ထိုအချိန်တွင် အာဒမ်သည် ဝံပုလွေတစ်ကောင်၏ တိုက်ခိုက်မှုကို ခုခံကာကွယ်ရန် အလုပ်ရှုပ်နေသည်။ သူသည် လွန်ခဲ့သော ၁၀ မိနစ်ခန့်ကတည်းက မနားတမ်း တိုက်ခိုက်နေခဲ့ရသဖြင့် အားအင်များ ကုန်ခမ်းနေပြီဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ဦးက သူ့ကို ကူညီရန် လာနေသည်ဟု ကြားလိုက်ရသဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။ သို့သော်လည်း ထိုအသံကို ကြားလိုက်ရချိန်တွင် သူ ဇဝေဇဝါ ဖြစ်သွားရ၏။
‘ဒါ ဂျက်ဖရီ့အသံ မဟုတ်လား? သူက ဘာလို့—’
လူအများကြီးထဲမှ ဂျက်ဖရီက သူ့ကို ကူညီလိမ့်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ထားခဲ့ပေ။ ထိုအချက်က သူ့ကို နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။ သို့သော် နောက်တစ်ခဏမှာပင် သူ၏ ပုခုံးထဲသို့ မြားတစ်စင်း စိုက်ဝင်သွားချိန်တွင် သူ၏ အတွေးစများမှာ ရုတ်ခြည်း ရပ်တန့်သွားတော့သည်။ အာဒမ်မှာ အံ့သြတုန်လှုပ်မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားရ၏။
သူ အသက်ရှူရန်ပင် အချိန်မရလိုက်ဘဲ မြှားထိလိုက်သည့် ခဏမှာပင် ဝံပုလွေက အခွင့်ကောင်းယူကာ သူ၏ ဘယ်ဘက်လက်မောင်းကို အားရပါးရ ကိုက်ခဲပြီး သူ့ကို မြေပြင်ပေါ်သို့ ဖိချလိုက်တော့သည်။
“အားးးးး!!”
ဝံပုလွေ၏ အစွယ်များက သူ၏ လက်မောင်းထဲသို့ နက်ရှိုင်းစွာ နစ်ဝင်သွားပြီး အသားကို ဆွဲဖြဲပစ်တော့မည့်အလား ဖြစ်နေသဖြင့် အာဒမ်မှာ နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ ဘာမှ ပြန်မလုပ်နိုင်တော့ပေ။
တစ်ဖက်တွင်မူ ဂျက်ဖရီသည် လေးဂွထဲသို့ နောက်ထပ် မြားတစ်စင်းကို ပြန်ဖြည့်လိုက်ရင်း စိတ်ထဲမှ ကျိန်ဆဲနေမိသည်။
‘တောက်! ငါက ခေါင်းကို ချိန်ထားတာကို။’
သူသည် ဝံပုလွေအောက်တွင် ရုန်းကန်နေရသော အာဒမ်ကို ကြည့်ကာ နောက်ထပ် မြားတစ်စင်း ထပ်ပစ်ရန် တွန့်ဆုတ်နေမိသည်။ သို့သော် နောက်ဆုံးတွင်မူ သူ မပစ်ရန် ဆုံးဖြတ်လိုက်သည်။ စောစောက ပစ်လိုက်သည့် မြားမှာ အမှားအယွင်းကြောင့်ဟု အကြောင်းပြ၍ ရနိုင်သော်လည်း အာဒမ်ကို နောက်တစ်ကြိမ် ထပ်ပစ်မည်ဆိုပါက မှော်ဆရာ သုံးဦးက သူ၏ ပေါ်တင် လူသတ်ရန် ကြိုးစားမှုကို မည်သို့ တုံ့ပြန်မည်ကို သူ မသိပေ။ ဂျက်ဖရီမှာ ထိုအန္တရာယ်ကို မစွန့်စားလိုတော့ချေ။
သူသည် အာဒမ်ကို နောက်ဆုံးတစ်ချက် လှမ်းကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။'ခံပေဦးတော့... မင်းလို ဆင်းရဲသားကောင်!'
ထို့နောက် သူသည် နောက်သို့လှည့်ကာ တခြားဝံပုလွေများကိုသာ ပစ်ခတ်နေတော့သည်။
အာဒမ်မှာမူ ဆာလောင်မွတ်သိပ်နေသော ဝံပုလွေ၏ သေမင်းတမျှ ကြောက်မက်ဖွယ် ပါးစပ်ထဲမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်နေရသည်။ သို့သော် သူ မည်မျှပင် ကြိုးစားပါစေ ဤသားရဲကို မယှဉ်နိုင်ခဲ့ပေ။ သူ၏ ဘယ်ဘက်လက်မောင်းမှာ တဖြည်းဖြည်းနှင့် ထုံကျင်လာတော့သည်။ သူသည် အံကို ကြိတ်ထားရင်း မျက်ဝန်းများမှာ နီရဲလာသည်။ မသိစိတ်ဖြင့်ပင် သူ၏ မျက်ရည်များမှာ ပါးပြင်ပေါ်သို့ စီးကျလာပြီး သွေးများနှင့် ရောနှောသွားတော့သည်။
သူသည် ငယ်စဉ်ကတည်းက ကြုံတွေ့ခဲ့ရသော သူ၏ ရုန်းကန်မှုများ၊ ရေကန်ထဲရှိ အဖြူရောင်ကြာပန်းနှင့် ဆုံတွေ့ခဲ့ပုံနှင့် နောက်ဆုံးတွင် ထောင်ပေါင်းများစွာသော မှော်ဆရာများကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်သွားသော အနက်ရောင်ချပ်ဝတ်နှင့် မှော်ဆရာ၏ မြင်ကွင်းကို ပြန်လည် မြင်ယောင်လာခဲ့သည်။
အာဒမ်၏ မျက်လုံးများမှာ ပို၍ သွေးဆာသကဲ့သို့ နီမြန်းလာပြီး သူ၏ အရှိန်အဝါမှာလည်း ကြမ်းတမ်းလာတော့သည်။ သူ ရင်ထဲကနေ အော်ဟစ်လိုက်သည်မှာ—
‘အဲဒီ ရဲရင့်တဲ့ မှော်ဆရာက အစွမ်းထက်တဲ့ မှော်ဆရာ ထောင်ချီကိုတောင် တစ်ကိုယ်တည်း ယှဉ်တိုက်ခဲ့တာ။ ငါကတော့ သာမန် သားရဲတစ်ကောင်ကိုတောင် မယှဉ်နိုင်ဘူးလား?! ငါ ဒီနေရာမှာ မသေနိုင်ဘူး! ငါ မှော်ဆရာတောင် မဖြစ်ရသေးဘူး! ငါ မသေဘူး!’
သူ့အတွင်းမှ တောက်လောင်လာသော မီးလျှံတစ်ခုကြောင့် သူကိုယ်တိုင်ပင် မသိခဲ့သော ခွန်အားများ စုစည်းလာခဲ့သည်။ သူ၏ ဘယ်ဘက်ပုခုံးတွင် စိုက်နေသော မြားတံကို ကြည့်ကာ အတင်းဆွဲနှုတ်လိုက်တော့သည်!
“အားးးးးး!!”
သူသည် သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ရင်း မြားတံကို တင်းတင်းဆုပ်ကိုင်ကာ ဝံပုလွေ၏ မျက်လုံးထဲသို့ ထိုးစိုက်လိုက်သည်။ ချက်ချင်းပင် ဝံပုလွေမှာ အာဒမ်၏ လက်မောင်းကို လွှတ်လိုက်ပြီး နာကျင်စွာဖြင့် ညည်းညူတော့သည်။ ၎င်းက ထွက်ပြေးရန် ကြိုးစားသော်လည်း အာဒမ်ကမူ စပါးအုန်းမြွေကဲ့သို့ သူ၏ ခြေထောက်များဖြင့် ဝံပုလွေ၏ လည်ပင်းကို အတင်းညှစ်ထားပြီးသား ဖြစ်သည်။ ထို့နောက် သူသည် ဝံပုလွေ၏ မျက်လုံးထဲရှိ မြားတံအပေါ်မှ သူ၏ ညာဘက်လက်သီးဖြင့် ထုနှက်လိုက်လေသည်။
ဘုန်း!
မြှားတံမှာဝံပုလွေ၏ ဦးခေါင်းခွံကို ဖောက်ဝင်ကာ ဦးနှောက်ထဲအထိ စိုက်ဝင်သွားသည်။ ဝံပုလွေ လုံးဝ မလှုပ်နိုင်တော့သည့်အထိ အာဒမ်သည် လက်သီးဖြင့် အဆက်မပြတ် ထုနှက်နေခဲ့သည်။ သားရဲ သေဆုံးသွားသည် သေချာမှသာ အာဒမ်သည် တစ်ကိုယ်လုံး အားအင်ကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။ ဝံပုလွေအလောင်းကို အပေါ်က ဖိလျက်သားဖြင့် သူ မြေပြင်ပေါ်တွင် ပက်လက်လှန် လဲကျသွားတော့သည်။
ခဏအကြာတွင် သူသည် အလောင်းကို အနိုင်နိုင် ဖယ်ရှားလိုက်ပြီး မတ်တပ်ရပ်ရန် ကြိုးစားလိုက်သည်။ ဝံပုလွေက အတင်းကိုက်ခဲထားသဖြင့် သူ၏ ဘယ်ဘက်လက်မောင်းမှာ ကြည့်မကောင်းလောက်အောင် စုတ်ပြတ်နေပြီ ဖြစ်သည်။ သွေးများဖြင့် ရွဲနစ်နေသော သူ၏ ပုံစံမှာ ငရဲမှ တက်လာသော မိစ္ဆာတစ်ကောင်နှင့်ပင် တူနေတော့သည်။ သူ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ အခြားသူများကို ကူညီပေးနေသော ဂျက်ဖရီကို တွေ့လိုက်ရသည်။
“မင်းကို ငါသတ်မယ်!”
အာဒမ်သည် ဟိန်းဟောက်လိုက်ရင်း ဂျက်ဖရီထံသို့ တဖြည်းဖြည်း လျှောက်သွားတော့သည်။ သူ၏ တစ်ကိုယ်လုံးတွင် ယခင်က မရှိဖူးသော သွေးဆာမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ယခင်က ကလေးများ၏ ရန်စမှုများကို အလေးအနက် မထားခဲ့ဖူးချေ။ သို့သော် သူ အလွန်ပင် ရိုးအခဲ့ကြောင်း အခုမှ နားလည်လိုက်သည်။ မိမိက သူတစ်ပါးကို မသတ်လိုသော်လည်း သူတစ်ပါးက မိမိကို သတ်မည်မဟုတ်ဟု မဆိုနိုင်ပေ။ထိုကဲ့သို့ သေးနုပ်သော အကြောင်းပြချက်လေးဖြင့် ဂျက်ဖရီက သူ့ကို သတ်ရန် ကြိုးစားခဲ့သည်ကို သူ မယုံနိုင်အောင် ဖြစ်နေရသည်။
ဂျက်ဖရီသည် အာဒမ်ကို မြင်လိုက်ရသည့် ခဏမှာပင် ခြေထောက်များ ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သွေးသံရဲရဲနှင့် လူသတ်လိုစိတ်အပြည့်ဖြင့် လျှောက်လာသော အာဒမ်၏ ပုံစံကြောင့် သူ တုန်လှုပ်ချောက်ချားသွားရသည်။
‘သူ အသက်ရှင်နေသေးတယ်!’ ဂျက်ဖရီမှာ မယုံနိုင်အောင် ဖြစ်နေသည်။အာဒမ်သည် ဝံပုလွေ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။
ဂျက်ဖရီသည် တုန်ရီနေသော လက်များကို မြှောက်ကာ တောင်းပန်လိုက်သည်။ “အာဒမ်... ခဏ... ခဏလေး! အဲဒါက အမှားတစ်ခုပါ၊ ငါ... ငါ ကတိပေးပါတယ်!”
အာဒမ်က ဘာကိုမျှ နားမထောင်တော့ချေ။ သူသည် လက်ထဲမှ ကျိုးပဲ့နေသော ဓားကို ကိုင်ကာ ဂျက်ဖရီထံသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ သူ၏ ဓားမှာ စောစောက တိုက်ပွဲပြင်းထန်မှုကြောင့် ကျိုးသွားခဲ့ပြီ ဖြစ်သည်။ သူသည် ဂျက်ဖရီနှင့် မီတာအနည်းငယ်အကွာသို့ ရောက်ရှိချိန်မှာပင် တောက်ပသော ပြာလွင်သည့် မျက်လုံးနှင့် ဝတ်ရုံစိမ်းနှင့် လူငယ်မှာ သူတို့နှစ်ဦးကြားသို့ ရုတ်တရက် ပေါ်လာလေသည်။
မျက်လုံးပြာနှင့်လူသည် ပထမဦးစွာ ဂျက်ဖရီကို ကြည့်လိုက်ရာ ဂျက်ဖရီမှာ ကြောက်လန့်တကြား တုန်ယင်သွားတော့သည်။ ထို့နောက် သူသည် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း သူ့ရှိနေခြင်းကိုပင် ဂရုမစိုက်ဟန်ရှိသော အာဒမ်ကို လှမ်းကြည့်လိုက်သည်။
“အခုက မင်းတို့ရဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းရမယ့် အချိန်လည်း မဟုတ်သလို နေရာလည်း မဟုတ်ဘူး” ဟု သူက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ သူက—” အာဒမ်က ကန့်ကွက်ရန် ကြိုးစားသည်။
“ဒီနေရာ မဟုတ်ဘူးလို့ ငါ ပြောပြီးပြီ” ထိုသူက ပို၍ ပြတ်သားသော လေသံဖြင့် ကြားဖြတ်ပြောလိုက်သည်။
ထိုအရာကို မြင်လိုက်ရသောအခါ ဂျက်ဖရီမှာ စိတ်သက်သာရာ ရသွားပြီး တိုင်တန်းလေတော့သည်။ “ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ဆရာသာ မရှိရင် ကျွန်တော်တော့—”
“ပါးစပ်ပိတ်ထားစမ်း” မျက်လုံးပြာနှင့်လူက ဂျက်ဖရီကို အေးစက်စွာ ပြောလိုက်သည်။ “မင်း ဘာလုပ်ခဲ့သလဲဆိုတာ ငါ မသိဘူးလို့ မထင်နဲ့။”
‘သွားပြီ!’ ဂျက်ဖရီသည် တံတွေးကို ဂလုခနဲ မြိုချလိုက်ကာ ထိုသူနှင့် မျက်လုံးချင်း မဆုံရဲဘဲ ခေါင်းငုံ့ထားလိုက်ရသည်။
နောက်ထပ် လူနှစ်ဦး (အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး) သည်လည်း ဘယ်ကမှန်းမသိ ပေါ်လာပြီး မျက်လုံးပြာနှင့်လူ၏ ဘေးတွင် ရပ်လိုက်ကြသည်။ သူတို့ သုံးဦးစလုံးမှာ တူညီသော ဝတ်ရုံစိမ်းများကို ဝတ်ဆင်ထားကြပြီး ရင်ဘတ်အလယ်တွင် ကလိုဗာရွက်လေးရွက် ပုံစံ အမှတ်တံဆိပ် ပါရှိသည်။
အမျိုးသားဖြစ်သူက အဝေးသို့ လှမ်းကြည့်လိုက်ရာ အခြားဝံပုလွေများထက် အနည်းငယ် ကြီးမားသော နိုက်ဝုဖ်တစ်ကောင်ကို မြင်လိုက်သဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ “အဆင့် (၂) မှော်သားရဲအဖြစ် အဆင့်တက်ခါနီးနေတဲ့ ပုံပဲ။”
“ဒါကြောင့်လည်း ဒီလောက်များတဲ့ ဝံပုလွေတွေကို ထိန်းချုပ်နိုင်တာပေါ့” ဟု မျက်လုံးပြာနှင့်လူက ပြန်ဖြေသည်။
“ငါတို့ မှော်အတတ်တွေ ပေါင်းပြီး ဒါကို မြန်မြန် ဇာတ်သိမ်းလိုက်ကြရအောင်” ဟု အမျိုးသမီးက ပြတ်သားစွာ ပြောလိုက်သည်။
ထို့နောက် မှော်ဆရာသုံးဦးစလုံးသည် ခုန်ပျံလိုက်ကြပြီး သစ်သားလှည်း ခံစစ်ကြောင်း၏ အပြင်ဘက်သို့ ဆင်းသက်လိုက်ကြသည်။ ပတ်ဝန်းကျင်ရှိ ဝံပုလွေများသည်လည်း ကြီးမားလှသော အန္တရာယ်ကို ခံစားမိသဖြင့် ၎င်းတို့နှင့် အလိုအလျောက်ပင် အကွာအဝေးတစ်ခုသို့ ဆုတ်ခွာသွားကြတော့သည်။
“ကဲ... ငါတို့ အလုပ်စရအောင်။” မျက်လုံးပြာနှင့်လူက သူ၏ လက်ချောင်းများကို ချိုးကာ ပြင်ဆင်လိုက်လေတော့သည်။