ဝူးးးးးးး!!
ဝံပုလွေခေါင်းဆောင်သည် အူလိုက်ပြီး ခံစစ်ကြောင်းကို ဖြတ်ကျော်ကာ သူတို့၏လမ်းကို ပိတ်ဆို့ထားသည့် မှော်ဆရာသုံးဦးအား တိုက်ခိုက်ရန် ဝံပုလွေအုပ်ကို အမိန့်ပေးလိုက်သည်။ သို့သော်လည်း ဝံပုလွေများသည် မှော်ဆရာများနှင့် နီးကပ်ရန် ကြောက်ရွံ့နေကြ၏။ နောက်ဆုံးတွင်မူ ၎င်းတို့သည် မတတ်သာဘဲ တွန့်ဆုတ်စွာဖြင့် ပြေးဝင်တိုက်ခိုက်ကြတော့သည်။
“ဟွန်း!”ငွေရောင်ဆံပင်နှင့် စိမ်းပြာရောင်မျက်ဝန်းရှိသည့် အမျိုးသမီးမှော်ဆရာက နှာခေါင်းရှုံ့လိုက်သည်။သူမသည် ဒူးထောက်ထိုင်ချလိုက်ပြီး လက်ဖဝါးနှစ်ဖက်လုံးကို မြေပြင်ပေါ်သို့ ဖိကပ်လိုက်သည်။ သူမ၏ လက်ဖဝါးအောက်တွင် တောက်ပသော မှော်စက်ဝိုင်းတစ်ခု လင်းလက်လာ၏။
အဆင့် (၁) မှော်အတတ် - ရေလျှံစေခြင်း!
စက္ကန့်အနည်းငယ်အကြာတွင် သူမ၏ လက်အောက်ရှိ မြေပြင်မှ ရေများ ထွက်ပေါ်လာပြီး ဝံပုလွေအုပ်ထံသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။ ဤရေပမာဏမှာ ဝံပုလွေများကို အနာတရမဖြစ်စေသလို တားဆီးနိုင်စွမ်းလည်း မရှိချေ။ မြေပြင်ကို စိုစွတ်သွားစေရုံသာ ရှိသည်။
နောက်တွင်မူ ဆံပင်အတိုနှင့် ဗလကောင်းကောင်း မှော်ဆရာက ရှေ့သို့တက်ကာ မြေပြင်ကို အားဖြင့် နင်းချလိုက်သည်။ သူ၏ ခြေထောက်အောက်တွင် မှော်စက်ဝိုင်းတစ်ခု ပေါ်ထွက်လာပြီးသားဖြစ်ကာ မြေပြင်နှင့် ထိတွေ့သည့်ခဏ၌ မြေပြင်မှာ လှိုင်းများထသလို ဖြစ်သွားပြီး ဝံပုလွေအုပ်ထံသို့ ပျံ့နှံ့သွားသည်။
အဆင့် (၁) မှော်အတတ် - မြေပြင်ပုံဖော်ခြင်း!
ချက်ချင်းပင် မြေပြင်မှာ အလွန်ရွှံ့ထူသော မြေပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဝံပုလွေအများစုမှာ ဟန်ချက်ပျက်ကာ လဲကျကုန်ကြသည်။ သို့သော် ဤမျှနှင့် ဝံပုလွေအုပ်ကို အနိုင်ယူရန် မလုံလောက်သေးပေ။
နောက်ဆုံးတွင် တောက်ပသော မျက်ဝန်းပြာရှိသည့် ရွှေရောင်ဆံပင်နှင့် မှော်ဆရာက ဆန်းကြယ်သော လက်ဟန်ခြေဟန်များကို ပြုလုပ်လိုက်ပြီး သူ၏ ညာလက်ကို မြှောက်လိုက်သည်။ နောက်တစ်ခဏတွင် သူ၏ လက်ဖဝါးပေါ် ၌ ပြာလဲ့လဲ့ လျှပ်စီးများ ဝင်းခနဲ လင်းလက်လာသည်။
အဆင့် (၁) မှော်အတတ် - လျှပ်စီးလက်သီး!
သူသည် လျှပ်စီးများ စီးဝင်နေသော လက်သီးဖြင့် ရွှံ့နွံထူသော မြေပြင်ကို အားဖြင့် ထိုးချလိုက်သည်။ ထိုအခါ သူတို့ရှေ့ရှိ မြေပြင်မှာ လျှပ်စီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်!
မှော်အတတ်သုံးခုမှာ ဟန်ချက်ညီညီ ပေါင်းစပ်သွားသဖြင့် ဖျက်အားပြင်းလှသော တိုက်ကွက်တစ်ခု ဖြစ်လာသည်။ တစ်ခဏချင်းမှာပင် ဝံပုလွေအမြောက်အမြား လျှပ်စစ်ဓာတ်လိုက်ကာ သေဆုံးကုန်ကြသည်။ ၎င်းတို့၏ အမွေးများမှာ လောင်ကျွမ်းသွားပြီး အသည်းအသန် ရုန်းကန်ရင်း အသက်ပျောက်သွားကြရ၏။ မှော်ဆရာသုံးဦး၏ တစ်ချက်တည်းသော လှုပ်ရှားမှုဖြင့် ဝံပုလွေ တစ်ရာနီးပါး သေဆုံးသွားခဲ့သည်။
“ဝါး!”
“အံ့သြစရာပဲ!”
“ဒါ မှော်ဆရာတစ်ယောက်ရဲ့ စွမ်းအားပေါ့လေ?!”
ငရဲခန်းတမျှ တိုက်ပွဲကို ဖြတ်ကျော်လာခဲ့ရသော ကလေးများသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့သြတကြီးဖြင့် မျက်လုံးများ တောက်ပလာကြသည်။ သူတို့ထဲမှ အများစုမှာ မှော်ဆရာတစ်ဦး၏ တိုက်ခိုက်မှုကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်သည်။ အတွေ့အကြုံရင့်သော ကြေးစားစစ်သည်များပင် သိသိသာသာ တုန်လှုပ်သွားကြရ၏။ မှော်ဆရာသုံးဦး၏ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုနှင့် မှော်အတတ်များ ပေါင်းစပ်ပုံမှာ အမှန်တကယ်ပင် ခမ်းနားကြီးကျယ်လှပေသည်။
အာဒမ်ကမူ ထင်သလောက် အံ့သြမနေပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အဖြူရောင်ကြာပန်းကို ရရှိစဉ်က ဤထက် ပိုမိုကြီးကျယ်ခမ်းနားသော တိုက်ပွဲကို မြင်တွေ့ခဲ့ရဖူးသောကြောင့် ဖြစ်သည်။ သို့သော်လည်း သူသည် လျှပ်စီးပင်လယ်ကြီးကို မျက်တောင်မခတ် ငေးကြည့်နေမိဆဲ ဖြစ်သည်။ သူ၏ ရင်ထဲမှ တောင့်တမှုများမှာ ပိုမိုပြင်းထန်လာပြီး မသိလိုက်ဘဲ လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။
‘တစ်နေ့ကျရင် ငါလည်း မှော်ဆရာဖြစ်လာပြီး ဒီလိုစွမ်းအားမျိုးကို ကိုင်တွယ်နိုင်စေရမယ်!’
ရုတ်တရက် သူ၏ ဝိညာဉ်မှာ တုန်ခါသွားသလို ခံစားလိုက်ရပြီး သူ၏ မျက်ဝန်းများမှာ ငေးမောသွားတော့သည်။
အခြားတစ်ဖက်တွင်မူ ဝံပုလွေခေါင်းဆောင်မှာ သူ၏ အပေါင်းအဖော်များစွာ မျက်စိရှေ့တွင် အသတ်ခံလိုက်ရသဖြင့် ဒေါသတကြီး ဖြစ်နေသည်။ ၎င်းသည် ကောင်းကင်သို့ မော့၍ အူလိုက်ရာ ၎င်း၏ နာကျင်မှုနှင့် ဒေါသကို လူတိုင်း ခံစားလိုက်ရသည်။ နောက်တစ်ခဏတွင် ၎င်းသည် ပါးစပ်ကို ဟလိုက်ပြီး လုံးဝဥဿုံ မှောင်မည်းနေသော စွမ်းအင်လုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။ ထိုအမှောင်ထုလုံးမှာ တဖြည်းဖြည်း ကြီးမားလာပြီးနောက် မှော်ဆရာသုံးဦးထံသို့ အလွန်မြန်သော အရှိန်ဖြင့် ပစ်လွှတ်လိုက်တော့သည်။
ဗလကောင်းသော မှော်ဆရာက ရှေ့သို့တက်ကာ လက်ဟန်များကို ပြုလုပ်ပြီး လက်ဖဝါးနှစ်ဖက်ကို ကျယ်လောင်စွာ ရိုက်ခတ်လိုက်သည်။ ထိုအခါ သူ၏ ပတ်ဝန်းကျင်ရှိ မြေပြင်မှာ တုန်ခါလာပြီး ထူထဲခိုင်မာသော မြေသားတံတိုင်းကြီး နှစ်ခုမှာ သူ၏ ရှေ့တွင် ပေါ်ထွက်လာသည်။
အဆင့် (၁) မှော်အတတ် - မြေသားတံတိုင်း !
အမှောင်စွမ်းအင်ထုလုံးမှာ မြေသားတံတိုင်းများကို အရှိန်ပြင်းစွာ ဝင်တိုက်မိသည်။ ဖုန်မှုန့်များနှင့် အပျက်အစီးများ အရပ်ရပ်သို့ လွင့်စင်သွားပြီး ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာ၏။ နောက်ဆုံးတွင် အမှောင်ထုလုံးမှာ လုံးဝ ပျောက်ကွယ်သွားသလို မြေတံတိုင်းနှစ်ခုမှာလည်း ပျက်စီးသွားသည်။
ဖုန်မှုန့်များကြားမှ အမျိုးသမီးမှော်ဆရာနှင့် မျက်လုံးပြာနှင့်မှော်ဆရာတို့မှာ အပြင်သို့ ပြေးထွက်လာကာ ဝံပုလွေခေါင်းဆောင်ထံသို့ အရှိန်ဖြင့် ပြေးဝင်သွားကြသည်။ ဝံပုလွေခေါင်းဆောင်မှာလည်း ဒေါသများ လွှမ်းမိုးနေသဖြင့် နောက်ထပ် အမှောင်ထုလုံးတစ်ခု ဖန်တီးရန် ပြင်ဆင်ရင်း သူတို့ထံသို့ ပြေးဝင်လာသည်။
သို့သော် မှော်ဆရာနှစ်ဦးမှာ ဝံပုလွေထံသို့ နီးကပ်စွာ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့နှစ်ဦးစလုံး မှော်အတတ်များကို တစ်ပြိုင်နက် ထုတ်ဖော်ကာ ပေါင်းစပ်လိုက်ကြသည်။
အဆင့် (၁) မှော်အတတ် - ဆူးနွယ်ပင်!
အဆင့် (၁) မှော်အတတ် - အက်ဆစ်ဖျန်းပက်ခြင်း!
အမျိုးသမီးမှော်ဆရာ၏ လက်ထဲတွင် လူတစ်ယောက်၏ လက်မောင်းခန့် ထူသော အစိမ်းရောင် နွယ်ပင်တစ်ပင် ပေါ်လာပြီး ဝံပုလွေခေါင်းဆောင်ကို ရိုက်ချလိုက်သည်။ ထိုနွယ်ပင်က ဝံပုလွေကို မရစ်ပတ်မိခင်မှာပင် နွယ်ပင်တစ်ခုလုံးမှာ ခရမ်းရောင် အက်ဆစ်လွှာတစ်ခုက ဖုံးအုပ်သွားပြီးသား ဖြစ်သည်။ ဤအရာမှာ မျက်လုံးပြာနှင့် မှော်ဆရာ ထုတ်ဖော်လိုက်သော မှော်အတတ်ဖြစ်သည်။
မှော်အတတ်နှစ်ခု အလွယ်တကူ ပေါင်းစပ်သွားပုံမှာ သူတို့၏ အဖွဲ့လိုက်လုပ်ဆောင်မှု မည်မျှထိရောက်ကြောင်း ပြသနေသည်။ ခရမ်းရောင်နွယ်ပင်မှာ ဝံပုလွေကို ရက်စက်စွာ ပတ်ချည်လိုက်ပြီး ၎င်း၏ လှုပ်ရှားမှုကို ချက်ချင်း ကန့်သတ်လိုက်သည့်အပြင် ၎င်း၏ အမွေးများကို အရည်ပျော်စေကာ အရေပြားကိုလည်း အက်ဆစ်ဖြင့် အဆိပ်သင့်စေတော့သည်။ ဝံပုလွေ၏ ပါးစပ်ထဲတွင် ဖြစ်တည်တော့မည့် အမှောင်ထုလုံးမှာလည်း ပျောက်ကွယ်သွားတော့သည်။ လုံးဝ ချုပ်နှောင်ခံလိုက်ရသဖြင့် ဝံပုလွေမှာ ထိတ်လန့်သွားပြီး မှော်ဆရာနှစ်ဦးကို စိုက်ကြည့်နေမိသည်။
ရုတ်တရက်... ဝံပုလွေ၏ နောက်ဘက်ရှိ မြေပြင်မှာ အက်ကွဲသွားပြီး လူရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ဗလကောင်းသော မှော်ဆရာပင် ဖြစ်သည်! ယခုအခါ သူသည် အနက်ရောင် ဒြပ်ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားပုံရသော လေးလံလှသည့် စစ်တူရွင်းကြီးကို ကိုင်ဆောင်ထားသည်။ သူက လက်နှစ်ဖက်ကို မြှောက်ကာ သူ၏ လက်နက်ထဲသို့ မှော်စွမ်းအင် များကို ထည့်သွင်းလိုက်သည်။ ထို့နောက် မျက်နှာထက်တွင် အပြုံးကြီးတစ်ခုဖြင့် စစ်တူရွင်းကို ဝံပုလွေ၏ ဦးခေါင်းပေါ်သို့ လွှဲရိုက်လိုက်တော့သည်။
“ဟဲဟဲ... မိပြီ!”
ဘုန်း!!
ဝံပုလွေမှာ တူရွင်းချက်ကြောင့် ချက်ချင်းပင် အသားစ၊ အရိုးစများနှင့် ကလီစာများ ရောထွေးနေသော အပုံကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သူတို့၏ ခေါင်းဆောင်မှာ ယခုကဲ့သို့ ရက်စက်စွာ အသတ်ခံလိုက်ရသည်ကို မြင်သောအခါ ကျန်ရှိနေသော ဝံပုလွေများမှာ အမြီးကုပ်ကာ ထွက်ပြေးကုန်ကြလေတော့သည်။
“နှမြောစရာပဲ။ ဒီအလောင်းကို ရောင်းရင် ပိုက်ဆံအတော်ရမှာကို” အမျိုးသမီးမှော်ဆရာက နှုတ်ခမ်းဆူလိုက်သည်။
ဗလကောင်းသော မှော်ဆရာ ‘အိုင်ဗင်’က ဝံပုလွေခေါင်းဆောင်၏ ပျက်စီးနေသော အလောင်းကို ကြည့်ကာ အားနာစွာ ပြုံးလိုက်သည်။ “ငါ့အမှားပါ ကယ်လီရယ်။”
အမျိုးသမီးမှော်ဆရာ ကယ်လီသည် ဝံပုလွေ၏ ကြေမွနေသော အလောင်းကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။
“ကောင်းတယ် အိုင်ဗင်။ သူ့ကို ဂရုမစိုက်ပါနဲ့” မျက်လုံးပြာနှင့် မှော်ဆရာက အိုင်ဗင်ကို လက်မထောင်ပြလိုက်သည်။
အိုင်ဗင်က သူ၏ အသင်းဖော်ကို ကြည့်ကာ ရယ်မောလိုက်သည်။ “ဟားဟား၊ မင်းလည်း တူတူပါပဲ အဲလက်စ်ရာ။ လာ... လှည်းဆီ ပြန်ရအောင်။ ‘ဆင့်ခေါ်ခြင်း’ဂိုဏ်းခွဲက မှော်ပုံစံတစ်ခုကို နားလည်ဖို့ မင်းရဲ့ အကူအညီ လိုနေသေးတယ်။”
“ကောင်းပြီ၊ သွားကြစို့” အဲလက်စ်က ခေါင်းညိတ်လိုက်ပြီး အိုင်ဗင်နှင့်အတူ လှည်းဆီသို့ ပြန်သွားကြသည်။
အသက်ရှင်ကျန်ရစ်သော ကလေးများနှင့် ကြေးစားစစ်သည်များသည် စခန်းသို့ ပြန်လာသော အောင်နိုင်သူ မှော်ဆရာများကို ဝိုင်းဝန်းအားပေးကြသည်။ စောစောက တိုက်ပွဲမှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ အသက်နှင့်ရင်း၍ အမြဲတိုက်ခိုက်နေရသော ကြေးစားစစ်သည်များပင်လျှင် ထိုသုံးဦး၏ ပူးပေါင်းဆောင်ရွက်မှုကို အံ့သြချီးကျူးနေကြရသည်။
အဲလက်စ်နှင့် အိုင်ဗင်တို့မှာမူ သူတို့ထံသို့ ဦးတည်နေသော လက်ခုပ်သံများနှင့် အထင်ကြီးလေးစားသော အကြည့်များကို လျစ်လျူရှုထားကြသည်။ သူတို့က ထိုသို့သောအရာများကို ကျင့်သားရနေပြီ ဖြစ်သည်။
ရုတ်တရက် အဲလက်စ်သည် တစ်နေရာတည်းတွင် ကြောင်တောင်တောင် ရပ်နေသော အာဒမ်ကို မြင်လိုက်ရသည်။ ကောင်လေးမှာ လူအများကြားတွင် ထင်းနေ၏။
“ဒီကောင်လေး ဘာဖြစ်နေတာလဲ?” အဲလက်စ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
ယခုအချိန်တွင် အာဒမ်သည် သူ၏ ပတ်ဝန်းကျင်တွင် ဘာတွေဖြစ်နေသည်ကို လုံးဝ သတိမပြုမိတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်မှာ အဖြူရောင်ကြာပန်းအတွင်းရှိ ထူးဆန်းသော ဟင်းလင်းပြင်ကြီးထဲသို့ ရောက်ရှိနေသောကြောင့်ပင်။