"နောက်တစ်ခေါက် ပြန်လုပ်ကြစို့"
ဖန့်ယွမ်၏ စကားသံက ပြတ်သားနေသည်။ အီဗီက စိတ်ပျက်အားငယ်နေသော မျက်နှာလေးဖြင့် ခေါင်းကို အသာညိတ်ရှာ၏။ ၎င်း၏ စိတ်မပါလက်မပါ ပုံစံကို မြင်သောအခါ ဖန့်ယွမ်က မျက်မှောင်ကုတ်လျက် တင်းမာသောလေသံဖြင့် ချက်ချင်းပင် ဆုံးမလိုက်သည်။
"ဒီလို စိတ်ဓာတ်မျိုး မပြစမ်းနဲ့။ ဟိုတစ်လောက သဲရဲတိုက်တွေ ဆောက်တုန်းကလို တက်ကြွမှုကို ပြန်ထုတ်စမ်း။ အဲဒီတုန်းကလိုပဲ... မင်း ဒီအထူးလေ့ကျင့်ရေးကို အောင်အောင်မြင်မြင် ပြီးဆုံးတဲ့အထိ ငါ မင်းဘေးမှာ တစ်လှမ်းမှမခွာဘဲ အတူရှိနေပေးမယ်။"
ယခုလုပ်ဆောင်နေသည်က အထူးမွမ်းမံလေ့ကျင့်ရေး ဖြစ်သဖြင့် ဖန့်ယွမ်အနေဖြင့်လည်း ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး မနေနိုင်တော့ပေ။ စင်ပေါ်က တစ်မိနစ်စာ တောက်ပမှုအတွက် စင်အောက်မှာ ဆယ်နှစ်ပတ်လုံး အားထုတ်ရသည် မဟုတ်ပါလား။ အကယ်၍ ယခုအချိန်တွင် အီဗီသာ ပင်ပန်းဆင်းရဲမှုကို ကြောက်ရွံ့နေပါက ကျောင်းဖွင့်ချိန်တွင် စနစ်တကျ ပြုလုပ်မည့် လေ့ကျင့်ခန်းများကိုလည်း ငြီးငွေ့ငြင်းဆန်လာပေလိမ့်မည်။ ထို့ထက် ပိုဆိုးသည်မှာ စစ်မှန်သော တိုက်ပွဲမြေပြင်သို့ ရောက်ရှိသွားချိန်တွင် မိမိဘက်က လက်မြှောက်အရှုံးမပေးသရွေ့ ပြိုင်ဘက်က မည်သည့်အခါမျှ သနားညှာတာမည်မဟုတ်။ ထိုအချိန်ကျမှ ခံစားရမည့် နာကျင်မှုသည် ယခုထက် ဆယ်ဆ၊ အဆပေါင်းများစွာ ပိုမိုပြင်းထန်လိမ့်မည် ဖြစ်သည်။
"ဗူး..."
အီဗီက ပြတ်သားသော လေသံဖြင့် အော်လိုက်သည်။ ၎င်းကိုယ်တိုင်လည်း ပိုမိုသန်မာလာချင်သည် မဟုတ်ပါလား။ ထို့ကြောင့် ယခုတစ်ကြိမ်တွင် အခက်အခဲများကို မဖြစ်မနေ ကျော်ဖြတ်ရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သည်။ သဲရဲတိုက်ဆောက်စဉ်က ဖန့်ယွမ်က ဘေးကနေ မခွဲမခွာ အဖော်ပြုပေးခဲ့ပုံနှင့် အောင်မြင်သွားချိန်တွင် အတူတကွ ပျော်ရွှင်ခဲ့ကြပုံများကို ပြန်လည်တွေးတောမိရင်း အီဗီသည် အနည်းငယ် ရှက်ရွံ့သွားမိသည်။ ထို့နောက် မိမိ၏ စိတ်ပိုင်းဖြတ်မှုကို ပြသသည့်အနေဖြင့် ဖန့်ယွမ်၏ ခြေထောက်နားသို့ တိုးကပ်ကာ ပွတ်သီးပွတ်သပ် လုပ်ရှာတော့သည်။
"ကောင်းပြီ၊ ဆက်လုပ်ကြစို့။ မနေ့က မင်းရဲ့ အကောင်းဆုံး စံချိန်က ၁၁၇ စက္ကန့်ပဲ။ ဒီမနက်တော့ အသွားအပြန် အပြေးစံချိန်ကို ၁၁၀ စက္ကန့်အတွင်း အမိအရ သွင်းရမယ်။ အကယ်၍ ကျရှုံးခဲ့ရင် မင်းရဲ့ နေ့လယ်စာကို ဖျက်သိမ်းမယ်။ ပြီးတော့ တစ်ပတ်တိတိ ဖုန်းထဲက ဇာတ်လမ်းတွေလည်း ကြည့်ခွင့်မရဘူး။"
ဖန့်ယွမ်၏ စကားကြောင့် အီဗီမှာ ဆွံ့အသွားပြီး အပြေးပြိုင်ကွင်း၏ အစမှတ်သို့ ကမန်းကတန်း ပြန်ပြေးသွားတော့သည်။ ဤအပြစ်ပေးမှု နှစ်ခုစလုံးသည် ၎င်းအတွက် အသက်ပျောက်မတတ် ပြင်းထန်လွန်းလှသည်။ မွေးကတည်းက အီဗီသည် ကြီးကြီးမားမား အခက်အခဲမျိုး တစ်ခါမျှ မကြုံဖူးခဲ့ချေ။ အစားကောင်း၊ အသောက်ကောင်းများကို အမြဲစားသောက်ရုံမက နေ့စဉ် ဖုန်းဖြင့် ၎င်းအကြိုက်ဆုံး ဗီဒီယိုဇာတ်လမ်းတိုများကို ကြည့်ရှုခွင့်ရခဲ့သည်။ အကယ်၍ ထိုအရာအားလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ရမည်ဆိုပါက အီဗီအတွက် သေမတတ် ခံစားရပေလိမ့်မည်။ ထို့ကြောင့်ပင် ရှေ့ရှိ ထူထပ်လှသော တောအုပ်ကြီးကို စူးစိုက်ကြည့်ရင်း အစွမ်းကုန် အာရုံစိုက်လိုက်ရတော့သည်။
"စမယ်!"
ယခုတစ်ကြိမ်တွင် ဖန့်ယွမ်က ပြတ်သားသော စကားလုံးများဖြင့် သတိပေးထားသလို အီဗီကိုယ်တိုင်လည်း နောင်တရ စိတ်ပိုင်းဖြတ်ထားမိသည်။ ကလေးငယ်များကို အလိုလိုက်ရုံဖြင့်မရဘဲ စနစ်တကျ သွန်သင်ဆုံးမရသကဲ့သို့ ပိုကီမွန်များကိုလည်း သင့်တော်သော လေ့ကျင့်သင်ကြားမှုမျိုး ပေးရန်လိုအပ်ပေသည်။ သို့သော်လည်း ဗီဇစိတ်ကြောင့် အီဗီ၏ လှုပ်ရှားမှုများသည် အချို့နေရာများတွင် တုံ့ဆိုင်းနေဆဲပင်။ အခုတစ်ခေါက်တွင်မူ ဖန့်ယွမ်က ဘေးကနေ တွန်းအားမပေးတော့ဘဲ အီဗီကို ကိုယ်တိုင်ရုန်းကန်ကြိုးစားခွင့် ပေးလိုက်သည်။ သူကိုယ်တိုင်လည်း အားနေသည်မဟုတ်ဘဲ ကိုယ်ကာယ လေ့ကျင့်ခန်းများကို ပြုလုပ်နေသည်။ နယ်မြေဆန်းများ၏ အစိတ်အပိုင်းအချို့သည် ကမ္ဘာမြေနှင့် ပေါင်းစပ်သွားကတည်းက လေထုထဲတွင် ဒြပ်စင်ဖွဲ့စည်းပုံများ ပြောင်းလဲသွားကာ လူသားတို့၏ ကြံ့ခိုင်မှုမှာလည်း အနည်းငယ် တိုးတက်လာခဲ့သည်။ သို့သော်ငြား မနေ့ကတစ်နေ့လုံး အီဗီနှင့်အတူ လေ့ကျင့်ပေးခဲ့ရသသဖြင့် ဖန့်ယွမ်၏ ခန္ဓာကိုယ်မှာ အတော်လေး နာကျင်ကိုက်ခဲနေဆဲပင်။ ဤသည်မှာ သူအလိုရှိသော ရလဒ်မျိုး မဟုတ်ပေ။
နေ့ဝက်ခန့် ကုန်လွန်သွားချိန်တွင် အီဗီ၏ ကိုယ်ပေါ်၌ အမာရွတ်နှင့် ဒဏ်ရာအသစ်များ သိသိသာသာ များပြားလာခဲ့သည်။ ဖန့်ယွမ်က ဒဏ်ရာများကို အဆက်မပြတ် ဆေးထည့်ပေးနေသော်လည်း နာကျင်မှုကို အလူးအလဲ ခံစားရသည်က အီဗီသာ ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ၎င်းသည် ၁၁၀ စက္ကန့် စံချိန်ကို ကျော်ဖြတ်ရန် အနည်းငယ်သာ လိုတော့သော်လည်း မကျော်ဖြတ်နိုင်ခဲ့ချေ။ ဖန့်ယွမ်က လက်ကနာရီကို ကိုင်ထားရင်း စကားတစ်ခွန်းမှ မဆိုဘဲ စိတ်ဓာတ်ကျနေသော အီဗီကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။
နေ့လယ်စာလည်း မရှိတော့... ဇာတ်လမ်းကြည့်ခွင့်လည်း မရှိတော့ပေ...။
နေ့ဝက်ခန့် ပြင်းပြင်းထန်ထန် လေ့ကျင့်ထားရသသဖြင့် ယခုအချိန်တွင် အီဗီသည် အလွန်အမင်း ဆာလောင်နေပြီး ၎င်း၏ဗိုက်ထဲမှလည်း တဂွီဂွီ မြည်သံများ ဆက်တိုက်ထွက်ပေါ်နေသည်။ ထို့ကြောင့်ပင် အီဗီမှာ ပို၍ပင် စိတ်ပျက်အားငယ်နေမိတော့သည်။ 'တိုက်ခိုက်ခြင်း' (Tackle) စွမ်းရည်၏ အရှိန်မြှင့်တင်မှုကြောင့် အစောပိုင်း ထွက်ပြေးနှုန်းမှာ သိသိသာသာ မြန်ဆန်လာခဲ့သဖြင့် ၁၁၀ စက္ကန့် စံချိန်ကို မုချမီနိုင်မည်ဟု ၎င်းနားလည်ထားသည်။ သို့သော်လည်း အချို့သော ဗီဇတုံ့ပြန်မှုများကြောင့် လေ့ကျင့်ရေး၏ စွမ်းဆောင်ရည်မှာ တိုးတက်မလာခဲ့ခြင်း ဖြစ်သည်။
"ရော့... ဒါက မင်းရဲ့ နေ့လယ်စာနဲ့ အော်ရိန်းသီးပဲ။"
အိမ်ပြန်ရောက်ပြီးနောက် ဖန့်ယွမ်သည် အနည်းငယ် အလုပ်ရှုပ်သွားပြီးမှ အစားအစာများကို အီဗီ့ရှေ့သို့ ချပေးလိုက်သည်။ အစားအစာများနှင့် အော်ရိန်းသီးကို မြင်လိုက်ရသောအခါ အီဗီ၏ မျက်လုံးများမှာ ဇဝေဇဝါဖြစ်ကာ ဝိုင်းစက်သွားတော့သည်။
"နေ့လယ်စာ အငတ်ခံတာက ငါ့ကိုယ်ငါ ပေးတဲ့ အပြစ်ပဲ။ မင်းအတွက် အပြစ်ပေးမှုကတော့ တစ်ပတ်တိတိ ဇာတ်လမ်းကြည့်ခွင့် ပိတ်တာပဲ။ မြန်မြန်စားလိုက်ဦး၊ နေ့လယ် တစ်ရေးလောက် အိပ်ပြီးရင် မွန်းလွဲပိုင်း အထူးလေ့ကျင့်ရေးကို ဆက်လုပ်ရမယ်။ အဲဒီကျရင် အခုထက် ပိုပြီး တင်းကျပ်လိမ့်မယ်" ဟု ဖန့်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
အစားအစာများကို အီဗီ့ရှေ့တွင် ချပေးပြီးနောက် ဖန့်ယွမ်က ဆိုဖာပေါ်တွင် နောက်မှီထိုင်ကာ မျက်လုံးများကို မှိတ်လျက် မနက်ပိုင်းက ပြင်းထန်သော လေ့ကျင့်ခန်းများကို ပြန်လည်သုံးသပ်နေမိသည်။ အမှန်တော့ သူသည် အီဗီ၏ ပြောင်းလဲလာမှုအပေါ် အတော်လေး စိတ်ကျေနပ်မိပါသည်။ အီဗီ့ကို နေ့လယ်စာ အငတ်ထားရန် သူတစ်ခါမျှ မတွေးခဲ့ဖူးချေ။ ဤမျှအထိ လေ့ကျင့်ခန်း အရှိန်အဟုန် ပြင်းထန်နေချိန်တွင် အာဟာရဓာတ်ပါ ပြတ်တောက်သွားပါက အီဗီ၏ ခန္ဓာကိုယ်က တောင့်ခံနိုင်မည်မဟုတ်သလို ရှေ့ဆက်ရန်လည်း ဖြစ်နိုင်တော့မည်မဟုတ်ပေ။ သို့သော်ငြား အီဗီ့ကို အမှန်တရားအချို့ နားလည်စေရန်အတွက်မူ တစ်စုံတစ်ရာသော အပြစ်ပေးမှုမျိုး ပြုလုပ်ရန် လိုအပ်ခဲ့သည်။
"ဗူး..."
ထိုအချိန်တွင် အခြေအနေကို သဘောပေါက်သွားပြီး မိမိမျက်စေ့ရှေ့တွင် ပင်ပန်းနွမ်းနယ်နေသော ဖန့်ယွမ်ကို ကြည့်ကာ အီဗီက အော်ရိန်းသီးကို ဖန့်ယွမ်ဘက်သို့ ကမန်းကတန်း တွန်းပို့ပေးရင်း တိုးတိုးလေး အော်လိုက်ရှာသည်။ ဖျက်သိမ်းလိုက်သည့် နေ့လယ်စာမှာ မိမိ၏ အစားအစာမဟုတ်ဘဲ ဖန့်ယွမ်၏ ထမင်းဖြစ်နေကြောင်း သိလိုက်ရသဖြင့် အီဗီမှာ ဤအစားအစာများကို ပို၍ပင် မျိုမကျနိုင်အောင် ခံစားလိုက်ရသည်။
"စားလိုက်ပါ..." အီဗီ၏ လှုပ်ရှားမှုကို မြင်သောအခါ ဖန့်ယွမ်က မျက်လုံးများကို ဖွင့်ကာ ခေါင်းခါပြလိုက်ပြီး— "ငါတို့ ကတိပြုထားပြီးပြီပဲ။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရမယ်။ နေ့လယ်စာ တစ်နပ်စာလေးပဲဟာ၊ ကိစ္စမရှိပါဘူး။ မှတ်ထားပါ အီဗီ... ငါက မင်းရဲ့ ထရိန်နာပဲ။ နောင်အနာဂတ်မှာ ငါတို့နှစ်ယောက်က တစ်သားတည်းပဲ။ အတူတူ လက်တွဲကြိုးစားမှသာ ပိုကောင်းတဲ့ ဘဝတစ်ခုကို တည်ဆောက်နိုင်မှာ။"
အနည်းဆုံးတော့... အီဗီ၏ ယခုလက်ရှိ အစားအသောက်နှင့် လိုအပ်ချက်များအရ ဖန့်ယွမ်၏ ငွေကြေးအင်အားဖြင့် ရေရှည်ထောက်ပံ့ရန် မလွယ်ကူလှပေ။ အရင်းအမြစ်များက ရှားပါးလှပြီး အကယ်၍ သူနှင့် အီဗီသာ အချိန်များကို ဖြုန်းတီးနေမည်ဆိုပါက ဖန့်ယွမ်အနေဖြင့် အီဗီကိုသာမက မိဘများကိုပါ အားနာစရာ ဖြစ်လာပေလိမ့်မည်။ ဤသည်မှာ သူ စတင်တင်းကျပ်လာရသည့် နောက်ထပ်အကြောင်းအရင်း တစ်ခုလည်း ဖြစ်သည်။ ထို့အပြင် သူကိုယ်တိုင်၏ အနာဂတ်အတွက်လည်း ပါဝင်သည်။ အစကတည်းက ဖန့်ယွမ်သည် ပျော့ညံ့စွာဖြင့် အရှုံးပေးရန် မတွေးခဲ့ဖူးချေ။ ထရိန်နာနှင့် ပိုကီမွန်ဟူသည် ဒင်္ဂါးပြားတစ်ခု၏ တစ်ဖက်တစ်ချက်စီကဲ့သို့ပင် အောင်မြင်မှုကို အတူခံစားပြီး ဆုံးရှုံးမှုကို အတူရင်ဆိုင်ရမည့် အသက်သွေးကြောများ ဖြစ်သည်။ သူတို့၏ အနာဂတ်များသည် ယခုအခါ တစ်ခုတည်းအဖြစ် ယှက်နွှယ်သွားခဲ့ပြီ။
ထိုနေ့လယ်ခင်းတွင် ဖန့်ယွမ်၏ ဗိုက်ဆာ၍ မြည်သံကို ကြားလိုက်ရသည့် အချိန်မှစ၍ အီဗီသည် ဤအမှန်တရားကို စတင်နားလည်လာခဲ့သည်။ ၎င်းသည် ဖန့်ယွမ်တစ်ယောက်တည်းက ပြုစုစောင့်ရှောက်ပေးရမည့် အိမ်မွေးတိရစ္ဆာန်လေး သက်သက်မဟုတ်ဘဲ မိမိ၏ ထရိန်နာအတွက် တစ်စုံတစ်ရာ ပြန်လည်လုပ်ဆောင်ပေးရမည့် အဖော်မွန်တစ်ယောက် ဖြစ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ထိုနေ့မွန်းလွဲပိုင်းတွင် အီဗီသည် လေ့ကျင့်ရေးထဲသို့ ယခင်ကထက် ပိုမိုအာရုံစိုက်ကာ အားသွန်ခွန်စိုက် ကြိုးစားခဲ့တော့သည်။ လေ့ကျင့်ခန်းများသည် ငြီးငွေ့ဖွယ်ကောင်းလောက်အောင် တစ်သမတ်တည်း ရှိနေသော်လည်း သန်မာလာစေရန် ဖြတ်လမ်းဟူသည် မရှိသလောက် ရှားပါးလှပေ။ အနည်းဆုံးတော့ ဖန့်ယွမ်နှင့် အီဗီတို့အတွက် ဖြတ်လမ်းမရှိခဲ့ချေ။
မွန်းလွဲပိုင်း လေ့ကျင့်ရေးတွင် အီဗီသည် စံချိန်ကို ၁၀၀ စက္ကန့်အောက်အထိ လျှော့ချနိုင်ခဲ့သည်။ ၎င်းသည် စိတ်လွှတ်ကိုယ်လွှတ်ဖြင့် နာကျင်မှုများကို အောင့်အီးကာ အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးတက်လာခဲ့သော်လည်း ရလဒ်အနေဖြင့် ရိုးရိုးဆေးဝါးများဖြင့် ချက်ချင်းမပျောက်ကင်းနိုင်သော ဒဏ်ရာများကို ရရှိခဲ့ရသည်။
ဖန့်ယွမ်သည် ပထမဆုံးအကြိမ်အဖြစ် အီဗီကို ပိုကီဘောထဲသို့ ပြန်လည်သိမ်းဆည်းကာ ပိုကီမွန်စင်တာသို့ ကမန်းကတန်း ခေါ်ဆောင်သွားခဲ့သည်။ ဤနေရာမှာ ကျေးလက်ဒေသဖြစ်သသဖြင့် ပိုကီမွန်စင်တာသည် ကာတွန်းထဲကအတိုင်း ရိုးရှင်းသော ဆေးခန်းလေးမျှသာ ဖြစ်ပြီး မော်ဒန်မြို့ကြီးများ သို့မဟုတ် ငြိမ်းချမ်းရေးမြို့တော်ရှိ မိုးပျံတိုက်ကြီးများထဲမှ အဆင့်မြင့်ဆေးရုံကြီးများနှင့် ယှဉ်နိုင်စရာမရှိပေ။ နန်ဝူမြို့ငယ်လေးတွင် ထရိန်နာ အနည်းငယ်သာ ရှိသဖြင့် ပိုကီမွန်စင်တာသည် များသောအားဖြင့် တိတ်ဆိတ်လေ့ရှိသည်။ ဆရာဝန်များနှင့် သူနာပြုများသည်လည်း အချိန်အတော်များများတွင် အနားယူနေကြရသည်။ ဖန့်ယွမ်သည် သူ၏ ထရိန်နာအိုင်ဒီကို အသုံးပြုကာ မှတ်ပုံတင်ပြီး ပိုကီဘောကို အပ်နှံလျက် စိုးရိမ်စိတ်ဖြင့် စောင့်ဆိုင်းနေမိတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက် အလုပ်သင်သူနာပြုလေးတစ်ဦးသည် တွန်းလှည်းအသေးလေးတစ်ခုကို တွန်းကာ လူနာဆောင်ထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်တွင် အီဗီမှာ လုံးဝကို ပြန်လည်ကျန်းမာလာပြီး အသက်ဝင်လှုပ်ရှားနေကာ တွန်းလှည်းပေါ်မှနေ၍ ဖန့်ယွမ်၏ထံသို့ ခုန်တက်ရန် အသင့်ပြင်နေတော့သည်။
"အီဗီ အခြေအနေ ဘယ်လိုလဲခင်ဗျာ" ဖန့်ယွမ်က အီဗီကို ရင်ခွင်ထဲသို့ ဖမ်းပွေ့ပွတ်သပ်ရင်း စိုးရိမ်တကြီး မေးလိုက်သည်။
"အခုတော့ ဘာမှ စိုးရိမ်စရာမရှိတော့ပါဘူး။ ရော့... ဒါက မောင်ရင်ရဲ့ ပိုကီဘောပါ" ဟု သူနာပြုမလေးက ပြောလိုက်သည်။
ဖန့်ယွမ်သည် ရင်ထဲမှ အလုံးကြီး ကျသွားရတော့သည်။ ၎င်းမှာ အပေါ်ယံဒဏ်ရာများသာဖြစ်ပြီး သူကိုယ်တိုင် ဆေးထည့်ပေးခဲ့သော်လည်း တစ်စုံတစ်ရာ မမျှော်လင့်ဘဲ ဖြစ်သွားမည်ကို အမှန်တကယ် စိုးရိမ်မိခဲ့ခြင်း ဖြစ်သည်။ ဤပိုကီမွန်စင်တာလေးမှာ သေးငယ်သော်လည်း ၎င်း၏ လျင်မြန်ဖြတ်လတ်မှုအပေါ် ဖန့်ယွမ် အတော်လေး သဘောကျမိသွားသည်။ နောက်လည်း သူ ထပ်လာရဦးမည် ဖြစ်သည်။
အီဗီကမူ...