍ ဖြစ်သည်။
သို့သော် နောက်တစ်စက္ကန့်တွင်မူ သူမသည် လေထဲ၌ ကွယ်ပျောက်သွားသည့်အလား အရိပ်အယောင်ပင် ရှာမတွေ့တော့ချေ။
အခြားတစ်ဖက်တွင်မူ... ဆုဘင်းသည် လုဟဲ့ထင်နှင့် မဆုံတွေ့နိုင်ခဲ့သော်လည်း လက်ရှိတွင် ကုမ္ပဏီ၏ အခမ်းအနားပွဲတစ်ခုသို့ တက်ရောက်ရန်အတွက်သာ အာရုံစိုက်ထားရတော့သည်။
သူမသည် အမေရိကန်နိုင်ငံတွင် မော်ဒယ်လ်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးသည်။ သူမ၏ အရပ်မြင့်မြင့်၊ ခြေတံရှည်ရှည်နှင့် သဘာဝအတိုင်း ရရှိထားသော အားသာချက်များအပြင်၊ မိမိကိုယ်မိမိ ယုံကြည်မှုနှင့် ကျွမ်းကျင်သော မော်ဒယ်လ်ပညာရပ်များကြောင့် သူမသည် အမေရိကန် မော်ဒယ်လ်လောကတွင် နေရာတစ်ခုကို လျင်မြန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သားဖြစ်သူကို ပြုစုစောင့်ရှောက်ရသဖြင့် သူမ၏ အလုပ်လုပ်ချိန်မှာ ကန့်သတ်ချက် ရှိနေခဲ့ရာ ထင်သလောက် ကြီးကြီးမားမား အောင်မြင်မှုတော့ မရရှိခဲ့ချေ။
သို့သော် ယခုမူ တာပေါင်သည် ကျောင်းတက်နိုင်မည့် အရွယ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ S နိုင်ငံသို့ မပြန်မီကတည်းက သူမသည် "ချန်ယု ဖျော်ဖြေရေးကုမ္ပဏီ" နှင့် ဆက်သွယ်ခဲ့ပြီး တစ်နှစ်စာ သဘောတူစာချုပ် ချုပ်ဆိုထားခဲ့ပြီး ဖြစ်သည်။
ဆုဘင်းသည် "ဟောက်ကျွယ် ဟိုတယ်" သို့ တန်းတန်းမတ်မတ် လာခဲ့၏။
ဒီနေ့ညတွင် သူမသည် ကုမ္ပဏီက စီစဉ်ပေးထားသော ဇိမ်ခံဖက်ရှင်ရှိုး မှ ကျင်းပသည့် ပါတီပွဲတစ်ခုသို့ တက်ရောက်ရမည် ဖြစ်သည်။
ဤပါတီပွဲသည် မော်ဒယ်လ်များနှင့် ဖက်ရှင်ရှိုး၏ အကဲဖြတ်ဒိုင်လူကြီးများ အချင်းချင်း ကြိုတင်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်အတွက် အထူးစီစဉ်ထားသော ပွဲဖြစ်၏။
ပထမအဆင့် အရည်အချင်းစစ်ဆေးမှုကို နောက်ထပ် သုံးရက်အကြာတွင် ကျင်းပမည် ဖြစ်သည်။ အကယ်၍ မော်ဒယ်လ်တစ်ယောက်သည် ဒီနေ့ည ပါတီပွဲတွင် အထာမကျဘဲ အမူအရာ မပြနိုင်ခဲ့ပါက ပထမအဆင့် စစ်ဆေးမှုကို တက်ရောက်ရန် အရည်အချင်းပင် ပြည့်မီတော့မည် မဟုတ်ချေ။
ပထမအဆင့်နှင့် ဒုတိယအဆင့် စစ်ဆေးမှုနှစ်ခုလုံးကို အောင်မြင်ကျော်ဖြတ်နိုင်မှသာ ဖက်ရှင်ရှိုး၏ တရားဝင် မော်ဒယ်လ်အဖွဲ့ဝင်တစ်ဦး ဖြစ်လာနိုင်မည် ဖြစ်ပြီး ထိုအခါမှသာ အတော်အတန်များပြားသော ငွေကြေးများကို ရှာဖွေနိုင်မည် ဖြစ်သည်။
ပါတီပွဲကို ဟောက်ကျွယ်ဟိုတယ်၌ ကျင်းပခြင်း ဖြစ်သည်။
ဆုဘင်း ဟိုတယ်သို့ ရောက်ရှိလာချိန်တွင် သူမ၏ မန်နေဂျာဖြစ်သူ ချိုးမင်းရွှမ်း က သူမကို တစ်ချက်ကြည့်ရုံမျှဖြင့် ချက်ချင်း မှတ်မိသွားခဲ့သည်။ ဆုဘင်းတွင် အခြားအမျိုးသမီးများနှင့်မတူဘဲ ထူးခြားထင်ရှားသော မျက်နှာသွင်ပြင် ရှိနေ၍ ဖြစ်သည်။ သူမ၏ မျက်နှာလေးမှာ သေးငယ်သော်လည်း အလွန်ပင် ချစ်စရာကောင်းပြီး အချိုးအစား ပြေပြစ်ကျော့ရှင်းလွန်းလှသည်။