အပိုင်း - (၂၄): သဲကြေးခွံသစ်သီး
လက်ရှိအခြေအနေကို သဘောပေါက်သွားပြီးနောက် ဖန်ယွမ် နှင့် အီဗီတို့သည် ပတ်ဝန်းကျင်ကို စတင်အကဲခတ်လိုက်ကြသည်။ မြေပြင်တစ်ခုလုံးတွင် ခြေသလုံးလောက်အထိ မြင့်မားသော မြက်ခင်းစိမ်းများက စိမ်းလန်းစိုပြည်စွာ ဖုံးလွှမ်းနေပြီး သူတို့၏ မြင်ကွင်းထဲ၌ သစ်ပင်မြင့်ကြီးအချို့ကိုလည်း ဟိုတစ်ပင် ဒီတစ်ပင် တွေ့မြင်နေရသည်။ ပို၍ဝေးကွာသော နေရာများတွင်တော့ သစ်တောအုပ်က ပိုမိုထူထပ်သိပ်သည်းနေပုံရသည်။
"ဘာလို့ ဒီတစ်ဝိုက်မှာ လုံခြုံတဲ့ နေရာတစ်ခုမှ မရှိဘူးလို့ ခံစားနေရပါလိမ့်၊ ဒီနေရာကလည်း..." ဖန်ယွမ််က တံတွေးတစ်ချက် မျိုချလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်မှာပင်...
ရှပ်... ရှပ်... ရှပ်... ရှပ်... ရှပ်... ရှပ်...
ရုတ်တရက် မြက်ခင်းများ လှုပ်ခတ်သွားသော အသံက ဖန်ယွမ်် နှင့် အီဗီတို့၏ နားထဲသို့ တိုးဝင်လာသည်။ အီဗီလေးက ဖန်ယွမ််ကို စွေကြည့်လိုက်သည်။ 'တကယ့် နိမိတ်မရှိတဲ့ ပါးစပ်ပဲ'
ဖန်ယွမ််၏ မျက်နှာမှာလည်း မည်းမှောင်သွားပြီး သူစိုးရိမ်နေသည့်အတိုင်း အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။ သူတို့ တကယ်ပဲ ဒီလောက်တောင် ကံဆိုးနေကြတာလား။ ဒီရောက်တာ မိနစ်အနည်းငယ်ပဲ ရှိသေးတယ်၊ ပိုကီမွန်တစ်ကောင်ရဲ့ ပစ်မှတ်ထားတာကို ခံနေရပြီလား။ ဒီလိုအခြေအနေမှာ ကယ်ဆယ်ရေးကို ဒီနေရာကနေ ဘယ်လိုလုပ် စောင့်နေရတော့မလဲ။
ဖန်ယွမ််နှင့် အီဗီတို့သည် တစ်ဖက်ရန်သူ၏ အာရုံခံနိုင်စွမ်းကို မနှောင့်ယှက်မိစေရန်နှင့် မည်သည့်အသံမျှ ထွက်မသွားစေရန် အစွမ်းကုန် ကြိုးစားကာ အသက်ကိုပင် အောင့်ထားလိုက်ကြသည်။ သို့သော်လည်း ထိုပိုကီမွန်၏ အနံ့ခံနိုင်စွမ်းကို သူတို့ လျှော့တွက်မိသွားခဲ့သည်။
မကြာမီမှာပင် ကိုယ်လုံးအများစုမှာ ခရမ်းဖျော့ရောင်ရှိပြီး ကြွက်တစ်ကောင်နှင့်တူသော ပိုကီမွန်တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်း၏ အထင်ရှားဆုံးသော လက္ခဏာမှာ ကြီးမားလှသည့် ရှေ့သွားကြီး နှစ်ချောင်းပင် ဖြစ်သည်။
"ငါ့ကို လန့်သေအောင် လုပ်နေတာပဲ၊ အီဗီ... သူ့ကို အပြတ်ရှင်းလိုက်စမ်း"
"ဘီဝူး!" အီဗီလေးက တိုက်ခိုက်မည့် ဟန်ရေးကို ပြင်လိုက်သည်။
"ကျစ်!! ကျစ်!!" ထိုရက်တက်တာ ၏ တြိဂံပုံစံ မျက်လုံးများထဲတွင် သွေးကြောများ ယှက်သန်းနေသော အနီရောင် သူငယ်အိမ်များက စူးရှနေပြီး ပါးပြင်ပေါ်ရှိ ခရင်မ်ရောင် နှုတ်ခမ်းမွေးရှည်ကြီးတစ်ခုက လေမတိုက်ဘဲနှင့်ပင် တုန်ခါနေသည်။ ၎င်းက သွားများကို တကျိတ်ကျိတ် ကြိတ်ကာ အီဗီကို ကြမ်းတမ်းရက်စက်သော အကြည့်များဖြင့် စိုက်ကြည့်နေလေသည်။
"ရက်တက်တာ ဆိုတာ... သာမညကောင်လေးပါကွာ။ အီဗီ... မကြောက်နဲ့၊ မင်းရဲ့ အထူးလေ့ကျင့်ရေးက ရလာတဲ့ ရလဒ်တွေကို လက်တွေ့တိုက်ပွဲမှာ အသုံးချရမယ့်အချိန် ရောက်ပြီဟေ့"
ဖန်ယွမ််က အာချောင်နေစဉ်မှာပင် ရက်တက်တာက တိုက်ခိုက်မှုကို စတင်နေပြီဖြစ်သည်။ ၎င်း၏ ခြေလက်များမှ ကြီးမားလှသော ခွန်အားများ ပေါက်ကွဲထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လျှပ်တစ်ပြက်တိုက်ခိုက်ခြင်း (Quick Attack) ဖြင့် ပြေးဝင်လာခဲ့သည်။ တည့်တည့်မတ်မတ်ကြီး ပြေးဝင်လာတာလား။ ဘယ်သူ့ကိုများ အထင်လာသေးနေတာလဲ။
"သဲပက်ခြင်းကို သုံးလိုက်!" ဖန်ယွမ််က အလျင်အမြန် အမိန့်ပေးလိုက်သည်။
ဤမျှ ဖြောင့်စင်းရိုးရှင်းလှသော လျှပ်တစ်ပြက်တိုက်ခိုက်မှုကို ကြိုတင်မြင်ယောင်ပြီး တန်ပြန်တိုက်ခိုက်ရန် လွယ်ကူလွန်းလှသဖြင့် အီဗီကပင် အသုံးပြုရန် စိတ်မဝင်စားတော့ပေ။ အီဗီသည် ရှေ့ခြေထောက်များကို အားကုန်ပင့်ယမ်းကာ ရက်တက်တာ၏ မြင်ကွင်းကို ဖုံးကွယ်သွားစေမည့် သဲမုန်တိုင်းတစ်ခုကို ဖန်တီးလိုက်သည်။
"စတင်လှုပ်ရှားတော့"
ဖန်ယွမ််က တည်ငြိမ်အောင် ကြိုးစားရင်း အခြေအနေကို သုံးသပ်လိုက်သည်။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ် တိုက်ပွဲဝင် အမိန့်ပေးခြင်းဖြစ်ပြီး လူသစ်တစ်ယောက်အနေဖြင့် မထိတ်လန့်ပါဘူးဟု ဆိုလျှင် လုံးဝ လိမ်ညာရာကျပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် အီဗီက အလွန်ပူးပေါင်းဆောင်ရွက်တတ်ပြီး ဖန်ယွမ််၏ ရည်ရွယ်ချက်များကို ရှင်းလင်းစွာ နားလည်ထားသည်။ ရက်တက်တာ၏ လျှပ်တစ်ပြက်တိုက်ခိုက်ခြင်းနှင့် ယှဉ်လျှင် အီဗီ၏ လျှပ်တစ်ပြက်တိုက်ခိုက်ခြင်းက ပိုမိုမြန်ဆန်ပြီး ပိုမိုပြောင်းလွယ်ပြင်လွယ် ရှိသည်။
အီဗီသည် ဖုန်လုံးများ ဖုံးလွှမ်းနေသော ဧရိယာကို လှည့်ပတ်ကာ အရိပ်တစ်ခုနှယ် လျင်မြန်စွာ ရွေ့လျားရင်း ဖန်ယွမ််နည်းတူ ဖုန်လုံးများအတွင်းပိုင်းကို စူးစိုက်ကြည့်နေလေသည်။
"အခုပဲ!"
ဖုန်လုံးများ လှုပ်ခတ်သွားပြီး ရက်တက်တာ ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် အီဗီက အခွင့်အရေးကို အရယူကာ ရှေ့သို့ ပြေးဝင်ပြီး ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။
'ဒိုင်း' ဟူသော အသံနှင့်အတူ ရက်တက်တာမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး အဝေးကြီးအထိ လိမ့်ထွက်သွားကာ သတိလစ်သွားလေတော့သည်။ တိုက်ပွဲကတော့ အဆုံးအဖြတ် ပေးသွားခဲ့ပြီဖြစ်သည်။ အီဗီလေးက ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားကို ဖော်ပြလိုက်သည်။ သို့သော် သူ၏ အောင်ပွဲကို အချိန်ကြာကြာ မခံစားလိုက်ရခင်မှာပင် ဖန်ယွမ််နှင့် အီဗီတို့ နှစ်ဦးစလုံး၏ မျက်နှာများမှာ ထပ်မံပြောင်းလဲသွားပြန်သည်။
လှုပ်ရှားမှု အသံတွေက ကျယ်လောင်လွန်းနေပြီး အခုဆိုရင် ပိုကီမွန်တွေ ပိုမိုရောက်ရှိလာနေပြီဖြစ်သည်။ အကောင်ရေကလည်း နည်းနည်းနောနော မဟုတ်ချေ။
"ပြေး!"
ရက်တက်တာတို့သည် အလွန်သန်စွမ်းကြသည်။ အင်အားပိုင်းတွင် သန်စွမ်းသည်ဟု မဆိုလိုသော်လည်း သူတို့၏ အသက်ပြင်းမှုနှင့် ဇွဲသတ္တိမှာ အံ့မခန်းဖြစ်သည်။ ဤအသက်ပြင်းမှုကပင် ရက်တက်တာတို့ကို မည်သည့် ပတ်ဝန်းကျင်တွင်မဆို ရှင်သန်နိုင်စေပြီး၊ ထိတ်လန့်ဖွယ်ကောင်းသော မျိုးပွားနှုန်းနှင့် ပေါင်းစပ်လိုက်သောအခါ ရက်တက်တာတို့၏ ခြိမ်းခြောက်နိုင်စွမ်းမှာ အခြားသော ပိုကီမွန်အများစုထက် များစွာ သာလွန်သွားလေသည်။ ယင်ကောင်၊ ခြင်၊ ကြွက်၊ ပိုးဟပ် စသည့် "အဖျက်အဆီးလေးမျိုး" ထဲမှ တစ်မျိုးအဖြစ် သတ်မှတ်ခံရသကဲ့သို့ ပိုကီမွန်လောကတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ လေ့ကျင့်ရေးမှူးအသင်းကလည်း တောရိုင်းရက်တက်တာများကို ထိန်းချုပ်နှိမ်နင်းရာတွင် မည်သည့်အခါမျှ လျှော့ပေါ့ပေးလေ့မရှိပေ။
"ဒီနေရာမှာ ရက်တက်တာတွေ နည်းနည်းပဲ ရှိမှာတော့ မဟုတ်လောက်ဘူး"
ယင်းကို သဘောပေါက်သွားသောအခါ ဖန်ယွမ််နှင့် အီဗီတို့သည် ချုံပုတ်များထဲမှ အလျင်အမြန် ရုန်းထွက်ပြီး ကွင်းပြင်တစ်ခုထဲရှိ သစ်ပင်ကြီးတစ်ပင်ဆီသို့ ပြေးသွားကြသည်။ သို့သော် ထိုသစ်ပင်ပေါ်မှ စပီးယားရိုး (Spearow) တစ်ကောင် ပျံတက်လာသည်ကို မြင်လိုက်ရချိန်တွင် ဖန်ယွမ််၏ မျက်နှာမှာ ပို၍ပင် မည်းမှောင်သွားပြီး အခြားအရပ်မျက်နှာသို့ ချက်ချင်း လမ်းကြောင်းပြောင်းလိုက်ရသည်။ စပီးယားရိုး ကဲ့သို့သော နှစ်သောင်းချီ အငြိုးကြီးတတ်သည့် ရန်သူမျိုးကို သူတို့ သွားစစရာ အကြောင်းမရှိပေ။ သိထားရမည်မှာ အန်နီမေးရှင်း ဇာတ်လမ်းထဲတွင် အဘိုးကြီးကျီသည် စပီးယားရိုး၏ ခေါင်းကို ခဲနှင့် မတော်တဆ ပစ်ပေါက်မိရုံမျှဖြင့် စပီးယားရိုး ရာနှင့်ချီ၍ ဝိုင်းဝန်းလိုက်လံ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည် မဟုတ်ပါလော။ အီဗီလေးက ရန်သူတစ်ရာကို တစ်ကောင်တည်း ရင်ဆိုင်နိုင်စွမ်းရှိသည့် ပီကာချူးမှ မဟုတ်ပေ။
ဖန်ယွမ််နှင့် အီဗီတို့အနေဖြင့် ဘေးကင်းလုံခြုံသော နေရာတစ်ခုကို ရှာဖွေပြီး ငြိမ်ငြိမ်လေး ပုန်းနေချင်စိတ် မရှိသည်တော့ မဟုတ်ပေ။ သို့သော် ဤနေရာတစ်ဝိုက်တွင် ပိုကီမွန်များ အုပ်လိုက်ကျင်းလိုက် ရှိနေသည်ကို သူတို့ သဘောပေါက်သွားကြသည်။ ထို့အပြင် တိုင်းတစ်ပါး ရောဂါလက္ခဏာစုကြောင့် ထိုပိုကီမွန်များသည် သူတို့ကို မြင်သည်နှင့် ရူးသွပ်နေသူများအလား ဝင်ရောက်တိုက်ခိုက်ကြရာ ငြိမ်းချမ်းမှုဟူသည် လုံးဝမရှိတော့ပေ။
ကံကောင်းသည်က ထိုပိုကီမွန်များမှာ သိပ်မသန်စွမ်းကြပေ။ ဤလျှို့ဝှက်နယ်မြေ၏ ကပ်ဘေးအန္တရာယ် အဆင့်မှာ သိပ်မမြင့်မားလောက်ကြောင်း ဖန်ယွမ်် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ယင်းက သူတို့အတွက် အတော်လေး တည်ငြိမ်သော အခြေအနေပင်ဖြစ်သည်။
ဆန်းရှူးတစ်ကောင်ကို အနိုင်ယူပြီးနောက်တွင်လည်း သူတို့ ထပ်မံ၍ လမ်းကြောင်းပြောင်းရပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဒစ်ဂလက်တစ်ကောင်က အီဗီကို မျက်စိကျနေသောကြောင့်ပင်။ အရပ်မျက်နှာအနှံ့ ရန်သူတွေချည်း ဝိုင်းရံနေခြင်းဟူသည် အဘယ်အရာဖြစ်ကြောင်း ဖန်ယွမ်် အခုမှ သေသေချာချာ သဘောပေါက်သွားတော့သည်။ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဆင်နွှဲခဲ့ရပြီး ပြင်းထန်မှု သိပ်မရှိလှသော်လည်း၊ အကယ်၍သာ ရန်သူ အနည်းငယ် ပိုများလာလျှင် သို့မဟုတ် အရေအတွက် ပိုများသော အုပ်စုတစ်စု၏ ဝိုင်းရံခြင်းကို ခံရပါက သူတို့ သေချာပေါက် ကိစ္စတုံးသွားနိုင်ပေသည်။ သို့ဖြစ်ရာ ပိုကီမွန် ရှားပါးသော နေရာတစ်ခုကို သူတို့ အမြန်ရှာဖွေရန် လိုအပ်နေပြီဖြစ်သည်။
ယခုအချိန်တွင် ဖန်ယွမ််မှာ အီဗီ၏ နိုးကြားသတိရှိမှုကို ရည်ရွယ်ချက်ရှိရှိ လေ့ကျင့်ပေးခဲ့မိသည်ကို တွေးပြီး အလွန်အမင်း ကျေးဇူးတင် ကြည်နူးနေမိသည်။ အီဗီ၏ သတိထားမှုကြောင့်သာ ချုံခိုတိုက်ခိုက်ခံရမှု အကြိမ်ပေါင်းများစွာကို ကံကောင်းထောက်မစွာ ရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် မိမိကိုယ်ကိုလည်း သူ ကျေးဇူးတင်မိနေသည်။ နေ့စဉ် ပြုလုပ်ခဲ့သော ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများက နောက်ဆုံးတွင် အကျိုးကျေးဇူး ပြသလာခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ သူသည် ပိုကီမွန်များ အမဲလိုက်ခံရချိန်တွင် ပြေးတောင်မပြေးနိုင်လောက်အောင် မောပန်းနွမ်းနယ်မနေခဲ့ပေ။
"ဒိုက်ထိုး အကြိမ် တစ်ရာ! အိပ်ထ အကြိမ် တစ်ရာ! ထိုင်ထ အကြိမ် တစ်ရာ! ပြီးရင် ဆယ်ကီလိုမီတာ အပြေး! တစ်နေ့ သုံးနပ် မှန်မှန်စားမယ်။ ဒီအရာတွေ အားလုံးကို နေ့တိုင်း ဇွဲရှိရှိနဲ့ ဆက်လုပ်ရမယ်!"
ပြေးရင်းလွှားရင်းဖြင့် အချိန် မည်မျှကြာသွားမှန်း ဖန်ယွမ်် မသိလိုက်သော်လည်း နောက်ဆုံးတွင်တော့ ပတ်ဝန်းကျင်၌ ပိုကီမွန် လှုပ်ရှားမှု မရှိပုံရသော သစ်ပင်တစ်ပင်ကို သူတို့ တွေ့လိုက်ရသည်။ သို့သော် ထိုအပင်ကို မော့ကြည့်လိုက်သောအခါ ဖန်ယွမ််နှင့် အီဗီတို့ နှစ်ဦးစလုံး၏ မျက်နှာတွင် အံ့သြသွားသော အမူအရာများ ပေါ်လာသည်။ ဤသည်မှာ သစ်သီးပင် တစ်ပင်များလား။
"ဒါ သစ်သီးပင် (Tree Fruit) များလား"
သေချာစွာ စူးစမ်းကြည့်လိုက်ပြီးနောက် ထိုအပင်ပေါ်တွင် အစိမ်းရောင် သစ်သီးအနည်းငယ် တွဲလွဲခိုနေသည်ကို ဖန်ယွမ်် အမှန်တကယ်ပင် တွေ့လိုက်ရသည်။
"မမှည့်သေးတဲ့ ပုံပဲ... နှမြောစရာပါလား"
"နေပါဦး၊ ဒီပုံစံက... ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ"
ဖန်ယွမ််က ခေါင်းထဲရှိ မှတ်ဉာဏ်များကို အသည်းအသန် ရှာဖွေစဉ်းစားလိုက်ပြီး အတန်ကြာပြီးနောက်တွင်တော့ ဝမ်းသာအားရ အော်ဟစ်လိုက်လေသည်။
သဲကြေးခွံသစ်သီး!
သစ်သီးများအနက် ထိပ်တန်းအဆင့်ရှိသော သစ်သီးဖြစ်သည်။ ယင်းကို နက်နဲဆန်းကြယ်သော သစ်သီးရတနာ တစ်ပါးအဖြစ် ချီးကျူးတင်စားကြသည်။ ရှေးဟောင်းဒဏ္ဍာရီများထဲတွင် သဲကြေးခွံသစ်သီး၌ ပိုကီမွန်တစ်ကောင်၏ အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်စွမ်းရှိသော ကောင်းကင်ဘုံ၏ စွမ်းအားများ ကိန်းအောင်းနေသည်ဟု ဆိုကြသည်။ ဤသစ်သီးပင်မျိုးမှာ အလွန်ရှားပါးလှသည်။ ကမ္ဘာတစ်ဝန်းရှိ လျှို့ဝှက်နယ်မြေများတွင်ပင် ရှာဖွေတွေ့ရှိမှု အလွန်နည်းပါးပြီး တွေ့ရှိခဲ့လျှင်လည်း ရတနာတစ်ပါးကဲ့သို့ တယုတယ ကာကွယ်ထားတတ်ကြသည်။
သစ်ပင်ပေါ်၌ လွှဲယိမ်းနေသော သစ်သီးအနည်းငယ်ကို ကြည့်ရင်း ဖန်ယွမ််၏ မျက်လုံးများထဲတွင် အစိမ်းရောင် အလင်းတန်းများပင် တောက်ပလာခဲ့သည်။
"အီဗီ၊ သွားခူးလိုက်ချေ"
"ငါတို့ ကံဆိုးနေတာ မဟုတ်ဘူးထင်တယ်... တကယ်တော့... ထီပေါက်သလို ကံကောင်းသွားတာပဲ"
...
သဲကြေးခွံသစ်သီးက အရသာ အတော်လေး ကောင်းမွန်မည်မှာ သေချာသည်။ ဖန်ယွမ််ကိုယ်တိုင် မစားရသေးသော်လည်း အီဗီလေးက မည်မျှ မြိန်ယှက်စွာ စားသုံးနေကြောင်းကို မြင်တွေ့နေရသည်။ ဤသစ်ပင်ပေါ်တွင် သဲကြေးခွံသစ်သီး စုစုပေါင်း လေးလုံး တွေ့ရှိခဲ့သည်။ အကယ်၍ ၎င်းတို့ကို လေလံပစ်မည်ဆိုပါက တန်ဖိုးမှာ ခန့်မှန်း၍ပင် ရနိုင်မည်မဟုတ်ဘဲ ဝယ်ယူသူများကြားတွင် အလုအယက် ရူးသွပ်သွားစေမည်မှာ သေချာလှသည်။ သို့သော် ဖန်ယွမ််တွင် ထိုကဲ့သို့သော အစီအစဉ်များ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ အပြင်သို့ ယူဆောင်သွားလျှင်တောင်မှ သဲကြေးခွံသစ်သီး၏ ပိုင်ဆိုင်ခွင့်မှာ နောက်ဆုံးတွင် သူ့ထံ၌ ရှိမည်မဟုတ်သောကြောင့်ဖြစ်သည်။ လူဆိုသည်မှာ လောဘ သိပ်မကြီးသင့်ပေ။ ယင်းအစား...
"အရသာရှိရဲ့လား"
အီဗီလေးက သဲကြေးခွံသစ်သီး လေးလုံးစလုံးကို အစေ့သာကျန်သည်အထိ တကျွတ်ကျွတ်နှင့် အားရပါးရ စားသောက်ကာ သစ်သီးအသားစလေး တစ်စပင် မကျန်အောင် စားပစ်လိုက်သည်ကို ကြည့်ရင်း ဖန်ယွမ််က ရင်နာနာဖြင့် မေးလိုက်သည်။
မည်သည့်အရာမျှ အလေအလွင့် မဖြစ်သွားသရွေ့တော့ အကောင်းဆုံးပင်။