အာဒမ်သည် သူ၏ရှေ့ရှိ စားပွဲပေါ်တွင် ကြိတ်ချေထားသော တောက်လောင်ခရစ္စတယ် (Blazing crystals) မှုန့်များကို ဂရုတစိုက် တင်လိုက်သည်။ ၎င်းမှာ ပေါက်ကွဲစေတတ်သော ဆေးရည် ထုတ်လုပ်ရာတွင် အရေးကြီးဆုံး အဆင့်ဖြစ်သည်။ အမှုန့်များကို စားပွဲပေါ်တင်ပြီးနောက် လူငယ်လေးသည် ၎င်းတို့အတွင်းသို့ မှော်စွမ်းအင်များကို သတိကြီးစွာဖြင့် ထည့်သွင်းလိုက်သည်။ ဤလုပ်ငန်းစဉ်သည် မှော်စွမ်းအင်ပမာဏ ထိန်းချုပ်မှု အလွန်တိကျရန် လိုအပ်၏။ အကယ်၍ မှော်စွမ်းအင်ထည့်သွင်းမှု နည်းလွန်းပါက ခရစ္စတယ်မှုန့်များသည် အာနိသင် ကုန်ဆုံးသွားလိမ့်မည်။ အခြားတစ်ဖက်တွင်မူ မှော်စွမ်းအင် အနည်းငယ်မျှ ပိုသွားသည်နှင့် အမှုန့်များသည် ချက်ချင်း မီးတောက်သွားမည် ဖြစ်သည်။ အာဒမ်အတွက်မူ ပြင်းထန်သော ပေါက်ကွဲမှုကြီး၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။
၎င်းမှာ အန္တရာယ်ရှိသည်ဟု ဆိုရုံနှင့်ပင် မလုံလောက်ပေ။ သို့သော် ဤမျှ ဘေးရှိသော ဆေးရည်ကို ဖော်စပ်နေသော်လည်း အာဒမ်၏ မျက်နှာမှာ တည်ငြိမ်နေ၏။ သူရရှိထားသော ပညာရှင်ကြီး၏ အမှတ်သညာနှင့် အတွေ့အကြုံများကြောင့် ယနေ့ကဲ့သို့ အဆင့်အတန်းတစ်ခုသို့ ရောက်ရန် လမ်းလွဲများစွာ လျှောက်စရာမလိုခဲ့ပေ။ ထို့ပြင် သူ၏ ကိုယ်ပိုင်လက်ရာနှင့် အဆက်မပြတ် လေ့ကျင့်မှုများကလည်း သူ့ကို များစွာ အထောက်အကူပြုသည်။
မှော်စွမ်းအင်ထည့်သွင်းပြီးနောက် သူသည် ထိုအမှုန့်အားလုံးကို ဘေးရှိ အိုးကြီး (Cauldron) ထဲသို့ ထည့်လိုက်သည်။ အိုးထဲတွင် ခရမ်းရောင်အရည်များ ဆူပွက်နေပြီး အငွေ့များ ထွက်နေ၏။ တောက်လောင်ခရစ္စတယ်မှုန့်များ ထိုအရည်နှင့် ထိတွေ့သွားသောအခါ အရောင်မှာ တဖြည်းဖြည်းချင်း လိမ္မော်ရောင်သို့ ပြောင်းလဲသွားသည်။ အာဒမ်သည် ထိုအရည်ကို အဆက်မပြတ် မွှေပေးရင်း တစ်ဖက်မှလည်း ယောင်းမမှတစ်ဆင့် မှော်စွမ်းအင်ကို အချိန်အပိုင်းအခြားအလိုက် ထည့်သွင်းပေးနေသည်။
၁၅ မိနစ်ခန့်အကြာတွင် ဆေးရည်မှာ အဆင်သင့် ဖြစ်သွားပြီဖြစ်သည်။ လူငယ်လေးသည် အိုးအောက်မှ မီးကို ငြှိမ်းသတ်လိုက်ပြီး သက်ပြင်းချလိုက်သည် - "ဟူး... တကယ်ကို ပင်ပန်းတာပဲ!"
သူသည် နဖူးမှ ချွေးများကို တဘက်ဖြင့် သုတ်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် ပေါက်ကွဲစေတတ်သော ဆေးရည်များကို နေ့စဉ်မပြတ် ဖော်စပ်နေခဲ့ရသည်။ ၎င်းမှာ အလွန်ငြီးငွေ့စရာကောင်းသော်လည်း ရရှိလာမည့် ငွေကြေးများကို တွက်မိသောအခါ သူ အလိုလို ဖြဲပြုံးမိသွားသည်။
နောက်တစ်ခဏတွင် အာဒမ်သည် လက်ဟန်အချို့ကို အသာအယာ ပြုလုပ်လိုက်ရာ သူ၏ ပတ်ဝန်းကျင် လေထုထဲ၌ သေးငယ်သော မှော်အသိုင်းအဝိုင်း ဒါဇင်နှင့်ချီ၍ ပေါ်ပေါက်လာသည်။ ထိုမှော်အသိုင်းအဝိုင်း တစ်ခုချင်းစီမှ ဝိညာဉ်လက်ဝါးတစ်ခုစီ ထွက်ပေါ်လာတော့သည်။
အဆင့် ၁ မှော်ပညာ - မှော်ဆရာ၏လက်!
အာဒမ် လက်ဖျောက်တစ်ချက် တီးလိုက်ရာ မမြင်ရရုံတမယ်ဖြစ်သော လက်များမှာ နံရံရှိ စင်ပေါ်သို့ ပျံသန်းသွားပြီး အိုးခွံများကို ညင်သာစွာ ယူဆောင်လာကြသည်။ ထို့နောက် ထိုလက်များသည် အိုးခွံများကို ဆေးအိုးကြီး၏ အနားတွင် စနစ်တကျ စီထားလိုက်ကြသည်။ အခြားလက်တစ်ဖက်ကမူ ယောင်းမကို ကိုင်ကာ ဆေးရည်များကို အိုးခွံများထဲသို့ လောင်းထည့်ပေးနေသည်။ ထိုလက်များက သူ့အတွက် အလုပ်အားလုံး လုပ်ပေးနေသည်ကို ကြည့်ကာ အာဒမ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် - "တကယ့်ကို အသုံးဝင်တဲ့ မှော်ပဲ!"
‘Magus Hand’ မှော်ပညာမှာ ခေါ်ယူခြင်းကျောင်းတော် (School of Summoning) မှ ဖြစ်သည်။ ၎င်းမှာ တစ်မိနစ်သာ ခံပြီး အသုံးပြုသူနှင့် ပေ ၂၀ ထက် ပိုဝေးသော နေရာသို့ မသွားနိုင်သည့်အပြင် ၈ ပေါင်ထက် ပိုလေးသော အရာများကိုလည်း မမသယ်နိုင်၊ ရန်သူကိုလည်း မတိုက်ခိုက်နိုင်ပေ။ သို့သော် ၎င်းသည် အလွန်နည်းပါးသော မှော်စွမ်းအင်ပမာဏကိုသာ သုံးစွဲသဖြင့် အထွေထွေကိစ္စများတွင် အလွန်အဆင်ပြေလှသည်။
ဆေးရည်များအားလုံး ပုလင်းထဲသို့ ထည့်ပြီးသွားသောအခါ အာဒမ်သည် ထိုလက်များကို အသုံးပြု၍ ဆေးပုလင်းများကို သေတ္တာကြီးတစ်ခုထဲသို့ ဂရုတစိုက် ထည့်ခိုင်းလိုက်သည်။ ထို့နောက် မှော်ပညာကို ရပ်ဆိုင်းလိုက်သည်။
"အေမီယာ" ဟု အာဒမ်က လှမ်းခေါ်လိုက်သည်။
နောက်တစ်ခဏတွင် ငယ်ရွယ်သော ကြေးစားစစ်သည်တစ်ဦး ဝင်လာပြီး ရိုသေစွာ နှုတ်ဆက်သည် - "ဟုတ်ကဲ့ အရှင်အာဒမ်?"
"ဒီသေတ္တာကို စီမံခန့်ခွဲရေးရုံးကို ယူသွားပြီး မြို့စားရဲ့လူတွေကို ပေးလိုက်ပါ။" အာဒမ်က သေတ္တာကို ညွှန်ပြကာ - "အော်... အန္တရာယ်ကင်းအောင် လူနှစ်ယောက်လောက် ခေါ်သွားဦးနော်။"
"အမိန့်အတိုင်းပါ အရှင်။" ကြေးစားလေးမှာ သေတ္တာကို မယူကာ ထွက်သွားတော့သည်။
သွေးစုပ်ကောင်များနှင့် ပထမဆုံး ထိပ်တိုက်တွေ့ပြီးနောက်တွင် အာဒမ်၏ ပေါက်ကွဲစေတတ်သော ဆေးရည်များသည် မည်မျှ အရေးပါကြောင်း မြို့စားကြီး သိသွားခဲ့သည်။ အစောင့်နှစ်ဦးမှာ ထိုဆေးရည်ကို သုံး၍ သွေးစုပ်ကောင်နှစ်ကောင်ကို နှိမ်နင်းနိုင်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် မြို့စားကြီးသည် အာဒမ်အား ဆေးရည်များနိုင်သမျှ များများ ဖော်စပ်ပေးရန် တောင်းဆိုခဲ့ပြီး စျေးကွက်ပေါက်စျေးထက်ပင် ပိုပေးရန် ကမ်းလှမ်းခဲ့သည်။
အာဒမ်အနေဖြင့် ဤမျှ အကျိုးအမြတ်များသော ကမ်းလှမ်းမှုကို ငြင်းပယ်စရာ အကြောင်းမရှိပေ။ သူသည် အစောင့်များ၏ အသက်ကို ကယ်တင်ရန်အတွက်ပင် ဤဆေးများကို ဖော်စပ်ပေးမည်ဖြစ်သော်လည်း ငွေအပိုရခြင်းက ပို၍ပင် ကောင်းလှသည် မဟုတ်ပါလား။ အာဒမ်သည် ရလာမည့် ငွေများကို တွက်ချက်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည် - "ဒီသေတ္တာထဲမှာ ဆေးပုလင်း ၃၀ ပါတယ်၊ တစ်ပုလင်းကို ရွှေဒင်္ဂါး ၁၆ ပြားနဲ့ ရောင်းတာ။ အင်း... ဒါနဲ့ဆိုရင် မြို့စားဆီ ပို့တာ ခြောက်သေတ္တာမြောက် ရှိပြီ။ ဆိုတော့ စုစုပေါင်းက..."
အဖြေထွက်လာသောအခါ သူ ကျယ်လောင်စွာ ရယ်မောလိုက်တော့သည် - "ဟီးဟီးဟီး! ရွှေဒင်္ဂါး သုံးထောင်နီးပါးပဲ! ဒါ ငါ လမင်းမြို့တော်မှာတုန်းကတောင် တစ်ခါမှ မရဖူးတဲ့ ပမာဏပဲ။"
"ချမ်းသာပြီ! ဟားဟားဟား! ငါ ချမ်းသာပြီဟေ့!" အာဒမ်သည် ချက်ချင်းပင် ဟန်ဆောင်ပြန်ပြင်လိုက်သည် - "အဟမ်း... ဒါက မြို့ခံတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် လုပ်တာပါ။ ငါ့လို မှော်ဆရာတစ်ယောက်က စည်းစိမ်ဥစ္စာတွေနောက်ကို မလိုက်သင့်ပါဘူး၊ ဟွန်း!"
သူက ထိုသို့ ပြောနေသော်လည်း နားရွက်တက်ချိတ်မတတ် ပြုံးနေသည်ကိုတော့ မထိန်းနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်သာ သူ၏ ထိုအပြုံးကို မြင်လိုက်ရပါက ရက်ပေါင်းများစွာ အိပ်မက်ဆိုး မက်ပေလိမ့်မည်။
"ဪ... ဟုတ်သားပဲ!" ရုတ်တရက် သူ တစ်ခုခုကို သတိရကာ စားပွဲအောက်မှ အံဆွဲကို ဖွင့်လိုက်သည်။ ထိုထဲမှ လိပ်ထားသော စာရွက်တစ်ရွက်ကို ထုတ်လိုက်၏။ ၎င်းမှာ ဘာဂါ ဆီမှ ပြန်စာဖြစ်သည်။ ဘလက်ကီးက ယနေ့နံနက်ပိုင်းတွင် လာပို့ပေးခြင်း ဖြစ်သည်။ အာဒမ်၏ မျက်နှာမှာ စာပါ အကြောင်းအရာများကို ဖတ်ရင်း လေးနက်သွားသည်။
"တကယ့်ကို အဘိုးကြီးပဲ။ သူက ဒီပညာမှာ တကယ့်ကို ဆရာကြီးပါပဲ။"
သူသည် ပညာရှင်ကြီးတစ်ဦး၏ အမှတ်သညာများကို ရထားသော်လည်း အရာအားလုံးကို သိသည်ဟု မဆိုလိုပေ။ တစ်ခါတစ်ရံတွင် ပြင်ပမှ အမြင်သစ်များက အခက်အခဲများကို ကျော်ဖြတ်ရာတွင် များစွာ အထောက်အကူပြုသည်။ ပြန်စာထဲတွင် ဘာဂါက အာဒမ်၏ စမ်းသပ်မှုဆိုင်ရာ အကြံဉာဏ်များကို သူ၏နည်းလမ်းအတိုင်း ချီးကျူးထားပြီးနောက် အာဒမ် လိုချင်သည့်ရလဒ်ကို မည်သို့ ရယူနိုင်မည်ဆိုသည်ကို သူ၏ အမြင်များကို ပေးထားသည်။ လူငယ်လေးသည် မေးစေ့ကို ပွတ်ကာ အတွေးနက်သွားသည် - "အကယ်လို့ အဘိုးကြီးပြောတဲ့အတိုင်း ငါလုပ်ရင် အောင်မြင်ဖို့ အခွင့်အလမ်း ပိုများသွားလိမ့်မယ်။ ဒါပေမဲ့ အချို့နေရာတွေကိုတော့ ငါ ပြင်ဖို့ လိုဦးမ—"
ရုတ်တရက် အာဒမ်သည် လုပ်လက်စကို ရပ်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ ချက်ချင်း လှည့်လိုက်သည်။ သူ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြီး အေးစက်သော အကြည့်များအဖြစ် ပြောင်းလဲသွား၏။ နောက်တစ်ခဏတွင် သူသည် ထိုနေရာမှ ပျောက်ကွယ်သွားပြီး ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ခုန်ထွက်သွားတော့သည်။ သူသည် အနီးရှိ အဆောက်အအုံများ၏ ခေါင်မိုးများပေါ်သို့ ခုန်ကူးရင်း တစ်စုံတစ်ယောက်နောက်သို့ လိုက်လံနေခြင်း ဖြစ်သည်။
သူ၏ မျက်နှာတွင် အလွန်အမင်း ဒေါသထွက်နေသော အမူအရာ ပေါ်နေသည် - ‘ဒီကောင်တွေ အခုထိ မရပ်သေးဘူးလား!’
သူသည် အရှိန်ပြင်းပြင်းဖြင့် လိုက်လံပြီးနောက် နောက်ဆုံးတွင် စည်ကားလှသော လမ်းမကြီးတစ်ခု၏ အလယ်သို့ ခုန်ဆင်းလိုက်သည်။ လမ်းသွားလမ်းလာများမှာ သူ၏ ရုတ်တရက် ပေါ်လာမှုကြောင့် အံ့သြသွားကြသော်လည်း သူ ဂရုမစိုက်ပေ။ အာဒမ်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ သူ့ကို ချောင်းကြည့်နေသောသူကို လိုက်ရှာသော်လည်း မတွေ့တော့ပေ။
သူ ခြေရာပျောက်သွားပြီ! သူ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စိတ်ထဲမှ တွေးလိုက်သည် - ‘ခုနလေးတင် တစ်ယောက်ယောက် ငါ့ကို ချောင်းကြည့်နေတာ... ဒါပေမဲ့ အခုတော့ ပျောက်သွားပြီ။’
သူ ဤမြို့ထဲသို့ စတင်ဝင်ရောက်လာကတည်းက တစ်စုံတစ်ယောက်က သူ့ကို အမြဲ စောင့်ကြည့်နေသည်ဟု သူ ခံစားနေရသည်။ အစပိုင်းတွင် မြို့စား သို့မဟုတ် မြို့စား၏ လူများဟု ထင်ခဲ့သော်လည်း ထိုအတွေးကို သူ ချက်ချင်း ပယ်ဖျက်ခဲ့သည်။ ထို့နောက် မြို့ခံများကို ဖမ်းဆီးနေသော တရားခံများဟု ထင်ခဲ့ပြန်သော်လည်း တရားခံမှာ မသေမျိုး ဖြစ်ကြောင်း အတည်ပြုပြီးနောက် ထိုအတွေးကိုလည်း ပယ်ဖျက်လိုက်ပြန်သည်။ အဘယ်ကြောင့်ဆိုသော် သွေးစုပ်ဖုတ်ကောင် ဖြစ်ပါက နေ့ခင်းဘက်တွင် သူ့ကို လိုက်လံ ချောင်းကြည့်နေမည် မဟုတ်သောကြောင့် ဖြစ်သည်။
အာဒမ်၏ မျက်နှာမှာ ပိုမို တင်းမာလာသည် - "ဒါဆို... အဲဒါ ဘယ်သူလဲ?"