ဟန်းနက်စ်မြို့လယ်ရှိ စီမံခန့်ခွဲရေးအဆောက်အအုံတွင် နောက်ထပ် သွေးစွန်းသောညတစ်ည ကုန်ဆုံးပြီးနောက် အားလုံး ပြန်လည်စုဝေးမိကြသည်။ လေထုမှာ အလွန်ပင် စိတ်ဓာတ်ကျစရာ ကောင်းလှ၏။ အစပိုင်းတွင် လူအများ သတိမထားမိကြသော်လည်း ယခုအခါတွင်မူ တဖြည်းဖြည်း သဘောပေါက်လာကြပြီဖြစ်သည်။ လွန်ခဲ့သော သီတင်းပတ်များအတွင်း သူတို့ သတ်ဖြတ်နေခဲ့သော သွေးစုပ်ကောင်အစေခံများသည် အမှန်တကယ်တော့ ဟန်းနက်စ်မြို့ခံများပင် ဖြစ်နေသည်!
အစပိုင်းတွင် အားလုံးက ဤသည်မှာ ဖြစ်နိုင်ခြေရှိသည်ဟု သိထားကြသော်လည်း လက်ခံရန် ငြင်းဆန်ခဲ့ကြသည်။ သို့သော် မိမိတို့၏ သူငယ်ချင်းများ၊ မိသားစုဝင်များနှင့် ရင်းနှီးကျွမ်းဝင်သူများမှာ သွေးစုပ်ကောင်များအဖြစ် ပြောင်းလဲသွားပြီးနောက် ၎င်းတို့ကို ကိုယ်တိုင် ပြန်သတ်ရသည့်အခါတွင်မူ ခါးသီးသော အမှန်တရားကို မဖြစ်မနေ လက်ခံလိုက်ကြရသည်။
လွန်ခဲ့သော တစ်နာရီခန့်ကမှ မိမိ၏ အရင်းနှီးဆုံးသူငယ်ချင်းကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ရသော မြို့စောင့်တပ်သားတစ်ဦးသည် သတ္တိကိုမွေးကာ မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် မြို့စားကြီးကို မေးလိုက်သည် - "အရှင်... ဒါတွေက ဘယ်လောက်အထိ ဆက်ဖြစ်နေဦးမှာလဲ?"
မြို့စားကြီးသည် ထိုလူငယ်၏ ကြေကွဲနေသော မျက်နှာကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်လည်း ဤမေးခွန်း၏ အဖြေကို မသိပေ။ လွန်ခဲ့သော ပတ်များအတွင်း မည်မျှပင် ကြိုးစားရှာဖွေပါစေ၊ ဖမ်းခေါ်ခံရသော မြို့ခံများ မည်သည့်နေရာသို့ ရောက်သွားသည်ကို သူတို့ ရှာမတွေ့ခဲ့ကြပေ။ မှော်အတတ်တစ်ခုခု၏ အနှောင့်အယှက်ကြောင့် သွေးစုပ်ဖုတ်ကောင်၏ ပုန်းအောင်းရာကို ရှာမတွေ့ခြင်းဖြစ်မည်ဟု သူတို့ တွေးဆခဲ့ကြသည်။ သွေးစုပ်ကောင်များတွင် လျှို့ဝှက်လမ်းကြောင်းသို့ သွားနိုင်သည့် ပစ္စည်းတစ်ခုခု ရှိလိမ့်မည်ဟု ယူဆခဲ့သော်လည်း ထိုယူဆချက်မှာလည်း မှားယွင်းသွားခဲ့သည်။ ထိုမသေမျိုးများ၏ အလောင်းများပေါ်တွင် လျှို့ဝှက်လမ်းကို ဖွင့်နိုင်သည့် မည်သည့်ပစ္စည်းမှ ရှာမတွေ့ခဲ့ပေ။ မြို့အောက်ရှိ ကျယ်ပြောလှသော မိလ္လာမြောင်းများကိုလည်း အကြိမ်ကြိမ် ရှာဖွေခဲ့သော်လည်း မည်သည့်သဲလွန်စမှ မရရှိခဲ့ပေ။
မြို့စားကြီးသည် အဖြေတစ်ခုကို စဉ်းစားရင်း တိတ်ဆိတ်နေမိသည်။ သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသော မြို့စောင့်ရဲဘော်လေး၏ မျက်လုံးများကို ကြည့်ကာ သူ မုသားမပြောရက်တော့ပေ။
"ငါ့မှာ အဖြေရှိတယ်။"
ရုတ်တရက် အာဒမ်၏အသံမှာ အခန်းအတွင်း ပဲ့တင်ထပ်သွားသဖြင့် အားလုံး၏ ခေါင်းများမှာ သူ့ဆီသို့ တစ်ပြိုင်နက်တည်း လှည့်လာကြသည်။ သူတို့၏ မျက်နှာများတွင် အံ့သြခြင်း၊ မယုံကြည်နိုင်ခြင်းများနှင့်အတူ ကြီးမားသော မျှော်လင့်ချက်များလည်း ပေါ်ပေါက်လာသည်။
အာဒမ်နှင့် အနီးဆုံးတွင် ထိုင်နေသော မှော်ဆရာအီမိုရီသည် အံ့အားသင့်စွာဖြင့် သူ့ကို စိုက်ကြည့်ကာ - "ဘာ... ဘာ? မှော်ဆရာအာဒမ်၊ မင်း ခုနက ဘာပြောလိုက်တာလဲ?!"
အာဒမ်သည် စားပွဲပေါ်သို့ ခြေထောက်နှစ်ဖက် တင်ထားကာ လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်၍ ပေါ့ပေါ့ပါးပါး ထိုင်နေရင်း ပြန်ဖြေလိုက်သည် - "မင်း ကြားတဲ့အတိုင်းပဲ။ ငါ့မှာ အဲဒီ သွေးစုပ်ကောင်အစုတ်ပလုတ် ဘယ်မှာ ပုန်းနေလဲဆိုတာ ရှာနိုင်မယ့် အစီအစဉ်ရှိတယ်။"
မြို့စားဟန်းနက်စ်သည် နေရာမှ ဒုန်းခနဲ ထရပ်လိုက်ပြီး - "မှော်ဆရာအာဒမ်... အဲဒါ တကယ်လား?!"
အာဒမ်က မျက်လုံးလှန်ပြကာ - "ငါက ဘာလို့ လိမ်ရမှာလဲ?"
မှော်ဆရာခါးလ်က တုန်ရီသောအသံဖြင့် မေးသည် - "မင်းရဲ့ အစီအစဉ်က ဘာလဲ? ငါတို့မြို့ကို ဒုက္ခပေးနေတဲ့ အဲဒီခွေးသူတောင်းစားကို ဘယ်လို ရှာမှာလဲ?"
"ရိုးရိုးလေးပဲ။" အာဒမ်၏ နှုတ်ခမ်းများက ဖြဲပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည် - "ငါကိုယ်တိုင် ငါးစာအဖြစ် ခံမယ်။"
"ငါ ငြင်းတယ်!" "လုံးဝ မဖြစ်နိုင်ဘူး!"
အက်ဒဝပ်နှင့် လီဆာတို့သည် နေရာမှ ထရပ်ကာ အာဒမ်ကို ဒေါသတကြီး စိုက်ကြည့်ကြသည်။ လီဆာကို ထားပါဦး၊ အက်ဒဝပ်ပင်လျှင် အာဒမ်က ဤကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အသေခံမည့် အစီအစဉ်မျိုး ထုတ်ဖော်ပြောကြားလိမ့်မည်ဟု မယုံနိုင်အောင် ဖြစ်နေသည်။ သူတို့နှစ်ဦးစလုံး၏ တူညီသော တုံ့ပြန်မှုကို မြင်သောအခါ အာဒမ်က စိတ်ထဲမှ တွေးလိုက်မိသည် - ‘တကယ်ကို တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်တဲ့သူတွေပဲ။’
ထို့နောက် သူသည် စားပွဲပေါ်မှ ခြေထောက်ကို ပြန်ချလိုက်ပြီး သူတို့ကို နားချရန် ကြိုးစားသည် - "စိတ်အေးအေးထားပါဦး သူငယ်ချင်းတို့။ ငါ့ကို ယုံစမ်းပါ၊ ငါ့အစီအစဉ်က အမှားအယွင်း မရှိစေရဘူး။"
အက်ဒဝပ်က နှာခေါင်းရှုံ့ကာ - "မင်းရဲ့ အစီအစဉ်က အမှားအယွင်းမရှိဘူးလို့ တွေးနေရအောင် ရူးနေတာတင် မင်းဟာ လူအ တစ်ယောက် ဖြစ်နေပြီဆိုတာ သက်သေပြနေတာပဲ။"
"ဟင်... ဘာလဲ?" အာဒမ်သည် သူငယ်ချင်းဖြစ်သူ၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။
"မင်းရဲ့ အစီအစဉ်ကို သွားလိုက်တော့!" တစ်ဖက်တွင်မူ လီဆာမှာ အလွန်အမင်း ဒေါသထွက်နေပြီး အော်ဟစ်တော့သည် - "မင်း ဘယ်လောက်တောင် အောက်တန်းကျလိုက်ရင် ငါးစာအဖြစ် ခံဖို့အထိ စဉ်းစားမိတာလဲ? ရန်သူအကြောင်း အသေးစိတ် မင်းသိလို့လား? သူ ဖန်တီးထားတဲ့ အစေခံတွေ ဘယ်နှကောင်ရှိလဲ မင်းသိလား? သူ ဘယ်လောက် စွမ်းအားကြီးလဲ မင်းသိလား? အကယ်၍ သူက အဆင့် (၂) မှော်ဆရာ (Rank 2 Magus) တစ်ယောက် ဖြစ်နေရင် မင်း ဘာလုပ်မှာလဲ?"
လီဆာ၏ မေးခွန်းတန်းကြီးက အာဒမ်၏ နားစည်ကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားသည်။ သို့သော် သူမပြောသည်မှာ လုံးဝယုတ္တိရှိကြောင်း သူ သိသည်။ ဤဆုံးဖြတ်ချက်ကို သူ မချခင်ကတည်းက ဤမေးခွန်းများအားလုံးကို သူ တွေးပြီးသားဖြစ်သည်။ အကယ်၍ သူသာ သင့်တော်သော အဖြေမရှိဘဲ ဤဆုံးဖြတ်ချက်ကို ချခဲ့မည် မဟုတ်ပေ။
ထို့ကြောင့် လူငယ်လေးသည် နေရာမှထကာ တံခါးဆီသို့ လျှောက်သွားသည်။ လမ်းတွင် သူ၏အစီအစဉ်ကြောင့် ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်သော မြို့စားကြီးကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည် - "မြို့စားဟန်းနက်စ်... ကျွန်တော်နဲ့ ကျွန်တော့်အဖွဲ့ ခဏလောက် သွားဆွေးနွေးစရာရှိလို့။ မိနစ်အနည်းငယ်အတွင်း ပြန်လာခဲ့ပါ့မယ်။"
ထို့နောက် သူသည် အက်ဒဝပ်နှင့် လီဆာတို့ကို အပြင်သို့ လိုက်ခဲ့ရန် အချက်ပြလိုက်သည်။ ကလေးများ အခန်းထဲမှ ထွက်သွားပြီးနောက် မှော်ဆရာအီမိုရီက မြို့စားကို ကြောင်တောင်တောင်ဖြင့် မေးသည် - "ကျွန်တော် ကြားတာ မှန်ရဲ့လား? သူ ငါးစာအဖြစ် ခံမယ်လို့ ပြောလိုက်တာလား?"
အခြားတစ်ဖက်တွင်မူ မှော်ဆရာခါးလ်၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်။ သူသည် အာဒမ်၏ အနစ်နာခံလိုစိတ်နှင့် တာဝန်သိစိတ်အပေါ် အလွန်ပင် စိတ်လှုပ်ရှားသွားခြင်းဖြစ်သည် - "ဪ... ငါ သူ့ကို အထင်မှားခဲ့တာပဲ။ သူက ငွေမက်တဲ့ မြေခွေးအိုကြီးလို့ ငါထင်ခဲ့တာ။" သူသည် နှာရည်များကို တရှုံ့ရှုံ့ ဆွဲသွင်းရင်း - "သူက ဒီလောက်တောင် ကိုယ်ကျိုးမငဲ့တဲ့သူ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ!"
မြို့စားဟန်းနက်စ်ကတော့ ထိုနှစ်ယောက်ကို လုံးဝဂရုမစိုက်ပေ။ သူသည် အံ့သြတုန်လှုပ်နေဆဲပင် - ‘ဒီကလေး... ဒီမြို့သား မဟုတ်တဲ့ အပြင်လူတစ်ယောက်က မြို့ခံတွေရဲ့ ဘေးကင်းရေးအတွက် သူ့အသက်ကို ရင်းချင်နေတာလား...’ မြို့စားကြီးမှာ အလွန်ပင် စိတ်ဒွိဟ ဖြစ်နေရသည်။ တစ်ဖက်တွင်မူ အာဒမ်ကို အန္တရာယ်မဖြစ်စေချင်သော်လည်း၊ အခြားတစ်ဖက်တွင်မူ ဤအစီအစဉ်သာ အောင်မြင်လျှင် သွေးစုပ်ဖုတ်ကောင်၏ ပုန်းအောင်းရာကို ရှာတွေ့နိုင်မည် ဖြစ်သည်။ ဤကဲ့သို့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင် သူ ဘာလုပ်ရမှန်း မသိဖြစ်နေ၏။
ရုတ်တရက် အခန်းတံခါး ပွင့်သွားပြီး ကလေးသုံးဦး ပြန်ဝင်လာကြသည်။ မြို့စားကြီးသည် အာရုံပြန်စုကာ သူတို့ကို ကြည့်လိုက်သည်။ သို့သော် သူ အံ့သြသွားရပြန်သည်မှာ... စောစောက ဒေါသတကြီး ထွက်သွားကြသော လီဆာနှင့် အက်ဒဝပ်တို့မှာ ယခုအခါ အလွန်ပင် တည်ငြိမ်နေကြခြင်း ဖြစ်သည်။ အမှန်တကယ်တော့ သူတို့ပုံစံမှာ အကောင်းမြင်စိတ်များပင် ပြည့်နှက်နေသယောင် ရှိသည်။
‘သူတို့ ဘာတွေ ပြောခဲ့ကြတာလဲ?’ မြို့စားကြီး မတွေးဘဲ မနေနိုင်တော့ပေ။
အက်ဒဝပ်နှင့် လီဆာတို့ နေရာတွင် ပြန်ထိုင်ပြီးနောက် အာဒမ်သည် စားပွဲရှည်ကြီး၏ တစ်ဖက်စွန်း မြို့စားကြီးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူ၏ လက်ချောင်းများကို ယှက်ကာ မေးတင်လိုက်ပြီးနောက် နှုတ်ခမ်းများက ပြုံးယောင်သန်းလျက်...
"ကဲ... အစီအစဉ်က ဒီလိုရှိတယ်။"