အခန်း (၁၀) ကံကြမ္မာရဲ့ မျက်လှည့်
ကားက သူမ၏အနားမှ ဖြတ်မောင်းသွားစဉ် ဒရိုင်ဘာထိုင်ခုံတွင် ထိုင်နေသော အမျိုးသားကို ဆုဘင်း ချက်ချင်းမှတ်မိသွားခဲ့သည်။ သူက သူမ၏ တရားဝင်ခင်ပွန်း လုဟဲ့ထင် ပဲ ဖြစ်သည်။
သူက လွန်ခဲ့သော ငါးနှစ်ကထက်စာလျှင် ပိုမိုရင့်ကျက် တည်ငြိမ်လာပုံရပြီး တစ်ချက်ကြည့်ရုံမျှဖြင့်ပင် သူ့ထံမှ ပိုမိုနက်ရှိုင်းကာ ပညာသတိရှိသော အရှိန်အဝါမျိုးကို ခံစားရစေသည်။ သူက အလွန်ခန့်ညားသော မျက်နှာပိုင်ရှင်ဆိုတာကို သူမ အမြဲသိထားသော်လည်း ဘေးစောင်းမျက်နှာသွင်ပြင် က ဤမျှအထိ ကြည့်ကောင်းလိမ့်မည်ဟု မထင်မှတ်ခဲ့မိချေ။ သူ့၏ ထင်ရှားပြတ်သားသော မေးရိုးလိုင်းက အပြစ်ဆိုဖွယ်မရှိအောင်ပင် ပြည့်စုံလွန်းလှသည်။
"လုဟဲ့ထင်!" သူမ ဘာမျှမစဉ်းစားဘဲ အလိုအလျောက် အော်ခေါ်လိုက်မိသည်။
ထိုအသံကို ကြားလိုက်ရသောအခါ ထိုအမျိုးသားက ခေါင်းကိုအသာစောင်းပြီး သူမထံသို့ အေးစက်စက် အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ရှေ့သို့ပြန်လှည့်ကာ သူမကို ထပ်မကြည့်တော့ဘဲ လီဗာကိုသာ ဆက်နင်းလိုက်တော့ရာ ကားကြီးက အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးထွက်သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာတင် သူသည် ဆုဘင်းနှင့် တော်တော်လှမ်းလှမ်းအထိ ကွာဝေးသွားခဲ့ပြီ ဖြစ်သည်။
ဆုဘင်း ချက်ချင်းပင် အသိဝင်လာပြီး လုဟဲ့ထင်၏ ကားနောက်သို့ ပြေးလိုက်လေတော့သည်... "လုဟဲ့ထင်! လုဟဲ့ထင်! ခဏလောက် ကားရပ်ပေးပါဦး!" သူမ အော်ဟစ်တားဆီးမိသည်။
သို့သော် ကားက အလွန်မြန်ဆန်စွာ မောင်းနှင်သွားသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာတင် သူမ အဝေးကြီးမှာ ကျန်ရစ်ခဲ့ရရှာသည်။
ကားမောင်းထွက်သွားသဖြင့် လွင့်ပျံကျန်ရစ်ခဲ့သော ဖုန်မှုန့်များကို ကြည့်ရင်း ဆုဘင်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ခါးငုံ့ကာ ဒူးနှစ်ဖက်ကို လက်ဖြင့်ထောက်ပြီး အမောတကော အသက်ရှူနေမိတော့သည်။
ထိုအမျိုးသား သူမကို မြင်လိုက်သည်မှာ သေချာပါလျက်နှင့် သူမကို လုံးဝ လျစ်လျူရှုသွားခဲ့ခြင်း ဖြစ်သည်။
"သူ ငါ့ကို မမှတ်မိတော့ဘူးလား... အင်းလေ၊ ဒါလည်း ဖြစ်နိုင်တာပဲ" ဆုဘင်း မိမိကိုယ်မိမိ ခပ်တိုးတိုး ရေရွတ်မိသည်... "ဘာပဲဖြစ်ဖြစ် အဲ့ဒီထူးခြားတဲ့ အချိန်လေးက လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ဖြစ်ခဲ့တာလေ။ အဲ့ဒီနောက်ပိုင်း ငါတို့ တွေက ဘယ်တုန်းကမှ မဆုံခဲ့ကြတော့တာ။"
သို့သော်လည်း သားဖြစ်သူ၏ အနာဂတ်အတွက် ဆုဘင်းအနေဖြင့် နည်းလမ်းတစ်ခုခု သုံးပြီး လုဟဲ့ထင်နှင့် မဖြစ်ဖြစ်အောင် ဆုံတွေ့ရမည်သာ ဖြစ်သည်။
ကားအတွင်း၌မူ လုဟဲ့ထင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သော်လည်း ကားကို ဆက်လက်မောင်းနှင်နေခဲ့သည်။
သူ နားကြားမှားတာလား။
သူမကို အလွန်အမင်း လွမ်းဆွတ်နေမိ၍ ဤကဲ့သို့ ထိန်းချုပ်မရသော စိတ်ကူးယဉ်မှုမျိုး မကြာခဏ ဖြစ်ပေါ်နေရခြင်းလော။
လုဟဲ့ထင် ခေါင်းကိုမော့ကာ သူ့မျက်ခုံးနှစ်ဖက်ကြားကို ဖိနှိပ်ပွတ်သပ်လိုက်သည်။ နောက်ကြည့်မှန် ထဲက ရောင်ပြန်ဟပ်မှုကို မြင်လိုက်ရသည့် အခါကျမှသာ ဒါက အိမ်မက်မဟုတ်ကြောင်း သူ သဘောပေါက်သွားခဲ့၏။
ထိုကံကြမ္မာအလှည့်အပြောင်း ဖြစ်ခဲ့ရသော နေ့၌ ဤအမျိုးသမီးသည် လှပသော တိမ်တိုက်တစ်ခုကဲ့သို့ သူ့ထံသို့ လွင့်မျောလာခဲ့သည်။ ငါးနှစ်တိုင်တိုင် ပျောက်ကွယ်သွားခဲ့ပြီးနောက် ယခုမူ ချစ်စရာကောင်းသော နတ်မိမယ်လေးတစ်ပါးကဲ့သို့ သူ့ရှေ့မှောက်သို့ ထပ်မံပေါ်ပေါက်လာခဲ့ပြန်ပြီ။
အကယ်၍ ထိုအမျိုးသမီးက တကယ်ရှိကြောင်း သက်သေပြနေသည့် မင်္ဂလာလက်ထပ်စာချုပ် နှစ်စောင်သာ မရှိခဲ့လျှင် ဤအရာအားလုံးကို သူ့စိတ်ထဲကနေ စိတ်ကူးယဉ်နေခြင်းသာ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်မိပေလိမ့်မည်။
သူ့၏ နှုတ်ခမ်းထောင့်များတွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ထိုနေ့က မိန်းကလေးငယ်သည် သူ့ထံသို့ ပျာပျာသလဲ လာရောက်အကူအညီတောင်းခဲ့သဖြင့် သူ ကားပေါ်တွင် ကူညီပေးခဲ့သည်။ ထို့နောက် သူ ဖုန်းခေါ်ဆိုသံတစ်ခုကို မိနစ်အနည်းငယ်မျှ လက်ခံဖြေကြားနေခဲ့၏။ ထိုလစ်ဟာသွားသော အချိန်ပိုင်းလေးအတွင်းမှာတင် သူမက နှုတ်ဆက်ခြင်းပင်မရှိဘဲ ထွက်ခွာသွားခဲ့ကာ အရိပ်အယောင်မျှပင် မကျန်အောင် ပျောက်ကွယ်သွားခဲ့သည်လေ။
ရက်အနည်းငယ် ကြာပြီးနောက်တွင်မူ သူမက သူ့ထံသို့ လင်မယားကွာရှင်းပြတ်စဲခြင်း သဘောတူစာချုပ်ကိုပင် ပေးပို့ခဲ့သေးသည်။
အစမှအဆုံး အရာအားလုံးက သူမ၏ ထိန်းချုပ်မှုအောက်တွင်သာ ရှိခဲ့သည်။
ထိုကွာရှင်းစာချုပ်ကြောင့် သူ နှလုံးသားတစ်ခုလုံး အကြီးအကျယ် နာကျင်ကြေကွဲခဲ့ရသည်။ ထို့ကြောင့် လွန်ခဲ့သော ငါးနှစ်လုံးလုံး သူမ ဘယ်နေရာမှာ ရှိနေသလဲဆိုသည်ကို မည်သူ့ကိုမျှ သူ မမေးမြန်းခဲ့ချေ။ သူမကို သွားရောက်မရှာဖွေမိစေရန် မိမိကိုယ်မိမိ ဇွတ်အတင်း ထိန်းချုပ်ခဲ့ရသည်။
ဒါပေမဲ့ အခု... သူမ ပြန်လာခဲ့ပြီလား။
အင်း... ပြန်လာခဲ့တာ သေချာပုံရသည်။
ကားကို အတန်ငယ် မောင်းနှင်ပြီးနောက် လုဟဲ့ထင်သည် ရုတ်တရက် ဘရိတ်ကို ကျွိခနဲအသံမြည်အောင် အရှိန်ပြင်းစွာ နင်းလိုက်တော့ရာ လမ်းမထက်တွင် ဘရိတ်ရာကြီး ထင်ကျန်ရစ်ခဲ့သည်။ ကားကြီးက လမ်းဘေးအတားအဆီးတံတိုင်းကို ဝင်တိုက်မိလုနီးပါး ဖြစ်သွားခဲ့ပြီး တာယာများမှ မီးခိုးနံ့ကိုပင် ရရှိလိုက်ရ၏။
သူ ကားတံခါးကိုဖွင့်ကာ အမြန်ဆုံး ဆင်းလိုက်တော့သည်။ ထို့နောက် လှည့်ထွက်ခဲ့ပြီး ခုနတင် ဆုဘင်းကို မြင်တွေ့ခဲ့ရသည့် နေရာဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ခပ်မြန်မြန် ပြန်ပြေးလာခဲ့တော့သည်။
သူမ ရှိနိုင်မည့်နေရာသို့ ရောက်ခါနီးတွင်မူ လုဟဲ့ထင် ခြေလှမ်းများကို အနည်းငယ် လျှော့ချလိုက်၏။ သူသည် ပုံမှန်အတိုင်း တည်ငြိမ်သော အမူအရာကို ပြန်လည်ဖန်တီးလိုက်သော်လည်း သူ့ရင်ထဲက စိုးရိမ်ပူပန်မှုများကိုမူ ဖုံးကွယ်၍ မရခဲ့ချေ။
ဒီတစ်ခါ သူမ ဘာလို့ ပြန်လာရတာလဲ။ သူမ သူ့ကို ဘာတွေပြောချင်လို့လဲ။ အတိတ်က လုပ်ရပ်တွေအတွက် နောင်တရလို့များလား။
သို့သော်လည်း လုဟဲ့ထင် ထိုနေရာသို့ နောက်ဆုံးတွင် ရောက်ရှိသွားချိန်၌မူ ထိုအမျိုးသမီးသည် ထိုနေရာတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အလား အရိပ်အယောင်ပင်မရှိဘဲ ထပ်မံပျောက်ကွယ်သွားခဲ့ပြန်ပြီ ဖြစ်သည်။
သမိုင်းက ဒုတိယအကြိမ် ပြန်လည်ဆန်းသစ်သွားသည့်အလား!
လုဟဲ့ထင် ကောင်းကောင်းသိသည်... ဒီမိန်းမက သူ့အတွက်ကြောင့်နဲ့ လုံးဝ ရပ်တန့်နေမည့်သူ မဟုတ်ကြောင်းပင်။
ဒါဆိုရင် သူမက ဘာဖြစ်လို့ ပြန်လာခဲ့ရတာလဲ။