အခန်း (၁)
ဆုမိသားစုရဲ့ စံအိမ်တော်ကြီးအတွင်းမှာတော့...
လူတိုင်းက ပျော်ရွှင်မြူးထူးနေကြသည်။
အကြောင်းမှာ ဒီနေ့သည် ဆုမိသားစုအကြီးအကဲ၏ သမီးဖြစ်သူ ဆုဘင်း နှင့် သူမ ချစ်ရသော ချစ်သူ ဒူလော တို့၏ မင်္ဂလာလက်ထပ်ပွဲနေ့ ဖြစ်သောကြောင့်ပင်။
သူမ၏ ရောင်ပြန်ဟပ်နေသော ပုံရိပ်တွင် စိတ်တိုင်းကျထုဆစ်ထားသကဲ့သို့ လှပလွန်းသော မျက်နှာသွင်ပြင်ကို မြင်တွေ့နေရသည်။ သူမသည် နတ်ဘုရားက ပတ္တူစပေါ်တွင် အသေအချာဆွဲခြစ်ထားသည့် လက်ရာမြောက် အနုပညာမြောက် ပန်းချီကားတစ်ချပ်နှင့်ပင် တူလှ၏။
သူမ ဝတ်ဆင်ထားသော ရင်ပြတ်မင်္ဂလာဂါဝန်က သူမ၏ လှပသော ညှပ်ရိုးများကို ပိုမိုပေါ်လွင်စေပြီး အကြည့်မလွှဲနိုင်အောင် ဆွဲဆောင်နေသည်။ ခန္ဓာကိုယ်အချိုးအစားအလိုက် အသေအချာ ချုပ်လုပ်ထားသော ဂါဝန်က သူမ၏ သွယ်လျသော ကိုယ်လုံးလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားပြီး၊ ဆင့်ကဲကျလာသော လှပသည့် ဂါဝန်အနားသတ်များက အသက် (၁၈) နှစ်အရွယ် ဆုဘင်းကို ပိုမိုရင့်ကျက်ပြီး မိန်းမဆန်သော အလှတရားကို ဆောင်နှင်းပေးထားသည်။
S နိုင်ငံတွင် တရားဝင်အိမ်ထောင်ပြုနိုင်သည့် အသက်မှာ (၁၈) နှစ် ဖြစ်သည်။ ထို့ကြောင့် ဆုဘင်းသည် သူမ၏ (၁၈) နှစ်ပြည့် မွေးနေ့အပြီးတွင် နှစ်ပေါင်းများစွာ ချစ်လာခဲ့ရသည့် အမျိုးသား ဒူလောကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မနေ့ညက ကျင်းပခဲ့သည့် မင်္ဂလာဦးမတိုင်မီ ပါတီ တွင် ဝိုင်အတော်များများ သောက်ခဲ့မိသော်လည်း၊ သူမသည် ပြင်ဆင်ခြယ်သရန်အတွက် စောစောစီးစီးပင် ထလိုက်ရသည်။
အပြင်ဘက်တွင် အရုဏ်ဦးအလင်းရောင် သန်းစပြုလာပြီး၊ အရှေ့ဘက်ဆီမှ နေမင်းကြီးက ဖြည်းညှင်းစွာ ထွက်ပြူလာသည်။
"မမလေးဘင်း... အားလုံး ပြင်ဆင်ပြီးပါပြီရှင့်။ အချိန်က စောသေးတော့ ခေတ္တလောက် နားလိုက်ပါဦးလား။ နောက် နှစ်နာရီလောက်ကြာမှ မိတ်ကပ်ပြင်ဖို့ ကျွန်မတို့ ပြန်လာခဲ့ပါမယ်" ဟု သူမကို အဝတ်အစား လဲလှယ်ပေးနေသည့် ဝန်ထမ်းအမျိုးသမီးက ပြုံးလျက် အကြံပြုလေသည်။
"ကောင်းပြီ။" ဆုဘင်းက မှန်ထဲက သူမမျက်လုံးအောက်က ကွင်းညိုလေးတွေကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
မနေ့ညက အသောက်လွန်သွား၍ သူမ ခေါင်းထဲတွင် အနည်းငယ် မူးနောက်နောက် ဖြစ်နေဆဲပင်။ ထို့ကြောင့် စားပွဲပေါ်ရှိ ရေခွက်ကို လှမ်းယူကာ ရေနှစ်ငုံ သောက်လိုက်သည်။
ဝန်ထမ်းများ ထွက်သွားပြီးနောက်၊ အိမ်ဖော်အမျိုးသမီးတစ်ဦးက ငှက်သိုက်စွပ်ပြုတ်အိုးကို ယူဆောင်လာပြီး ဆုဘင်း၏ ရှေ့တွင် ချပေးခဲ့သည်။
ဆုဘင်းသည် စွပ်ပြုတ်ကို ပန်းကန်လုံးအသေးလေးထဲ ခပ်ထည့်ကာ နှစ်ငုံခန့် သောက်လိုက်၏။ မနေ့ညက ဝိုင်တွေ အများကြီးသောက်ထား၍ ထင်သည်၊ လျှာဖျားတွင် ခါးသက်သက် ခံစားချက်နှင့်အတူ စွပ်ပြုတ်အရသာမှာ သူမအတွက် တစ်မျိုးကြီး ဖြစ်နေသည်။
ပန်းကန်လုံးအသေးထဲက စွပ်ပြုတ်ကို ကုန်အောင်သောက်ပြီးနောက်၊ သူမ ထပ်မစားတော့ဘဲ ဆိုဖာပေါ်တွင် ထိုင်ကာ မျက်လုံးမှိတ်ထားလိုက်သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်၊ အခန်းတံခါးကို အသာအယာ တွန်းဖွင့်ကာ တစ်စုံတစ်ယောက်က တိတ်တဆိတ် ဝင်လာခဲ့သည်။
ဆုဘင်းက အိပ်ပျော်မနေခဲ့ပေ။ သူမသည် မျက်လုံးကို တိတ်တဆိတ် ခပ်ဟဟလေးဖွင့်ကာ အကဲခတ်လိုက်ရာ ဝင်လာသူမှာ သူမ၏ ဖအေတူမအေကွဲ ညီမဖြစ်သူ ဆုဟွေရှန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဆုဘင်း၏ မိထွေးသည် သူမ မိဘများ၏ အိမ်ထောင်ရေးကို ဖျက်ဆီးခဲ့သူဖြစ်ရာ၊ သူမသည် ထိုမိထွေးနှင့် ဆုဟွေရှန်တို့ကို အလွန်ရွံရှာမုန်းတီးပြီး ဘယ်တုန်းကမှ ပတ်သက်ဆက်ဆံခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ယခုအချိန်တွင် ဆုဟွေရှန်က သူမအခန်းထဲ ဘာလာလုပ်သည်ကို ဆုဘင်း စူးစမ်းချင်သွားသည်။
ဆုဟွေရှန်က အောက်ခြေအထိ လွတ်နေသော ပန်းကန်လုံးကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်များက မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး ဆုဘင်းကို ငုံ့ကြည့်ကာ...
"ဆုဘင်း... နင် တကယ်ပဲ ဒူလောကို လက်ထပ်ရမယ်လို့ ထင်နေတာလား။ ငါကသာ ဆုမိသားစုရဲ့ တရားဝင် သမီးအစစ်အမှန်ဘဲ။ ဒီငှက်သိုက်စွပ်ပြုတ်ခွက်ထဲမှာ ဘာတွေပါလဲဆိုတာ နင် ဘယ်တော့မှ သိမှာမဟုတ်ဘူး။ ဒါပေမဲ့ နင့်ရဲ့ မင်္ဂလာဦးညကိုတော့ အချိန်ကြိုပြီး အရသာခံနိုင်အောင် ငါ ဖန်တီးပေးလိုက်မယ်။"
ထို့နောက် သူမသည် ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ "ငါ အထူးစီစဉ်ထားတဲ့ ဆုဘင်းအတွက် သက်တော်စောင့် နှစ်ယောက် အဆင်သင့်ဖြစ်ပြီလား။ သူတို့ကို အခုချက်ချင်း ဒီကို လာခိုင်းလိုက်။"
ဆုဟွေရှန် ပြောလိုက်သည့် စကားကို ကြားလိုက်ရသဖြင့် ဆုဘင်း ထိတ်လန့်တကြား မျက်လုံးများ ပြူးကျယ်သွားသည်။ ဆုဟွေရှန်က သူမကို မနှစ်သက်မှန်း သိသော်လည်း၊ ယခုကဲ့သို့ ယုတ်မာကောက်ကျစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားမိပေ။
ဆုဟွေရှန်က သူမကို ဆေးခတ်ပြီး လူတစ်ယောက်ယောက်နှင့် မုဒိမ်းကျင့်ခိုင်းရန် ကြံစည်နေခြင်း ဖြစ်ပုံရသည်။ တကယ့်ကို အဆိပ်ပြင်းတဲ့ မိန်းမ!
ဆုဘင်းသည် မတ်တတ်ထရပ်ကာ လှောင်ပြုံး ပြုံးလိုက်သည်။ အသံကြားသဖြင့် ဆုဟွေရှန် လှည့်ကြည့်လိုက်ရာ၊ ဆုဘင်းက သူမရှေ့တွင် မတ်တတ်ရပ်နေသည်ကို မြင်ပြီး နောက်သို့ အလန့်တကြား ခြေလှမ်းအနည်းငယ် ဆုတ်သွားလေသည်။ "နင်... နင် မအိပ်ပျော်ဘူးလား။"
"ဆုဟွေရှန်... ဆုမိသားစုထဲမှာ သမီးလိမ္မာလေးလို ဟန်ဆောင်နေရတာ နင့်အတွက် တော်တော် ပင်ပန်းခဲ့မှာပဲ။ အခုတော့ နင့်ရဲ့ မျက်နှာဖုံးကို ခွာချလိုက်ရလို့ စိတ်ထဲ အေးသွားပြီလား" ဟု ဆုဘင်းက အေးစက်စက် အကြည့်များဖြင့် သရော်သံစွက်ကာ ပြောလိုက်သည်။
"နင် ဘာပြောနေတာလဲ ငါနားမလည်ဘူး။" ဆုဟွေရှန်၏ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားသည်။ လျှို့ဝှက်ချက် ပေါ်သွားမည်ကို ကြောက်လန့်လွန်းသဖြင့် သူမ၏ လက်သည်းများက လက်ဖဝါးထဲအထိ နစ်ဝင်လုမတတ် ဆုပ်ထားမိပြီး၊ ဆုဘင်း၏ အကြည့်များကိုပင် ရင်မဆိုင်ရဲတော့ပေ။
ဆုဘင်းက ဆုဟွေရှန်၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းလိုက်သည်။ သူမက ဆုဟွေရှန်ထက် အရပ်ပိုရှည်သဖြင့် လမ်းကို ပိတ်ဆို့ထားကာ ဆုဟွေရှန် ထွက်ပြေးရန် အခွင့်အရေး လုံးဝမပေးတော့ချေ။