အချိန်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မကြာခင်မှာပဲ ဇွန်လ ၂၄ ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဖန်ယွမ်တစ်ယောက် တရားဝင် နွေရာသီကျောင်းပိတ်ရက်ကို ရရှိသွားခဲ့ပြီဖြစ်သည်။ အစောင့်မျှော်ဆုံး အရာကတော့ မကြာမီ အစိုးရမွေးမြူရေးဂေဟာသို့သွားကာ ပထမဆုံးသော ပိုကီမွန်ဥတစ်လုံး ဝယ်ယူရမည်ဆိုသည့် အချက်ပင်။
ဟွာနိုင်ငံ (Hua Nation) တွင် ပိုကီမွန်ဆရာတစ်ဦးဖြစ်လာရန် အချက်လေးချက် လိုအပ်သည်။ ပထမအချက်မှာ အသက် ၁၆ နှစ် ပြည့်ရမည်၊ ဒုတိယအချက်မှာ ပိုကီမွန်ဆရာများအတွက် သတ်မှတ်ထားသော ကျန်းမာရေးစစ်ဆေးမှုကို အောင်မြင်ရမည်၊ တတိယအချက်မှာ နှစ်စဉ် အခွန်ပေးဆောင်ရမည်ဖြစ်ပြီး စတုတ္ထအချက်မှာ အနည်းဆုံး ပိုကီမွန်တစ်ကောင် ပိုင်ဆိုင်ထားရမည် ဖြစ်သည်။ ဖန်ယွမ်မှာ အသက်ပြည့်မီနေပြီဖြစ်သလို ကျောင်းမှ စီစဉ်ပေးသော ကျန်းမာရေးစစ်ဆေးမှုကိုလည်း အောင်မြင်ပြီးဖြစ်သည်။ ပိုကီမွန်ဥ ရရှိသည်နှင့်တစ်ပြိုင်နက် မွေးမြူရေးဂေဟာမှ ထောက်ခံစာကိုယူကာ ပိုကီမွန်စင်တာသို့သွား၍ အခကြေးငွေပေးသွင်းပြီး မှတ်ပုံတင်ရုံသာ ကျန်တော့သည်။ ပိုကီမွန်ဥ အကောင်ပေါက်လာပြီး သူ၏ ပိုကီမွန်ဆရာ မှတ်ပုံတင်ကတ်ကို အသက်သွင်းပြီးသွားပါက သူ့ကိုယ်သူ ပိုကီမွန်ဆရာတစ်ဦးအဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ခေါ်ဆိုနိုင်ပြီဖြစ်သည်။
ပရော်ဖက်ရှင်နယ် ပိုကီမွန်ဆရာများသည် နိုင်ငံအသီးသီးရှိ အများပြည်သူဆိုင်ရာ အဆောက်အအုံများ၏ ၉၅ ရာခိုင်နှုန်းကို အခမဲ့ အသုံးပြုခွင့်ရှိကြသည်။ သို့သော် ထိုသို့ဖြစ်လာရန် ပိုကီမွန်ဆရာအသင်း၏ တင်းကျပ်လှသော အကဲဖြတ်စစ်ဆေးမှုများကို အောင်မြင်အောင် ဖြေဆိုပြီး လိုင်စင်ရယူရမည်ဖြစ်သည်။ သတ်မှတ်ချက်များ မြင့်မားသလောက် ခံစားခွင့်များကလည်း အလွန်ကောင်းမွန်လှသည်။ သာမန် ပိုကီမွန်ဆရာတစ်ဦး ဖြစ်လာရန် သတ်မှတ်ချက်များက ပိုမိုသက်သာသော်လည်း ရရှိမည့် အကျိုးခံစားခွင့်များကတော့ မဆိုးလှပေ။ အရေးအကြီးဆုံးအချက်မှာ လက်ရှိလူ့အဖွဲ့အစည်းတွင် ပိုကီမွန်ဆရာများသာလျှင် ပိုကီမွန်များနှင့် ပိုကီဘောလ် (Poké Balls) များကို တရားဝင် ပိုင်ဆိုင်ခွင့်ရှိခြင်းဖြစ်သည်။ အမှန်တကယ်တော့ ပိုကီမွန်စင်တာများနှင့် ဖရင်းဒလီစတိုး (Friendly Store) များကဲ့သို့သော နေရာများမှ အထူးခံစားခွင့် ဝန်ဆောင်မှုများ ရရှိရုံဖြင့်ပင် ပိုကီမွန်ပိုင်ရှင်များအတွက် ငြင်းဆန်နိုင်စရာ အကြောင်းမရှိတော့ပေ။ သာမန်ပိုကီမွန်ဆရာတစ်ဦး၏ အဆင့်အတန်းသည် မရှိမဖြစ်လိုအပ်သော ဝင်ခွင့်လက်မှတ်တစ်ခုဟု ဆိုလျှင်လည်း မမှားပေ။ သို့မဟုတ်ပါက ဖျားနာနေသော၊ သို့မဟုတ် ဒဏ်ရာရနေသော ပိုကီမွန်များကို ကုသပေးမည့်နေရာ ရှိမည်မဟုတ်ချေ။ အကြောင်းမှာ ဟွာနိုင်ငံတွင် ပုဂ္ဂလိကပိုင် ပိုကီမွန်ဆေးရုံများ လုံးဝနီးပါး မရှိဘဲ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုအားလုံးကို ပိုကီမွန်ဆရာအသင်း လက်အောက်ရှိ ပိုကီမွန်စင်တာများကသာ လက်ဝါးကြီးအုပ်ထားသောကြောင့်ဖြစ်သည်။
ဤလဝက်အတွင်း ဖန်ယွမ်သည် အရာများစွာကို ပိုမိုနားလည်နိုင်ရန် ကြိုးစားခဲ့ပြီး၊ သူစဉ်းစားထားသော မြက်အမျိုးအစား ပိုကီမွန် မွေးမြူရေးအစီအစဉ်ကိုလည်း အပြည့်စုံဆုံးဖြစ်အောင် ပြင်ဆင်ခဲ့သည်။ ဖန်ယွမ်၏ ပြောင်းလဲမှုများကို မည်သူမျှ သတိမထားမိကြသလို သူ၏မိဘများကလည်း တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု မခံစားမိကြပေ။ အမှန်တော့ မှတ်ဉာဏ်နှစ်စုံ ပေါင်းစပ်သွားသော်လည်း ဖန်ယွမ်သည် ဖန်ယွမ်အဖြစ်သာ ဆက်ရှိနေဆဲပင်။
"သား... အဆင်သင့်ဖြစ်ပြီလား။ ချိန်းထားတဲ့အချိန် နောက်ကျနေဦးမယ်" ဟု ဧည့်ခန်းထဲမှ ဖခင်ဖြစ်သူက လှမ်းအော်လိုက်သည်။
"ခဏလေးပါ အဖေ"
အိပ်ခန်းထဲတွင် ဖန်ယွမ်သည် အဝတ်အစားများ သေသပ်စွာ ဝတ်ဆင်ပြီးနောက် မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ကြည့်ကာ အတတ်နိုင်ဆုံး သဘာဝကျအောင် ပြင်ဆင်နေမိသည်။
"လာပြီ လာပြီ"
သူက အမြန် ပြန်ထူးလိုက်သည်။ ဧည့်ခန်းထဲတွင် စောင့်နေကြသော မိဘနှစ်ပါးစလုံးမှာ ဖန်ယွမ်၏ အသံထဲမှ စိတ်လှုပ်ရှားမှုများကို ကြားလိုက်ရသဖြင့် အလိုလို ပြုံးမိသွားကြသည်။ ဖခင်နှင့် မိခင်မှာ သာမန်အားဖြင့် အားလပ်ရက် မရှိတတ်ကြသော်လည်း ယနေ့တွင်မူ ရိုးရှင်းသော အကြောင်းပြချက်လေးတစ်ခုအတွက် နှစ်ဦးစလုံး အလုပ်မှ ခွင့်ယူထားကြသည်။ ထိုအကြောင်းရင်းမှာ ဖန်ယွမ်နှင့်အတူ မွေးမြူရေးဂေဟာသို့ သွားရောက်ကာ ပိုကီမွန်ဥ ကြိုတင်မှာယူဝယ်ယူရန်ပင် ဖြစ်သည်။ ဖန်ယွမ်၏ အသက်အရွယ်အရ မိဘများ လိုက်ပါသွားရန် လိုအပ်သည်။ ထို့ပြင် ငွေပေးချေမည့် လူကြီးတစ်ဦးမှ မပါပါက ဖန်ယွမ်ကိုယ်တိုင်လည်း တတ်နိုင်မည်မဟုတ်ပေ။ သူ၏ စုဆောင်းငွေအားလုံးမှာ နှစ်သစ်ကူး မုန့်ဖိုးများထည့်ထားသည့် ဘဏ်ကတ်ထဲတွင်သာ ရှိပြီး ယွမ် ခြောက်ထောင်ကျော်ခန့်သာ ရှိသည်။ ထိုငွေပမာဏမှာ သာမန်အိမ်မွေးတိရစ္ဆာန်တစ်ကောင် ဝယ်ရန် လောက်ငသော်လည်း ပိုကီမွန်ဥတစ်လုံး ဝယ်ရန်အတွက်မူ ဝေလာဝေးပင်။
ဖန်ယွမ်မှာ တကယ်ကို စိတ်လှုပ်ရှားနေမိသည်။ လဝက်လုံးလုံး စောင့်စားခဲ့ရသည် မဟုတ်ပါလား။ သူ အိပ်ခန်းထဲမှ ထွက်လာသည်နှင့် မိသားစုသုံးယောက် အချိန်မဆွဲတော့ဘဲ ချက်ချင်း ခရီးထွက်ခဲ့ကြသည်။
...
ဖျင်ချန်မြို့တွင် အထက်တန်းကျောင်း ၅ ကျောင်းရှိသော်လည်း ပိုကီမွန်ဆရာများ မွေးထုတ်ပေးရန် အရည်အချင်းပြည့်မီသည်ဟု ပိုကီမွန်ဆရာအသင်းနှင့် ပညာရေးဝန်ကြီးဌာနတို့က ပူးတွဲအသိအမှတ်ပြုထားသည့် ကျောင်းမှာ ဖျင်ချန် အမှတ် (၁) အထက်တန်းကျောင်း တစ်ကျောင်းတည်းသာ ရှိသည်။ ထိုကျောင်းမှ နောက်ဆုံးနှစ်သို့ တက်ရောက်မည့် ကျောင်းသားပေါင်း ၄၀၀ ခန့်သည် လာမည့်ရက်အနည်းငယ်အတွင်း မွေးမြူရေးဂေဟာတွင် ပိုကီမွန်ဥများ ဝယ်ယူရန် ရက်ချိန်းများ ယူကြမည်ဖြစ်သည်။ မွေးမြူရေးဂေဟာသို့ သွားရာလမ်းတစ်လျှောက်တွင် ကျောင်းသားများကို လိုက်ပို့ပေးသော မိဘများ ဆက်တိုက်ဆိုသလို ရှိနေပြီး ပိုကီမွန်ဥများကို ကိုင်ဆောင်ကာ အလျင်စလို ပြန်လာကြသော ကျောင်းသားများနှင့် မိဘများကိုလည်း တွေ့မြင်နေရသည်။ ဖျင်ချန်မြို့က မသေးငယ်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင် အသိအကျွမ်းများနှင့် ဆုံတွေ့ရခြင်းမှာ ရှောင်လွှဲ၍မရသော အရာဖြစ်သည်။ အိမ်မှထွက်လာပြီး မကြာမီမှာပင် ဖန်ယွမ်သည် ရင်းနှီးသောသူတစ်ဦးနှင့် ဆုံတွေ့လိုက်ရသဖြင့် "အို" ဟု ရေရွတ်လိုက်မိသည်။ အခြားသူမဟုတ်၊ သူနှင့် အထက်တန်း ဒုတိယနှစ်တွင် အတန်းတူတက်ခဲ့သော အတန်းဖော်ဖြစ်သည်။
"ဦးလေးလင်း၊ လင်းကျင်း" ဖန်ယွမ်က ပြုံးရွှင်စွာဖြင့် ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်သည်။
ထိုအမျိုးသားသည် ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ထားပြီး ဖန်ယွမ်၏ မိဘများနှင့် သက်တူရွယ်တူခန့် ရှိသည်။ သူ၏ဘေးရှိ မိန်းကလေးမှာမူ ချောမောလှပရုံသာမက ရဲရင့်ပြတ်သားဟန်ရှိကာ ထူးခြားသော ကိုယ်ရည်ကိုယ်သွေးမျိုး ရှိသည်။
"အို... လင်းကျင်းရဲ့ အတန်းဖော်ပဲ။ မင်္ဂလာပါကွယ်" ဟု ဦးလေးလင်းက ပြုံးလျက် ပြန်လည်နှုတ်ဆက်သည်။
ဖန်ယွမ်၏ မိဘများသည်လည်း မိဘဆရာအသင်း အစည်းအဝေးများတွင် သူ့ကို အကြိမ်အနည်းငယ် တွေ့ဖူးထားသဖြင့် ဆုံတွေ့ချိန်တွင် ယဉ်ကျေးစွာ အပြန်အလှန် နှုတ်ခွန်းဆက် စကားပြောကြသည်။
ဖန်ယွမ်က ဦးလေးလင်းနှင့် စကားပိုပြောချင်သော်လည်း မိဘများ စကားဝိုင်းဖွဲ့နေကြသည်ကို မြင်သောအခါ သူ၏အာရုံကို အတန်းဖော်ထံသို့သာ လှည့်လိုက်ရတော့သည်။ ဤဦးလေးလင်းသည် ဖျင်ချန်မြို့၏ ဂန္ထဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ဖျင်ချန် မှုခင်းရဲတပ်ဖွဲ့၏ တပ်ဖွဲ့မှူးတစ်ဦးအနေဖြင့် ပိုကီမွန်များနှင့် ပတ်သက်ဆက်နွှယ်နေသော ခိုးမှု၊ လူသတ်မှု များစွာကို ဖော်ထုတ်နိုင်ခဲ့သူဖြစ်သည်။ ဖျင်ချန်မြို့တွင် သူ၏နာမည်က ဩဇာကြီးမားလှသည်။ သူသည် ဖန်ယွမ် လက်တွေ့ဘဝတွင် ပထမဆုံး မြင်ဖူးသည့် သက်ရှိထင်ရှား ပရော်ဖက်ရှင်နယ် ပိုကီမွန်ဆရာလည်း ဖြစ်သည်။
"ဖန်ယွမ်... ငါ ဘာရွေးမလဲဆိုတာ ခန့်မှန်းကြည့်..." လင်းကျင်းက ဖန်ယွမ်ကို စကားစပြောလိုက်သည်။
"ဂရိုးလစ် (Growlithe)" ဖန်ယွမ်က ဖြတ်ပြောလိုက်သည်။
"နင်ကတော့လေ... ပျင်းစရာကောင်းလိုက်တာ" စကားပြောလို့မှ မဆုံးသေးခင် အဖြေမှန်ကို အခန့်မှန်းခံလိုက်ရသဖြင့် လင်းကျင်းက စိတ်ပျက်လက်ပျက် လေသံဖြင့် ပြောသည်။
"ခန့်မှန်းနေစရာကို မလိုတာပါဟ..." ဖန်ယွမ်ကလည်း ထပ်ပြီး မငြင်းခုံချင်တော့။ လင်းကျင်းကို ရဲအရာရှိ ဦးလေးလင်းက ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်လာခဲ့ခြင်း ဖြစ်သည်။ သူတို့အတန်းထဲရှိ လူတိုင်း ဤအချက်ကို သိကြသည်။ ထို့ပြင် ဂရိုးလစ် (Growlithe) နှင့် အာကာနိုင်း (Arcanine) တို့သည် ဟွာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် စံသတ်မှတ်ချက် ပိုကီမွန်များနီးပါး ဖြစ်နေပြီဖြစ်သည်။ ထက်မြက်ခြင်း၊ ရဲရင့်ခြင်း၊ သစ္စာရှိခြင်း စသည့် စရိုက်လက္ခဏာများနှင့် အနံ့ခံအာရုံ စူးရှလှသော ဂရိုးလစ်များသည် တစ်ခါရဖူးသော အနံ့ကို ဘယ်တော့မှ မမေ့တတ်ကြပေ။ အနံ့မှတစ်ဆင့် အခြားသူများ၏ စိတ်ခံစားမှုများကိုပင် သိရှိနိုင်သဖြင့် ရဲလုပ်ငန်းများအတွက် အသင့်တော်ဆုံး ပိုကီမွန်များ ဖြစ်ကြသည်။ ဤကဲ့သို့သော ပိုကီမွန်မျိုးမှာ အလွန်ရှားပါးသော်လည်း လင်းကျင်း၏ မိသားစုအတွက် ကြိုတင်မှာယူရန်မှာ လွယ်ကူလှသလို ကောင်းစွာ ပြုစုပျိုးထောင်နိုင်စွမ်းလည်း ရှိပေသည်။
အတန်းဖော်နှင့် လမ်းတွင်ဆုံရခြင်းမှာ တိုက်ဆိုင်စွာ လမ်းကြုံသွားခြင်းသာ ဖြစ်သည်။ မိသားစုနှစ်စုသည် လမ်းတစ်လျှောက် အတူလျှောက်လာခဲ့ကြသော်လည်း မွေးမြူရေးဂေဟာသို့ ရောက်လုနီးချိန်တွင် သက်ဆိုင်ရာ လမ်းညွှန်များကို အသီးသီး ရှာဖွေရမည်ဖြစ်၍ လမ်းခွဲခဲ့ကြသည်။
လင်းကျင်းနှင့် သူမ၏ဖခင် ထွက်သွားပြီးနောက် ဖခင်ဖြစ်သူက မေးစေ့ကို ပွတ်ရင်း ရုတ်တရက် မေးလိုက်သည်။
"သား... ကျောင်းပြီးရင် ရည်းစားထားဖို့ အစီအစဉ် ရှိလား"
"အချိန်ကုန်ပါတယ်" ဖန်ယွမ်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
"အဖေကတော့ လင်းကျင်းလေးကို သဘောကျတယ်ကွ" ဖခင်က အလေးအနက် ပြောသည်။
"သူတို့ဘက်က သားကို သဘောမကျမှာပဲ စိုးရတယ်" ဟု မိခင်ကလည်း ဝင်ထောက်ခံသည်။
"..."
ဖန်ယွမ် မော့ကြည့်လိုက်မိသည်။ သူ၏မိဘများသည် အစစအရာရာ ကောင်းမွန်သော်လည်း တစ်ခါတစ်ရံတွင်တော့ နည်းနည်း ဂွကျတတ်သည်။ တကယ်ပင် ပင်ပန်းရပါသည်။
...
"နံပါတ် ၅၁၊ ဖန်ယွမ် မိသားစု ဖြစ်ပါသလားခင်ဗျာ"
"ဟုတ်ပါတယ်"
ရောက်ရောက်ချင်း ဖခင်ဖြစ်သူ ဖုန်းဆက်လိုက်ရာ မကြာမီ မျက်မှန်နှင့် လူငယ်တစ်ဦး မွေးမြူရေးဂေဟာထဲမှ ထွက်လာပြီး အပြုံးဖြင့် နှုတ်ဆက်လေသည်။ ထိုသူကို မြင်သောအခါ ဖန်ယွမ်တစ်ယောက် လန်းဆန်းတက်ကြွသွားသည်။ နောက်ဆုံးတော့ စတင်ရတော့မည်။
"လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါခင်ဗျာ။ ဪ... ပြောရဦးမယ်၊ ကျွန်တော့်နာမည်က ပိုင်ရှီ (Baishi) လို့ ခေါ်ပါတယ်"
ဧည့်သည်များကို ရှာတွေ့ပြီးနောက် မွေးမြူရေးဂေဟာမှ ထွက်လာသော မျက်မှန်နှင့် လူငယ်လေးက ထပ်မံပြုံးပြလိုက်သည်။
အများပြည်သူဆိုင်ရာ မွေးမြူရေးဂေဟာများနှင့် ပိုကီမွန်စင်တာများသည် ပိုကီမွန်ဆရာအသင်း၏ လက်အောက်ခံ အဖွဲ့အစည်းများ ဖြစ်ကြသည်။ လက်ရှိတွင် ဟွာနိုင်ငံ၌ ပိုကီမွန်များနှင့် ပိုကီမွန်ဥများကို တရားဝင် ရောင်းချခွင့်ရှိသော တစ်ခုတည်းသော နေရာများမှာ အများပြည်သူဆိုင်ရာ မွေးမြူရေးဂေဟာများသာ ဖြစ်သည်။ အခြားနည်းလမ်းများဖြင့် ပိုကီမွန်များကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းသည် ပြစ်မှုမြောက်သော လုပ်ရပ်ဖြစ်ပြီး ရှားပါးသော ချွင်းချက်အနည်းငယ်သာ ရှိသည်။ ထူးခြားသည်မှာ မွေးမြူရေးဂေဟာများ၏ ပိုင်ရှင်များနှင့် ဝန်ထမ်းအများစုမှာ မွေးမြူရေးအသင်း၏ စာမေးပွဲများကို အောင်မြင်ထားသော တရားဝင် အသိအမှတ်ပြု ပိုကီမွန်မွေးမြူလေ့ကျင့်သူများ (Breeders) ဖြစ်ကြသည်။ ၎င်းတို့သည် သားပေါက်ခြင်းနှင့် ပြုစုစောင့်ရှောက်ခြင်းအပါအဝင် ပိုကီမွန်မွေးမြူရေး ကဏ္ဍပေါင်းစုံတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် တရားဝင် မွေးမြူရေးဂေဟာများမှ ရောင်းချသော မည်သည့်ပိုကီမွန်ဥ သို့မဟုတ် ပိုကီမွန်မဆို မွေးရာပါ အရည်အချင်း ညံ့ဖျင်းမည်မဟုတ်သလို မည်သည့်ရောဂါဘယမှလည်း ရှိမည်မဟုတ်ပေ။ သို့သော်လည်း စျေးနှုန်းကတော့ သဘာဝကျကျပင် အနည်းငယ် ပိုမြင့်နေမည်ဖြစ်သည်။
"ဂေဟာ" ဟု ခေါ်ဆိုခြင်းက အမှန်တကယ်တော့ နှိမ့်ချခေါ်ဝေါ်ခြင်းသာ ဖြစ်သည်။ ဤနေရာသည် ကဏ္ဍအသီးသီးကို စနစ်တကျ ခွဲခြားသတ်မှတ်ထားသည့် ဧရာမ ကွင်းပြင်ကြီးတစ်ခုနှင့် ပိုတူသည်။ မျက်မှန်တပ်ထားသော လူငယ်လေး၏ နောက်မှ လိုက်ပါသွားရင်း သူ၏ ရှင်းလင်းပြောကြားချက်များကို သူတို့သုံးယောက်လုံး ခေါင်းညိတ်ကာ နားထောင်နေမိကြသည်။
"ဒီကိုမလာခင် ဦးလေးဖန်တို့အနေနဲ့ ကျွန်တော်တို့ ဂေဟာမှာရှိတဲ့ ပိုကီမွန်ဥ အမျိုးအစားတွေကို လေ့လာပြီးသား ဖြစ်မှာပါ။ အထူးတလည် ရွေးချယ်ထားတာများ ရှိလားခင်ဗျ"
"ဦးလေးတို့လည်း သေချာတော့ မသိဘူးကွယ့်၊ ကလေးက သူ့ဟာသူ ရွေးလိမ့်မယ်။ ကျောင်းမှာ အခြေခံတွေတော့ သင်ထားပြီးသားပါ။ ဒါပေမဲ့ သူကိုယ်တိုင် မျက်စိနဲ့တပ်အပ် သေချာကြည့်ပြီးမှ ဆုံးဖြတ်မယ်လို့ ပြောတယ်" မိခင်ဖြစ်သူက ဖြေကြားလိုက်သည်။
"ဒါလည်း ကောင်းပါတယ်၊ ကလေးကို ကိုယ်တိုင် ဆုံးဖြတ်ခွင့်ပေးတာ အကောင်းဆုံးပါပဲ" ဟု ပိုင်ရှီကထောက်ခံလိုက်သည်။