အပိုင်း - (၂၉): ကဘီဂွန်လေး
"တကယ့်ကို ခမ်းနားလိုက်တာ... လစာဘယ်လောက်ပေးမလဲဆိုတာပဲ မသေချာတော့ဘူး"
ဖန်ယွမ်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ အဆောက်အအုံအတွင်းရှိ သီးသန့်တိုက်ပွဲခန်းများအပြင် အပြင်ဘက်တွင်လည်း တိုက်ပွဲကွင်းပြင်များစွာကို နေရာချထားသည်ကို သတိပြုမိလိုက်သည်။ တိုက်ပွဲကွင်းများကို ထိန်းသိမ်းရုံနှင့်တင် တစ်လကို ငွေကြေးအမြောက်အမြား ကုန်ကျနိုင်မည်ဟု သူ ခန့်မှန်းမိသည်။
"ဘွူး!" အီဗီ ီကလည်း အလေးအနက် တွေးတောနေပုံရသည်။ ဖန်ယွမ်သာ ပိုက်ဆံရလာလျှင် သူ့အတွက်လည်း ပိုက်ဆံရလာမည်ဖြစ်ပြီး၊ ထိုအခါ အရည်အသွေး ပိုကောင်းသော သစ်သီးဖျော်ရည်များနှင့် နို့ကို သောက်ရတော့မည် မဟုတ်ပါလား။
ဧည့်ခန်းမဆောင်ထဲတွင် အချိန်အကြာကြီး စောင့်နေစရာမလိုလိုက်ပေ။ ထောင့်ချိုးတစ်ခုမှ ထွက်လာကာ သူ့အား နှုတ်ဆက်လာသော လူလတ်ပိုင်းအရွယ် လူစိမ်းတစ်ယောက်ကို ဖန်ယွမ် တွေ့လိုက်ရသည်။
"မင်းက ဖန်ယွမ်ဖြစ်ရမယ်"
"ဟုတ်ပါတယ်ခင်ဗျ"
"ပဏာမစကားတွေပဲ ပြောမနေတော့ဘူးနော်။ ယန်ဟန်က မင်းကို ထောက်ခံပေးထားပေမဲ့ ငါတို့အနေနဲ့ မင်းရဲ့ တကယ့်စွမ်းရည်ကိုတော့ စမ်းသပ်ဖို့ လိုသေးတယ်။ ဘာပဲဖြစ်ဖြစ် ကြယ်ရောင်စဉ် တိုက်ပွဲကလပ်ဆိုတာ ပရဟိတအဖွဲ့အစည်းမှ မဟုတ်တာ"
"ဒီလိုလုပ်မယ်၊ တိုက်ပွဲတစ်ပွဲအတွက် ငါနဲ့လိုက်ခဲ့။ မင်းရဲ့ပြိုင်ဘက်ကလည်း မင်းလိုပဲ လူသစ်နည်းပြတစ်ယောက်ပဲ။ မင်းနိုင်ရင် ဒီမှာဆက်နေပြီး တိုက်ပွဲအဖော်အဖြစ် အလုပ်ဆက်လုပ်နိုင်တယ်။ အကယ်၍ ရှုံးသွားရင်တော့ ဒီနေ့အတွက် လစာကိုယူပြီး အလုပ်ကို လက်လျှော့လိုက်တော့" ဟု မစ္စတာဆန်းမီက ဆိုသည်။ "ဒါပေမဲ့ ကိုယ်ပိုင်သင်ပြပေးမယ့် ကိစ္စအတွက်တော့ မင်း စိတ်ပူစရာမလိုပါဘူး။ ယန်ဟန်ကို ငါ ကတိပေးထားပြီးသားမို့လို့ တတ်နိုင်သလောက်တော့ ကူညီပေးပါ့မယ်"
ထိုစကားကို ကြားသောအခါ ဖန်ယွမ်က ခေါင်းညိတ်လိုက်သော်လည်း ရင်ထဲတွင်တော့ ခါးသက်သက် ဖြစ်သွားသည်။ အစ်ကိုယန်နှင့် မစ္စတာဆန်းမီတို့၏ ဆက်ဆံရေးက သူထင်ထားသလောက် မရင်းနှီးကြဘူး ထင်ပါရဲ့။ ဒီအချိန်ပိုင်းအလုပ်လေး ရဖို့ဆိုတာ သူ့ရဲ့ ကိုယ်ပိုင်စွမ်းရည်အပေါ်မှာပဲ မူတည်နေတော့သည်။
မစ္စတာဆန်းမီ၏ စကားများထဲမှ အချက်အလက်အချို့ကို ဖန်ယွမ် ကောက်နုတ်ရရှိလိုက်သည်။ သူ့ကို ရင်ဆိုင်ရမည့် ပြိုင်ဘက်ကလည်း လူသစ်နည်းပြတစ်ဦးပင် ဖြစ်သည်။ နှစ်ယောက်စလုံးက လူသစ်တွေပဲဖြစ်၍ ဖန်ယွမ်အတွက် ကြောက်လန့်နေစရာ အကြောင်းမရှိပေ။ လတ်တလော အီဗီ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲသော စိတ်စွမ်းအင်သုံး (Psychic Type) သို့မဟုတ် တစ္ဆေ (Ghost Type) ပိုကီမွန်မျိုးနှင့်သာ မတွေ့ခဲ့လျှင်၊ ပြည့်စုံလုံလောက်သော လေ့ကျင့်မှုများ ပြုလုပ်ထားသည့် သူတို့အတွက် အားသာချက်ကြီး တစ်ရပ် ရှိနေပြီဖြစ်သည်။
ဖန်ယွမ်နှင့် သူ၏ပခုံးပေါ်ရှိ အီဗီ တို့၏ တက်ကြွနေသော မျက်နှာအမူအရာများကို မြင်လိုက်ရသောအခါ မစ္စတာဆန်းမီက ခပ်ဟဟ ပြုံးလိုက်ရင်း "စိတ်ဓာတ်လေးတော့ ကောင်းသားပဲ။ ယန်ဟန်ရဲ့ အကဲခတ်က မဆိုးဘူးလို့ ဆိုရမယ်။ လာ.. ငါ့နောက်လိုက်ခဲ့၊ မင်းပြိုင်ဘက်ရဲ့ အကြောင်း နည်းနည်းပါးပါး ပြောပြမယ်"
"သူကလည်း မင်းလိုပဲ ဖျင်ချန် အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသားတစ်ယောက်ပဲ။ သူ့ရဲ့ ပထမဆုံး ပိုကီမွန်က ကဘီဂွန်လေး (Little Kabigon) တစ်ကောင်ဖြစ်တယ်။ အဲဒီပိုကီမွန်ရဲ့ အဆီပြင်ကတော့ အံ့မခန်းပဲ၊ သာမန်တိုက်ခိုက်မှုတွေဆို သူ့အပေါ် သိပ်ပြီး အရာမထဘူး။ အဲဒီ ကဘီဂွန်လေးကို သုံးပြီးတော့ မင်းရဲ့ပြိုင်ဘက်က အပြင်ဘက်က အများပြည်သူသုံး တိုက်ပွဲကွင်းပြင်တွေမှာ ဆယ့်ကိုးပွဲဆက်တိုက် အလွယ်တကူ အနိုင်ရထားပြီးပြီ။ ဒါပေမဲ့ သူ့ရဲ့ ပြိုင်ဘက်တွေကလည်း သူ့လိုပဲ လူသစ်နည်းပြတွေချည်းဆိုတော့ မင်း သိပ်ပြီးတော့ စိုးရိမ်နေစရာ မလိုပါဘူး"
ကဘီဂွန်လေး ဟုတ်လား။
လမ်းတစ်လျှောက် မစ္စတာဆန်းမီ၏ သတိပေးစကားများကို နားထောင်လာရင်း ဖန်ယွမ်၏ အတွေးများ ပြောင်းလဲသွားကာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ကြယ်ရောင်စဉ် တိုက်ပွဲကလပ်ကို လာကြသူတိုင်းက ချမ်းသာကြွယ်ဝသူများချည်း ဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။ ကဘီဂွန်လေးဆိုသည်မှာ 'အစာအိမ်ကြီးရှင် ပိုကီမွန်' ဟု နာမည်ကြီးပြီး မွေးမွေးချင်း ပထမဆုံးနေ့မှာတင် အစာပေါင်တစ်ရာနီးပါး စားသုံးရန် လိုအပ်သော အမျိုးအစားဖြစ်သည်။
အာလူး၊ ကန်စွန်းဥ၊ ပြောင်းဖူး စတဲ့ ဈေးပေါတဲ့ သီးနှံတွေကို ကျွေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို အများအပြား ကျွေးမွေးဖို့ဆိုရင်တော့ တော်ရုံမိသားစု မတတ်နိုင်တဲ့ ကြောက်မခန်းလိလိ ကုန်ကျစရိတ်မျိုး ဖြစ်သွားလိမ့်မည်။ ရွှေတွင်း၊ ကျောက်တွင်း ပိုင်ထားရင်တော့ မပြောတတ်။ လုံလောက်သော အစာနှင့် အာဟာရကိုသာ ရရှိမည်ဆိုပါက ကဘီဂွန်လေး၏ ကြီးထွားနှုန်းသည် လူသစ်နည်းပြအများစုအတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာမည်မှာ အသေအချာပင်။ ၎င်း၏ ထူထဲလှသော အဆီပြင်ကြီး တစ်ခုတည်းနှင့်တင် စွမ်းရည်တော်တော်များများ၏ စွမ်းအားကို တားဆီးရန် လုံလောက်နေပြီ ဖြစ်သည်။ ဤသို့သော ပိုကီမွန်မျိုးက ဆယ့်ကိုးပွဲဆက်တိုက် အနိုင်ရထားသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော်လည်း အပြင်ပန်းတွင် အင်အားကြီးမားပုံရသော်လည်း ကဘီဂွန်လေး၌ အားနည်းချက်တစ်ခု ရှိနေသေးသည်။ ၎င်းမှာ လှုပ်ရှားမှု နှေးကွေးခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဖန်ယွမ်က သိပ်ပြီး စိုးရိမ်မနေတော့ပေ။
"ကိုယ့်ရဲ့ အားသာချက်ကို သုံးပြီး ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ရှောင်ရုံပေါ့"
မစ္စတာဆန်းမီနောက်မှ သီးသန့်တိုက်ပွဲခန်းတစ်ခုအတွင်းသို့ ဝင်ရောက်လာချိန်တွင် ဖန်ယွမ်၏ ခေါင်းထဲ၌ နည်းဗျူဟာတစ်ခု ရေးဆွဲပြီးနေပြီ ဖြစ်သည်။
တိုက်ပွဲကွင်းပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် ဖန်ယွမ်တစ်ယောက် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။ ဤသည်မှာ အီဗီ နှင့်အတူ သူ၏ ပထမဆုံး တရားဝင်တိုက်ပွဲ ဖြစ်လာတော့မည် မဟုတ်ပါလား။ ကြောက်ရွံ့စိုးရိမ်မှုဆိုတာ မြူတစ်စက်မျှမရှိဘဲ မျှော်လင့်တကြီး စိတ်အားထက်သန်မှုသာ ရှိနေသည်။ လျှို့ဝှက်နေရာတွင် တိုက်ပွဲအချို့ ကြုံခဲ့ရဖူးသော်လည်း တောရိုင်းတိုက်ပွဲနှင့် တရားဝင်တိုက်ပွဲဆိုသည်မှာ နှိုင်းယှဉ်၍မရအောင် ကွာခြားလှသည်။
"ငါ့နာမည်က လျူလဲ့"
ဖန်ယွမ် ဝင်လာသည်နှင့် ခပ်တုတ်တုတ် ကောင်လေးက ယုံကြည်မှုအပြည့်ဖြင့် သူ့ကိုယ်သူ အရင် မိတ်ဆက်လိုက်သည်။ သူကိုယ်သူ အတော်လေး သေချာနေပုံရသည်။ ကဘီဂွန်လေး၏ အားသာချက်မှာ လူသစ်နည်းပြတစ်ဦးအတွက် အလွန်အရေးပါလှပြီး၊ ယင်းကပင် လျူလဲ့၏ ဂရုမစိုက်တတ်သော အကျင့်စရိုက်ကို ပိုမိုအားပေးအားမြှောက် ပြုနေခြင်းဖြစ်သည်။
"ငါ့နာမည်က ဖန်ယွမ်၊ မင်းက နောက်ထပ်တစ်ယောက်ပေါ့" ဟု သူက တုံ့ပြန်လိုက်သည်။ ဝဝဖိုင့်ဖိုင့် ဖြစ်နေသော လျူလဲ့ကို ကြည့်ရင်း လူချမ်းသာဖြစ်ရတာ သိပ်ကောင်းမှာပဲဟု ဖန်ယွမ်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်မိသည်။
"မင်းရဲ့ အီဗီ လေးက တော်တော်ချစ်စရာကောင်းတာပဲ" ဟု လျူလဲ့က အပြုံးတစ်ခုနှင့် ပြောလိုက်ပြီး ဖန်ယွမ်အား ပို၍ပင် အလေးအနက်မထားသည့်ဟန် ပြလာသည်။
"ဘွူး..." အီဗီ က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ဖန်ယွမ် - "..."
မင်းမှာ အန္တရာယ်ပြုနိုင်စွမ်းမရှိဘူးလို့ သူက သရော်နေတာဟေ့... အတုံးအအလေးရဲ့။
အီဗီ စာမတတ်၍ လွဲမှားစွာ နားလည်မှုမျိုး ထပ်မဖြစ်စေရန် ယခုမှစ၍ အီဗီ ကိုပါ တရုတ်စာ အိမ်စာများ လုပ်ခိုင်းရန် ဖန်ယွမ် ချက်ချင်းပင် ဆုံးဖြတ်ချက် ချလိုက်တော့သည်။
မစ္စတာဆန်းမီက ပြုံးလျက် လက်ခုပ်တီးလိုက်ပြီး မိတ်ဆက်နေကြသော ထိုနှစ်ဦးကို ကြားဖြတ်ကာ "ချစ်ကြည်ရေးက ပထမ၊ ပြိုင်ပွဲက ဒုတိယပဲနော်။ ငါတို့က အပေါ်ထပ်ကနေ စောင့်ကြည့်နေမယ်၊ ပျော်ရွှင်စရာကောင်းတဲ့ တိုက်ပွဲလေးတစ်ခု ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်" ဟု ပြောလိုက်သည်။
ထိုအချိန်ကျမှသာ ပွဲကြည့်စင်ပေါ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားကြီးတစ်ဦးကို ဖန်ယွမ် သတိထားမိသွားသည်။ သူက လျူလဲ့ရဲ့ အုပ်ထိန်းသူများ ဖြစ်နေမလား။
တခြားကိစ္စများကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး ဒိုင်လူကြီး ရောက်လာသည်နှင့် တစ်ပြိုင်နက် ဖန်ယွမ်နှင့် လျူလဲ့တို့သည် တိုက်ပွဲကွင်းပြင်၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူလိုက်ကြကာ ဒိုင်လူကြီး၏ ညွှန်ကြားချက်ကို စောင့်ဆိုင်းနေလိုက်ကြသည်။
"တိုက်ပွဲကွင်းပြင်ကတော့ စံသတ်မှတ်ချက်အတိုင်းပါပဲ။ စည်းမျဉ်းတွေကတော့ တစ်ကောင်ချင်းစီ ယှဉ်ပြိုင်ပြီး အနိုင်အရှုံးကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကဲ... အခု နှစ်ဖက်စလုံး ကိုယ့်ရဲ့ ပိုကီမွန်တွေကို စေလွှတ်လိုက်ကြပါ"
"သွားစမ်း.. အီဗီ !"
ဒိုင်လူကြီး ကြေညာပြီးသည်နှင့် အီဗီ က ဖန်ယွမ်၏ ပခုံးပေါ်မှ ခုန်ဆင်းသွားပြီး လျူလဲ့၏ လက်ထဲရှိ ပိုကီဘောလုံး (Poké Ball) ကို စူးစမ်းချင်စိတ်အပြည့်ဖြင့် ကြည့်နေလိုက်သည်။
"မင်းအလှည့်ပဲ ကဘီဂွန်လေး။ အရင်တုန်းကလိုပဲ ဒီတိုက်ပွဲကို အနိုင်ယူလိုက်စမ်း၊ မင်းကို စားပွဲသောက်ပွဲကြီး အကြီးအကျယ် တည်ခင်းကျွေးမွေးမယ်" ဟု လျူလဲ့က ပြောလိုက်သည်။
ပြောပြီးသည်နှင့် လျူလဲ့က သူ၏ ပိုကီဘောလုံးကို အားကုန်လွှဲပေါက်လိုက်သည်။ အနီရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး ပိုကီဘောလုံးက နောက်သို့ ပြန်ကန်ထွက်လာရာ မြေကြီးပေါ် ပြုတ်ကျမတတ် ယက်ကန်ယက်ကန်ဖြင့် မနည်း ဖမ်းဆုပ်လိုက်ရသဖြင့် ကြည့်ရတာ အတော်လေး ရုပ်ပျက်သွားသည်။
ကဘီဂွန်လေး၏ အရေပြားက အပြာရင့်ရောင်ဖြစ်ပြီး ဗိုက်ပူပူလေးကတော့ အဖြူဖျော့ဖျော့ အရောင်လေးဖြစ်သည်။ နောက်ခြေနှစ်ချောင်းပေါ်တွင် မတ်တတ်ရပ်နေကာ ၎င်း၏ ဝိုင်းစက်နေသော မျက်လုံးကြီးများကတော့ လက်ရှိတွင် ဆာလောင်မွတ်သိပ်မှုကြောင့် တောက်ပနေသည်။
"ကဘီ! ကဘီ!"
သူ၏ နည်းပြဖြစ်သူထံမှ စားပွဲသောက်ပွဲကြီး ကျွေးမည်ဆိုသော ကတိစကားကို ကြားလိုက်ရသဖြင့် ကဘီဂွန်လေးက အီဗီ အား တောက်လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။
ထိုစဉ် အီဗီ က အကြောင်းပြချက် မရှိဘဲ ခေါင်းကို ရုတ်တရက်လှည့်ကာ ဖန်ယွမ်ကို လှမ်းကြည့်လိုက်သည်။ သူ့ကို တစ်ချက်လှမ်းကြည့်ပြီးမှ ပြန်လှည့်သွားသော အီဗီ ကိုကြည့်ရင်း ဖန်ယွမ်တစ်ယောက် ရင်ကွဲမတတ် ခံစားလိုက်ရသည်။ ဒီအကောင်စုတ်လေး... သူလည်း စားပွဲသောက်ပွဲကြီး တောင်းဆိုချင်နေတာ ဖြစ်ရမည်။
တိုက်ပွဲစတင်သည်နှင့် လျူလဲ့က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။ "လုံးဝန်းခြင်း စွမ်းရည်ကို သုံးလိုက်စမ်း"
'လုံးဝန်းခြင်း' စွမ်းရည် (Defense Curl) - ခန္ဓာကိုယ်ကို လုံးဝန်းသွားအောင် ကွေးညွတ်လိုက်ခြင်းဖြင့် မိမိ၏ ခုခံကာကွယ်မှု စွမ်းအားကို မြှင့်တင်ပေးသော စွမ်းရည်ဖြစ်သည်။ ဤစွမ်းရည်က ကဘီဂွန်လေးကို ဘောလုံးတစ်လုံးကဲ့သို့ လုံးဝန်းသွားစေသည်။
"ဟားဟား.. ခင်ဗျားသားက တော်တော်လေး ထူးခြားတာပဲ။ ခုခံကာကွယ်တဲ့ နည်းဗျူဟာကို သုံးဖို့ စီစဉ်ထားတာလား" မစ္စတာဆန်းမီက ပွဲကြည့်စင်ပေါ်မှနေ၍ ရယ်မောရင်း ပြောလိုက်သည်။ ကဘီဂွန်လေး၏ ခုခံကာကွယ်မှုစွမ်းအားမှာ အံ့မခန်းဖြစ်ကြောင်းနှင့် အာဟာရပြည့်ဝသော အစားအစာများကို အလျှံပယ် စားသုံးထားကြောင်းကို သူ၏ စူးရှသော အမြင်အာရုံဖြင့် ချက်ချင်းပင် သိမြင်နိုင်စွမ်းရှိသည်။
"ဒါက လုံးဝကို အရှုံးပေးချင်တဲ့ ကစားကွက်ပဲ" ဟု လျူလဲ့၏ဖခင်က ခေါင်းခါရင်း မှတ်ချက်ချသည်။
"ဒီဖန်ယွမ်က ဘယ်လို အဖြေရှာမလဲဆိုတာ ကြည့်ကြတာပေါ့။ ယုတ္တိကျကျ ပြောရရင်တော့ အီဗီ ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေနဲ့ ကဘီဂွန်လေးကို ထိခိုက်အောင် လုပ်ဖို့ဆိုတာ အတော်လေး ခက်ခဲလိမ့်မယ်။ ဒါက သူ့အတွက် ခက်ခဲတဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်လာနိုင်တယ်" ဆန်းမီက မှတ်ချက်ချလိုက်ပြီး ဖန်ယွမ်နှင့် အီဗီ တို့ထံသို့ အကြည့်ကို ပြန်လွှဲလိုက်သည်။
ယန်ဟန်က သူ့ကို ဖန်ယွမ်အား နည်းပြပေးရန် အကူအညီတောင်းထားသော်လည်း ဘယ်ကစပြီး သင်ပေးရမလဲဆိုတာ သူ မသိသေးပေ။ ဖြစ်နိုင်သည်က ဤတိုက်ပွဲအတွင်းမှ တစ်စုံတစ်ရာကို လေ့လာသုံးသပ်စရာ တွေ့လာနိုင်ပေသည်။