အပိုင်း - (၃၄): လှည့်ပတ်နေသော သဲမှုန်ဖြန့်ပက်ခြင်း
ဖန်ယွမ်သည် အီဗီကိုခေါ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့ပြီး အနီးနားရှိ အများပြည်သူပိုင် တိုက်ပွဲကွင်းပြင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ ထိုကွင်းပြင်၌ အနားယူရန် ပန်းခြံငယ်တစ်ခု ရှိသော်လည်း လူသူနှင့် ပိုကီမွန်များ သိပ်မရှိလှချေ။ ဤကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည့် နေရာမျိုးကမှ ဖန်ယွမ် အတိအကျ ရှာဖွေနေသည့် နေရာမျိုး ဖြစ်ပေသည်။
"ဒီနေရာလေး ကောင်းတယ်" ဖန်ယွမ်က ကွင်းပြင်ကျယ်တစ်ခုကို တွေ့ရှိသွားပြီးနောက် အီဗီအား ပြောလိုက်သည်။ "ဒီမှာပဲ ငါတို့ရဲ့ စမ်းသပ်မှုကို စလိုက်ကြရအောင်"
အီဗီလေးသည် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး 'သဲမှုန်ဖြန့်ပက်ခြင်း' စွမ်းရည်ကို ထုတ်ဖော်ရန် ပြင်လိုက်သော်လည်း၊ ရုတ်တရက် တစ်စုံတစ်ခု လိုအပ်နေသည်ဟု ခံစားလိုက်ရသည်။
"ဘွူး?" ဟုတ်သားပဲ... ဒီစွမ်းရည်ကို ဘယ်လိုပုံစံ အသုံးပြုရမည်ဆိုတာ ဖန်ယွမ်ကို မမေးရသေးဘူးပဲ။
"ခုနက ငါပြောပြခဲ့တဲ့အတိုင်းပဲ လုပ်ကြည့်။ ကိုယ်ကို လှည့်ပတ်နေရင်းနဲ့ သဲမှုန်ဖြန့်ပက်ခြင်း စွမ်းရည်ကို တပြိုင်နက်တည်း ထုတ်သုံးလိုက်" ဟု ဖန်ယွမ်က ရှင်းပြလေသည်။
အီဗီ- "???"
အီဗီလေးသည် မြေပြင်ကို ငုံ့ကြည့်လိုက်ပြီးနောက် နှစ်ပတ်သုံးပတ်ခန့် လှည့်ပတ်ကြည့်လိုက်သည်။ 'ဖြန်း!' ဟူသော အသံနှင့်အတူ ၎င်း၏ လက်ဖဝါးလေးက မြေကြီးကို ရိုက်ပုတ်လိုက်ရာ သဲမှုန်ဖြန့်ပက်ခြင်း စွမ်းရည် ထွက်ပေါ်လာသည်။ သို့သော်လည်း ပုံမှန်အသုံးပြုနေကျ ပုံစံနှင့် မည်သို့မျှ ကွာခြားမှု မရှိပေ။
"ကိုယ်ကို လှည့်ပတ်တာနဲ့ စွမ်းရည်ထုတ်တာကို တပြိုင်နက်တည်း လုပ်ရမှာလေ" ဖန်ယွမ်က ထပ်မံ သတိပေးလိုက်သည်။
အမြဲတမ်း စကားနားထောင်တတ်သော အီဗီလေးသည် ထိုင်လျက်သားဖြင့် တဂျာဂျာ လှည့်ပတ်ကာ စွမ်းရည်ကို အသုံးပြုကြည့်ပြန်သည်။ သို့တိုင်အောင် သဲမှုန်ဖြန့်ပက်ခြင်းမှာ အပြောင်းအလဲ မရှိခဲ့ချေ။ နောက်ဆုံးတွင်မူ အီဗီလေးမှာ မူးဝေလာသဖြင့် လှည့်ပတ်ခြင်းကို ရပ်တန့်လိုက်ရပြီး၊ မျက်လုံးထဲတွင် ကြယ်လေးတွေ လည်ထွက်ကာ ပစ်လဲကျသွားရှာတော့သည်။
ဖန်ယွမ်- "..."
ဤကဲ့သို့ ဖြစ်သွားရှာသော အီဗီကို ကြည့်ရင်း၊ ခန္ဓာကိုယ်ကို လှည့်ပတ်ကာ စွမ်းရည်ကို တစ်ပြိုင်နက်တည်း အသုံးပြုသည့် ဤနည်းလမ်းသည် အီဗီနှင့် ကိုက်ညီမှု မရှိနိုင်ကြောင်း ဖန်ယွမ် သဘောပေါက်သွားသည်။ အန်နီမေးရှင်း ဇာတ်လမ်းတွဲများထဲတွင် ကြည့်ရသလောက် လွယ်ကူရိုးရှင်းမနေခဲ့ချေ။
ပထမအချက်မှာ အီဗီ၏ ဟန်ချက်ထိန်းနိုင်စွမ်းကို ဆက်လက်လေ့ကျင့်ပေးရန် လိုအပ်ပြီး၊ ဒုတိယအချက်မှာ သဲမှုန်ဖြန့်ပက်ခြင်း စွမ်းရည်သည် 'ရေသေနတ်' သို့မဟုတ် 'မီးလျှံမှုတ်ထုတ်ခြင်း' ကဲ့သို့သော တိုက်စစ်များပမာ တိုက်ရိုက်ပစ်လွှတ်ရသည်မျိုး မဟုတ်ဘဲ ပြန့်ကျဲနေတတ်သဖြင့် စွမ်းအင်စုစည်းရန် မလွယ်ကူပေ။ ရလဒ်အနေဖြင့် လှည့်ပတ်နေစဉ်အတွင်း သဲမှုန်ဖြန့်ပက်ခြင်းကို လည်ပတ်မှုအရှိန်နှင့် တစ်သားတည်းကျအောင် ပေါင်းစပ်စုစည်းရန် အလွန်ခက်ခဲလှသည်။
"အခု နည်းနည်း သက်သာသွားပြီလား"
အချိန်အတော်ကြာမှသာ အီဗီလေးသည် ယိမ်းယိုင်ယိုင်ဖြင့် ထလာပြီး လမ်းမီးတိုင်လေးကို အားပြုမှီတွယ်လိုက်ရှာသည်။
အီဗီ - …..
"ကဲပါ... ကဲပါ... ငါတို့ကတော့ ရသမျှနည်းလမ်း စမ်းကြည့်ရမှာပဲလေ..." ဖန်ယွမ်က အားနာပါးနာ အပြုံးဖြင့် အီဗီ ကို အချိုရည်တစ်ပုလင်း ကမ်းပေးလိုက်သည်။
"ဘွူး!" အီဗီက ဤနည်းလမ်းသည် လုံးဝအလုပ်ဖြစ်မည် မထင်ကြောင်း ဖန်ယွမ်အား ပြောပြလိုက်သည်။
"အလုပ်မဖြစ်တာတော့ မဟုတ်ပါဘူး။ သဲမှုန်ဖြန့်ပက်ခြင်းကနေ ထွက်ပေါ်လာတဲ့အရာ အများစုက သဲမှုန်တွေ ရောနှောပါဝင်နေပေမဲ့ အဓိကအားဖြင့်က ဖုန်မှုန့်တွေလေ။ အခြေခံအားဖြင့်ကိုက မတည်ငြိမ်တဲ့ အနေအထား ဖြစ်နေတာ..."
"အကယ်၍ မင်းသာ မြေပြင်စွမ်းအင် ကို ပိုပြီး ကောင်းကောင်းထိန်းချုပ်နိုင်မယ်ဆိုရင်၊ ဖုန်မှုန့်တွေနဲ့ သဲမှုန်တွေကို အခုလို ပြန့်ကျဲမနေစေဘဲ ပိုမိုစုစည်းမိအောင် လုပ်နိုင်ပြီး အသုံးချရတာ ပိုလွယ်ကူသွားလိမ့်မယ်"
"ဘွူး!" အီဗီက ၎င်းသည် သာမန်အမျိုးအစား ပိုကီမွန်လေးသာဖြစ်ပြီး၊ မြေပြင်အမျိုးအစား မဟုတ်သဖြင့် ဤမျှ ကြီးမားသော တောင်းဆိုမှုသည် လွန်ကဲလွန်းသည်ဟု ပြန်လည်စောဒကတက်လေသည်။
"ငါ သိပါတယ်ကွ... သိပါတယ်..." ဖန်ယွမ်က သူ့ခေါင်းသူ ပြန်ကုတ်လိုက်မိသည်။ လှည့်ပတ်ခုခံခြင်း ကစားကွက်အတွက် ခန္ဓာကိုယ်ကို လှည့်ပတ်ကာ စွမ်းရည်ကို ပုံဖော်ရသည့် နည်းလမ်း၌ ကြီးမားသော ကန့်သတ်ချက်များ ရှိနေသည်ကို သူလည်း သဘောပေါက်သွားပေပြီ။ "စိတ်မပူပါနဲ့... အဲဒါက လှည့်ပတ်ခုခံခြင်း ကစားကွက်ကို အသုံးပြုနိုင်တဲ့ နည်းလမ်းတစ်ခု သက်သက်ပါ။ ဒီနည်းလမ်း တစ်ခုတည်းကိုပဲ အသေဆုပ်ကိုင်ထားဖို့ မလိုပါဘူး"
ဖန်ယွမ် ပြန်လည်စဉ်းစားကြည့်မိသည်။ ဘရော့ခ်၏ ဂျီအိုဒုဒ် အသုံးပြုခဲ့သည့် 'ဂိုင်ရိုဘော' လှည့်ပတ်ခုခံခြင်း ကစားကွက်သည်လည်း ခန္ဓာကိုယ် လည်ပတ်မှုကို အခြေခံ၍ စွမ်းရည်ကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ တစ်ခုတည်းသော ချွင်းချက်မှာ ပေါလ် ၏ 'ဆလိုဘရို' ဖြစ်ပြီး ၎င်းသည် ကွဲပြားခြားနားသော လှည့်ပတ်ခုခံခြင်း ပုံစံတစ်ရပ်ကို လမ်းသစ်ဖောက်ခဲ့သည်။
လင်လန်လိဂ်ပြိုင်ပွဲ တွင် ပေါလ်၏ ဆလိုဘရိုသည် လှည့်ပတ်နေသော 'ရွှံ့ဗွက်ရေ' စွမ်းရည်ကို ထုတ်ဖော်ခဲ့သော်လည်း၊ ၎င်း၏ ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် လှည့်ပတ်နေခြင်း မရှိဘဲ လည်ပင်းကိုသာ စည်းချက်အလိုက် အနည်းငယ် ယိမ်းနွဲ့ပေးရုံသာ ဖြစ်သည်။ ဤသည်မှာ လှည့်ပတ်ခုခံခြင်း ကစားကွက်အတွက် ခန္ဓာကိုယ်တစ်ခုလုံးကို ပေါင်းစပ်လှည့်ပတ်ရသည့် အာရှတ် ၏ နည်းလမ်းနှင့် ရှင်းလင်းစွာ ကွဲပြားခြားနားနေသည်။ ဤရှုထောင့်မှ ကြည့်လျှင် ပေါလ်သည် အာရှတ်ထက်ပို၍ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် တီထွင်ဆန်းသစ်နိုင်စွမ်း ရှိသည်ဟု ဆိုရမည်။
"အဲဒီ ဆလိုဘရိုက ရေစွမ်းအင်ကို တိကျသေချာစွာ ထိန်းချုပ်နိုင်စွမ်းရှိတာကြောင့် စွမ်းရည်တွေကို အလိုအလျောက် လှည့်ပတ်သွားစေပြီး၊ သူ့ခန္ဓာကိုယ်ကို ပြီးပြည့်စုံစွာ လွှမ်းခြုံထားနိုင်တဲ့ လှည့်ပတ်ရေစီးကြောင်းတွေကို ဖန်တီးနိုင်ခဲ့တယ်။ အီဗီရော ဒီပုံစံမျိုးကို အသုံးချနိုင်ပါ့မလား..."
ဖန်ယွမ်သည် အီဗီ ထံသို့ အကြည့်ရွှေ့လိုက်သည်။ ဤပုံစံကိုသာ လှည့်ပတ်ခုခံခြင်း ကစားကွက်တွင် အသုံးချနိုင်မည်ဆိုပါက ခန္ဓာကိုယ်ကို လှည့်ပတ်နေရန် မလိုအပ်တော့သဖြင့် လှုပ်ရှားမှုများမှာ ပိုမိုပေါ့ပါးသွက်လက်လာပေလိမ့်မည်။ သို့သော်လည်း ရေအမျိုးအစား ပိုကီမွန်တစ်ကောင်ဖြစ်သော ဆလိုဘရိုအတွက် ရွှံ့ဗွက်ရေ စွမ်းရည်ဖြင့် ဖန်တီးမှုများ ပြုလုပ်ရန်မှာ မခက်ခဲလှပေ။ သို့ဆိုလျှင် အီဗီအနေဖြင့်ရော ဤကဲ့သို့ တူညီသော ရလဒ်မျိုးရရှိရန် မည်သို့ စွမ်းဆောင်ရမည်နည်း။
ခန္ဓာကိုယ် လည်ပတ်မှုကို အားမကိုးဘဲ သဲမှုန်ဖြန့်ပက်ခြင်း စွမ်းရည်ကို အလိုအလျောက် လှည့်ပတ်သွားစေကာ 'သဲဝဲကတော့' နှင့်ဆင်တူသည့် အကာအကွယ်ဒိုင်းတစ်ခု ဖန်တီးရန်မှာ သေချာပေါက် လွယ်ကူသော ကိစ္စတော့ မဟုတ်ချေ။ အကယ်၍ အီဗီသာ မြေပြင်အမျိုးအစား ဖြစ်ခဲ့မည်ဆိုလျှင် ဖန်ယွမ် ဤမျှလောက် ခေါင်းစားနေမည် မဟုတ်ပေ။ မှန်ကန်သော စိတ်ကူးစိတ်သန်းတစ်ခုကိုသာ ပေးထားလိုက်ပြီး အီဗီ ကို အဆက်မပြတ် လေ့ကျင့်ခိုင်းထားလိုက်ရုံဖြင့် အစောနှင့်အနှောင်း အောင်မြင်မှု ပန်းတိုင်သို့ ရောက်ရှိသွားမည်သာ ဖြစ်သည်။
သို့သော် တကယ့် လက်တွေ့တွင်မူ အီဗီ၏ မြေပြင်စွမ်းအင်အပေါ် ထိန်းချုပ်နိုင်စွမ်းသည် ပြောင်မြောက်သည်ဟု ဆိုနိုင်သော်လည်း၊ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထူးကဲနေသည့် အဆင့်မျိုးတော့ မဟုတ်သေးပေ။ "လှည့်ပတ်နေသော သဲမှုန်ဖြန့်ပက်ခြင်း" ကို အကောင်အထည်ဖော်ရန်မှာ လွန်စွာ ခက်ခဲနေဆဲ ဖြစ်သည်။ ဤအတွက် ပြင်းထန်ကြမ်းတမ်းသော အထူးလေ့ကျင့်ရေး အစီအစဉ်တစ်ခု လိုအပ်လာပေလိမ့်မည်။
"စွမ်းအင်တွေကို မြန်နှုန်းမြင့် လှည့်ပတ်လာအောင် ထိန်းချုပ်နိုင်မယ့် အထူးလေ့ကျင့်ရေး နည်းလမ်းတစ်ခုတော့ ရှိတယ်... ဒါပေမဲ့..." မိမိ၏ နည်းလမ်းမှာ အနည်းငယ် ဂွကျကျနိုင်လွန်းသော်လည်း အလုပ်ဖြစ်ကောင်း ဖြစ်နိုင်မည်ဟု တွေးမိကာ ဖန်ယွမ်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ တစ်ကြိမ်လောက်တော့ စမ်းသပ်ကြည့်သင့်သလား...။
"ဘွူး?"
တစ်ယောက်တည်း ငေးမောတွေးတောကာ ပြုံးစိစိဖြစ်နေသော ဖန်ယွမ်အား အီဗီက နားမလည်နိုင်စွာ ကြည့်နေမိသည်။ ၎င်းသည် လက်ထဲမှ အချိုရည်ကို ကုန်စင်အောင် သောက်လိုက်ပြီးနောက် ပုလင်းခွံကို ဖန်ယွမ်၏ ခြေရင်းသို့ လှိမ့်ပို့လိုက်သည်။ အမှိုက်ပုံးက ၎င်းအရပ်နှင့် မမီသေးသည့်အပြင်၊ အမှိုက်များကို မည်သို့ ခွဲခြားစွန့်ပစ်ရမည်ကိုလည်း အီဗီလေး နားမလည်သေးချေ။
"ဒါဆိုလည်း စမ်းကြည့်ကြတာပေါ့ကွာ။ မျက်စိစုံမှိတ်ပြီး အစမ်း လေ့ကျင့်နေတာထက်စာရင်တော့ တိကျတဲ့ နည်းလမ်းတစ်ခု ရှိနေတာက အမြဲတမ်း ပိုကောင်းတာပါပဲ" ဖန်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး အီဗီကို အနားသို့ ခေါ်လိုက်ကာ "ဒီပုလင်းခွံထဲကို သဲတွေ အပြည့်ထည့်လိုက်... နေဦး နေဦး၊ အပြည့်ကြီး မဟုတ်ဘူး။ နေရာလွတ် နည်းနည်း ချန်ထားပေး" ဟု ပြောလိုက်သည်။
အီဗီကမူ ဖန်ယွမ်အား ဝေခွဲမရသည့် အကြည့်များဖြင့်သာ ကြည့်နေမိတော့သည်။
"နောက်မှ ငါ ရှင်းပြမယ်... လောလောဆယ်တော့ ငါ့ကို ကူညီပြီး လုပ်ပေးပါဦး"
ဖန်ယွမ်သည် ပုလင်းခွံကို ကောက်ယူလိုက်ပြီး သဲများကို စတင်ထည့်သွင်းတော့သည်။ သုံးမိနစ်ခန့် ကြာပြီးနောက်...
ဖန်ယွမ်သည် သဲများကပြည့်လုနီးပါး ပြည့်နေသော ပုလင်းကို ကိုင်ကာ မြေပြင်ပေါ်သို့ ချထားလိုက်သည်။
"ဒီသဲတွေက မင်းဖန်တီးထားတဲ့ သဲတွေလေ။ သေချာနားထောင်နော်... အခု မင်းရဲ့တာဝန်က ဒီသဲတွေကို ငြိမ်သက်တည်ငြိမ်စွာနဲ့ အဆက်မပြတ် ထိန်းချုပ်ထားနိုင်ဖို့ပဲ။ မင်း ပုလင်းကို ကိုင်ထားချင်လည်း ရတယ်။ ဒါပေမဲ့ မင်း ဘာပဲလုပ်လုပ်၊ နောက်ဆုံး ရည်မှန်းချက်ကတော့ ပုလင်းထဲက သဲတွေ ပုံစံအမျိုးမျိုးနဲ့ မြန်နှုန်းမြင့် လှည့်ပတ်လာပြီး ပုလင်းကြီး ဖောင်းကားကာ ကွဲထွက်သွားတဲ့အထိ လုပ်ရမှာပဲ။ နားလည်လား"
"ဘွူး..."
အီဗီက နားလည်သလိုလို၊ နားမလည်သလိုလိုဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဒါက ဘယ်လို ဆန်းပြားတဲ့ လှည့်ကွက်မျိုးပါလိမ့်။ သို့သော်လည်း ဖန်ယွမ်၏ ယခုတောင်းဆိုမှုမှာ အတော်လေး ရှင်းလင်းပြတ်သားပြီး၊ ခန္ဓာကိုယ်ကို လှည့်ပတ်နေရင်း သဲမှုန်ဖြန့်ပက်ခြင်း စွမ်းရည်ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်ရသည့် အလုပ်ထက်စာလျှင် ပို၍ လူသားဆန်သည်ဟု အီဗီလေး ခံစားလိုက်ရသည်။
အီဗီသည် ပုလင်းကို ညင်သာစွာ ထိတွေ့လိုက်ပြီး အတွင်းရှိ မြေပြင်စွမ်းအင်ကို အာရုံခံကာ သဲမှုန်ဖြန့်ပက်ခြင်း စွမ်းရည်ကို အသုံးပြုရန် ကြိုးပမ်းလိုက်သည်။ သို့သော်လည်း ပုလင်းတွင်းရှိ သဲများသည် အနည်းငယ်မျှ တုန်ခါသွားရုံမှလွဲ၍ မည်သည့်အရာမျှ ထူးခြားမလာခဲ့ချေ။
"မှတ်ထားနော်... သဲတွေကို တည်ငြိမ်ပြီး အဆက်မပြတ် ဖြစ်နေအောင် ထိန်းချုပ်ရမှာ။ တစ်နည်းအားဖြင့် ပြောရရင် သဲမှုန်ဖြန့်ပက်ခြင်း စွမ်းရည်ကို အဆက်မပြတ် ထုတ်သုံးနိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ်"
"ပြီးတော့ မြန်နှုန်းပါ လိုသေးတယ်"
အမှန်တကယ်တော့ ထိုသဲများတွင် ကြီးမားသော ဖျက်ဆီးနိုင်စွမ်းမျိုး မရှိလှပေ။ ပုလင်းအတွင်း၌ ဖြည်းညင်းစွာ လှိမ့်ဆင်းနေသော သဲများကို ကြည့်ရင်း ဖန်ယွမ်က ခေါင်းကုတ်လိုက်မိကာ လောလောဆယ်တော့ ဤအတိုင်းပဲ ပစ်စလက်ခတ် ဆက်လက်လေ့ကျင့်ခိုင်းထားရမလားဟု တွေးတောနေမိသည်။ အီဗီအနေဖြင့် သဲမှုန်ဖြန့်ပက်ခြင်း စွမ်းရည်မှတစ်ဆင့် ပုလင်းအတွင်းရှိ သဲများကို ကမောက်ကမနှင့် အလွန်လျင်မြန်စွာ လည်ပတ်စေပြီး၊ ထိုလည်ပတ်မှု အဟုန်စွမ်းအားဖြင့် ပုလင်းအား ပေါက်ကွဲထွက်သွားစေမည်ကို သူက မျက်စိထဲ၌ မြင်ယောင်နေခဲ့သည်။
ထိုအဆင့်ကိုသာ ပြီးမြောက်သွားခဲ့မည်ဆိုလျှင် အီဗီအနေဖြင့် လှည့်ပတ်နေသော သဲမှုန်ဖြန့်ပက်ခြင်း၏ ခံစားချက်ကို ကောင်းစွာ သဘောပေါက် နားလည်သွားပေလိမ့်မည်။ ဒုတိယအဆင့်မှာ ထိုခံစားချက် အတွေ့အကြုံကို အသုံးချကာ လှည့်ပတ်နေသော သဲမှုန်ဖြန့်ပက်ခြင်းကို အကောင်အထည်ဖော်ပြီး၊ 'သဲဝဲကတော့' နှင့် ဆင်တူသည့် အကာအကွယ်တစ်ခုကို ဖန်တီးကာ အတွင်း၌ ပုန်းအောင်းနေရန် ဖြစ်သည်။
၎င်းသည် သဲဝဲကတော့ကဲ့သို့ ချည်နှောင်နိုင်စွမ်းနှင့် ဖျက်ဆီးနိုင်စွမ်းများ မရှိသော်ငြားလည်း၊ ထိုစွမ်းရည်၏ ထူးခြားလှသော နှောင့်ယှက်ရှုပ်ထွေးစေသည့် သတ္တိသည် ဤနည်းဗျူဟာ၏ ထူးခြားသော ဝိသေသလက္ခဏာ တစ်ရပ် ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ အီဗီအတွက် လိုအပ်သည်က သဲနှင့် ပုလင်းတစ်လုံးသာ ဖြစ်ရာ၊ အိမ်မှာနေရင်းပင် အေးဆေးစွာ လေ့ကျင့်နိုင်မည်ဆိုသည့် အချက်ဖြစ်သည်။
ပုလင်းလေးကို ကိုင်ကာ ပျော်ရွှင်စွာ ဆော့ကစားနေသည့်အလား ဖြစ်နေသော အီဗီကိုဖန်ယွမ်က မျှော်လင့်ချက် အပြည့်ပါသော အကြည့်များဖြင့် စိုက်ကြည့်နေမိသည်။ အကယ်၍သာ အောင်မြင်သွားခဲ့မည်ဆိုလျှင်၊ ဤမွမ်းမံထားသော လှည့်ပတ်ခုခံခြင်း ကစားကွက်သည် သူ စိတ်ကူးယဉ်ထားသည်ထက်ပင် ပိုမိုကောင်းမွန်စွာ စွမ်းဆောင်နိုင်ပေလိမ့်မည်။