ဆာလောင်မွတ်သိပ်နေသော ဝံပုလွေများသည်သူတို့၏ ပါးစပ်ကြီးများကို ဖြဲကာ ချွန်ထက်သော အစွယ်များကို ထုတ်ပြရင်း ခရီးသွားအဖွဲ့ထံသို့ ပြေးဝင်လာကြသည်။ ၎င်းတို့သည် မီတာ ၃၀ အကွာအဝေးသို့ ရောက်ရှိလာချိန်တွင် ထိပ်ပြောင်ပြောင် ကြေးစားခေါင်းဆောင်က
“ပစ်ကြဟေ့!”
ကြေးစားစစ်သည်များထံမှ မြားပေါင်း ဒါဇင်နှင့်ချီ၍ ပြေးဝင်လာသော ဝံပုလွေအုပ်ထံသို့ ပျံနှံ့သွားတော့သည်။ ရှေ့ဆုံးမှ ဝံပုလွေများသည် မြားဒဏ်ရာများကြောင့် ချက်ချင်းပင် လဲကျသွားကြပြီး နောက်မှလိုက်ပါလာသော ၎င်းတို့၏ အပေါင်းအဖော်များ၏ နင်းခြေမှုကြောင့် မကြာမီမှာပင် အသက်ပျောက်သွားကြရသည်။ ဝံပုလွေများ ၁၅ မီတာအကွာသို့ ရောက်ရှိလာချိန်တွင် နောက်ထပ် မြားတစ်သုတ် ပစ်ခတ်လိုက်ပြန်ရာ ဝံပုလွေ ဒါဇင်ကျော် ထပ်မံသေဆုံးသွားပြန်သည်။
“ငါနဲ့အတူ တိုက်ကြစမ်း!” ကြေးစားခေါင်းဆောင်သည် သူ၏ လှံကို ဝှေ့ယမ်းရင်း ရဲရဲဝံ့ဝံ့ အော်ဟစ်လိုက်သည်။ သူ၏နောက်မှ ကြေးစားစစ်သည်များသည်လည်း လက်နက်များကို အသင့်ပြင်ကာ ဝံပုလွေများ ရောက်လာမည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေကြ၏။
နောက်တစ်ခဏတွင် ဝံပုလွေများသည် သစ်သားလှည်းများကို အရှိန်ဖြင့် ဝင်တိုက်မိကြတော့သည်။ လှည်းများကြားတွင် သော်လည်းကောင်း၊ လှည်းအပေါ်တွင် သော်လည်းကောင်း ရပ်နေကြသော ကြေးစားစစ်သည်များက စတင်တိုက်ခိုက်ကြလေပြီ။ ရက်စက်ကြမ်းကြုတ်လှသော သွေးချောင်းစီးပွဲကြီး ဖြစ်ပွားလာတော့သည်။ ဝံပုလွေများ သေဆုံးသွားတိုင်း ၎င်းတို့၏ အူသံများမှာ ရံဖန်ရံခါ ထွက်ပေါ်နေသည်။ ဝံပုလွေအချို့မှာ အစုခွဲကာ စခန်းကို ဝိုင်းရံရန် ကြိုးစားသော်လည်း လှည်းများနောက်တွင် စောင့်ကြပ်နေသော ကြေးစားစစ်သည်များက တားဆီးထားနိုင်ခဲ့သည်။
ဆဲဆိုသံများ၊ အော်ဟစ်သံများနှင့် ဝံပုလွေအူသံများ ရောယှက်နေသည့်အပြင် သွေးသံရဲရဲ မြင်ကွင်းကြောင့် စခန်းအလယ်တွင် ရှိနေသော ကလေးငယ်များမှာ ကျောချမ်းနေကြရသည်။ အာဒမ်ကိုယ်တိုင်ပင်လျှင် သူ၏လက်များ တုန်ယင်နေခြင်းကို မရပ်တန့်နိုင်ပေ။ သူသည် ဤကဲ့သို့ သွေးသံရဲရဲ မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူ၏ ဇာတိမြို့တွင်ပင် ဤမျှ ကြမ်းတမ်းသည့်အရာမျိုးနှင့် မဆုံခဲ့ဖူးပေ။ သူ အများဆုံး လုပ်ဖူးသည်မှာ မြို့ပြင်တွင် တောဝက်တစ်ကောင်ကို သတ်ဖူးခြင်းသာ ရှိသည်။ သို့သော် ဤဝံပုလွေအုပ်ကမူ သူ့ကို လုံးဝ ထိတ်လန့်သွားစေသည်။
သူသည် မျက်လုံးများကို မှိတ်ကာ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တုန်လှုပ်နေသော စိတ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ခဏအကြာတွင် သူ မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူ၏ မျက်ဝန်းများတွင် ပြတ်သားသော သန္နိဋ္ဌာန်များဖြင့် တောက်ပနေလေပြီ။
‘တားအဆီးကို ဖောက်ထွက်လာတဲ့ ဘယ်ကောင်ကိုမဆို ငါ သတ်ပစ်မယ်!’ သူ ရင်ထဲမှ အော်ဟစ်လိုက်သည်။ သူသည် ကြေးစားစစ်သည်များနှင့်အတူ တိုက်ရိုက်သွားရောက် ပူးပေါင်းရလောက်အောင် သွေးဆူနေသူ သို့မဟုတ် အသိဉာဏ်ကင်းမဲ့သူ မဟုတ်ချေ။ သူသည် ဘေးကင်းသော နေရာတွင်သာ စောင့်ဆိုင်းနေပြီး ဝံပုလွေများ သူ့ထံသို့ ရောက်ရှိလာမှသာ တိုက်ခိုက်မည် ဖြစ်သည်။
ကြေးစားစစ်သည်များ၏ ခံစစ် ပျက်စီးသွားရန်မှာလည်း အချိန်အတော်ကြာ မစောင့်လိုက်ရ။ တိုက်ပွဲစတင်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် လူငယ်ကြေးစားစစ်သည်တစ်ဦးမှာ ဝံပုလွေများ၏ အရှင်လတ်လတ် စားသောက်ခြင်းကို ခံလိုက်ရသည်။ ပြင်းထန်စွာ ဒဏ်ရာရထားသော ဝံပုလွေတစ်ကောင်သည် ခံစစ်ကြောင်းကို ဖောက်ထွက်နိုင်ခဲ့ပြီး အလယ်တွင်ရှိသော ကလေးများထံသို့ ပြေးဝင်လာခဲ့သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကလေးအများစုမှာ ထိတ်လန့်တုန်လှုပ်ကာ ကြောင်အသွားကြသည်။ အထူးသဖြင့် အာဒမ်၏ အနီးအနားရှိ ကလေးများပင် ဖြစ်သည်။ အကြောင်းမှာ ဝံပုလွေသည် သူတို့ရှိရာဘက်သို့ ဦးတည်လာသောကြောင့်ပင်!
အရေးကြီးသော အချိန်တွင် အာဒမ်သည် နောက်သို့ဆုတ်မည့်အစား ဝံပုလွေထံသို့ ဗီဇအရ အဟုန်ပြင်းပြင်း ပြေးဝင်သွားတော့သည်။ သူသည် ကြမ်းတမ်းသော သားရဲနှင့် နီးကပ်လာသည်နှင့်အမျှ သူ၏ နှလုံးခုန်သံမှာလည်း ပြင်းထန်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဓားကို မြှောက်လိုက်ကာ ဝံပုလွေဘေးမှ ဖြတ်ပြေးရင်း အလျားလိုက် ခုတ်ချလိုက်သည်။ ဝံပုလွေသည် ရုတ်တရက် ရပ်တန့်သွားပြီးနောက် တစ်ခဏချင်းမှာပင် ၎င်း၏ ခန္ဓာကိုယ်ဘေးမှ သွေးများ ပန်းထွက်လာတော့သည်။
အာဒမ်၏ ဓားချက်မှာ ဝံပုလွေ၏ လည်ပင်းမှစ၍ ခါးအထိ တစ်ဆက်တည်း ပြတ်ရှသွားခဲ့ခြင်းပင်! ထို့နောက် ဝံပုလွေသည် အားပျော့စွာ လဲကျသွားသည်။ စက္ကန့်အနည်းငယ်မျှ ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် သေဆုံးသွားလေတော့သည်။
“ငါ... ငါ လုပ်နိုင်ခဲ့ပြီ!” အာဒမ်သည် အသက်ကို အလုအယက် ရှူရင်း မယုံနိုင်စွာ ရေရွတ်မိသည်။ သွေးကြောထဲတွင် တက်ကြွမှုများ စီးဆင်းနေသဖြင့် သူသည် ကမ္ဘာကြီးကို အနိုင်ယူလိုက်နိုင်သလို ခံစားနေရသည်။ မိမိကိုယ်ကိုယ် မည်သူမျှ မယှဉ်နိုင်တော့ဟုပင် ထင်မှတ်နေမိသည်။ ခဏမျှအတွင်း သူသည် ကြေးစားစစ်သည်များနှင့် ပူးပေါင်းကာ တိုက်ခိုက်လိုသော စိတ်ဆန္ဒများ ပေါ်ပေါက်လာသော်လည်း မကြာမီမှာပင် ခေါင်းခါယမ်းလိုက်ပြီး မောက်မာသည့် အတွေးများကို ဖယ်ထုတ်လိုက်သည်။ သူသည် စခန်းအလယ်သို့ အမြန်ဆုံး ဆုတ်ခွာလာပြီး တိုက်ပွဲဝင်ရန် အနေအထားကို ပြန်လည်ယူလိုက်သည်။
ထိုအချိန်မှသာ သူ၏ ပတ်ဝန်းကျင်ရှိ ကလေးများသည် စောစောက ဖြစ်ပျက်သွားသည်ကို သတိဝင်လာကြသည်။
“ဘုရားရေ!”
“နင် မြင်လိုက်လား?!”
“သူ... သူ... သူ တကယ်ကြီး သတ်လိုက်တာဟ!”
ကလေးများသည် မယုံနိုင်စွာ အံဩတကြီးအော်ဟစ်နေကြသည်။ အချို့က သူ့ကို အထင်ကြီးလေးစားသော မျက်လုံးများဖြင့် ကြည့်ကြသော်လည်း အများစုမှာမူ မနာလိုစိတ်များသာ ဝင်နေကြသည်။ သာမန်အရပ်သားတစ်ဦးထက် နိမ့်ကျသွားသည်ကို သိလိုက်ရသဖြင့် မိမိကိုယ်ကိုယ် ရှက်ရွံ့နေကြခြင်း ဖြစ်သည်။ သို့သော်လည်း အာဒမ်က ဝံပုလွေကို သတ်လိုက်ခြင်းက ကလေးများ၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သလို ဖြစ်သွားပြီး ၎င်းတို့သည်လည်း ကျရောက်လာမည့် ဝံပုလွေတိုက်ခိုက်မှုများအတွက် အသင့်ပြင်လိုက်ကြတော့သည်။ ဤကလေးများသည် မှော်ဆရာ ဖြစ်လာနိုင်သည့် ပါရမီရှင်များဖြစ်သဖြင့် မွေးရာပါ မာနကြီးကြသူများဖြကြစ်သည်။သူတစ်ပါးက သူတို့ကို ကျော်တက်သွားသည်ကို မည်သို့ ခွင့်ပြုနိုင်ပါ့မလဲ။
ဖြစ်ပျက်သမျှကို မြင်တွေ့ခဲ့ရသော ဂျက်ဖရီမှာမူ အံ့သြတုန်လှုပ်လျက် တန့်နေဆဲပင်။ ငါသာ အာဒမ်နေရာမှာဆိုရင် ဒီအခြေအနေကနေ အသက်ရှင်ပါ့မလား? ငါရော ကြောက်စိတ်ကို အနိုင်ယူပြီး ဝံပုလွေဆီကို ပြေးသွားနိုင်ပါ့မလား?' ဟု သူ တွေးနေမိသည်။ အဖြေမှာ ရှင်းနေပါသည်၊ သူ မလုပ်နိုင်ချေ။
ခေတ္တမျှ သူသည် အာဒမ်ကို ဒုက္ခပေးရန် အစီအစဉ်ကို တွန့်ဆုတ်သွားမိသည်။ သို့သော် သူ၏ စွဲမြဲနေသော ထောင်လွှားမှုနှင့် မာနက သူ၏ ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားပြန်သည်။ သူ၏ မျက်နှာမှာ ကြည့်မကောင်းအောင် ဖြစ်သွားတော့သည်။
‘ဒီကောင်စုတ်က ငါ့ကို လုပ်ခဲ့တာတွေအတွက် သေကို သေသင့်တယ်! ငါ့ပိုက်ဆံတွေကို ခိုးသွားရုံတင်မကဘူး၊ တခြားသူတွေရှေ့မှာငါ့ကို ရိုက်နှက်ခဲ့သေးတယ်။ ငါ့အဖေတောင် ငါ့ကို လက်နဲ့ မတို့ဖူးဘူး! ဒီဆင်းရဲသားကောင်က ဒီလောက်အထိ ရဲတင်းရတယ်လို့! ခွင့်မလွှတ်နိုင်ဘူး!’
ဂျက်ဖရီသည် ဤသားရဲတိုက်ခိုက်မှုအတွင်းမှာပင် အာဒမ်ကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။ အကယ်၍ သူ အာဒမ်ကို မသတ်နိုင်ခဲ့လျှင်တောင် အာဒမ်၏ ဘဝတစ်ခုလုံး မှော်ဆရာ မဖြစ်နိုင်တော့အောင် အပြင်းအထန် ဒဏ်ရာရအောင် လုပ်မည်ဟု ကြံစည်လိုက်သည်။
ခံစစ်ကြောင်းရှိ ကြေးစားစစ်သည်များမှာ ဆာလောင်နေသော ဝံပုလွေများ၏ တိုက်ခိုက်မှုကြောင့် တစ်ဦးပြီးတစ်ဦး သေဆုံးနေကြရသည်။ ထို့ကြောင့် ဝံပုလွေများစွာမှာ လှည်းအကာအကွယ်များကို ဖောက်ထွက်ကာ ကလေးများကို တိုက်ခိုက်လာကြတော့သည်။ ကလေးများထဲတွင်ပင် သေဆုံးသူ နှစ်ဦးရှိလာသော်လည်း မှော်ဆရာများမှာမူ လှုပ်ရှားမှု မရှိသေးပေ။ ကလေးများနှင့် ကြေးစားစစ်သည်များမှာ အလွန်အမင်း စိုးရိမ်ပူပန်လာကြသည်။
အာဒမ်သည် သူ၏လမ်းတွင် ပေါ်လာသော မည်သည့်ဝံပုလွေကိုမဆို ဓားဖြင့် အဆက်မပြတ် ခုတ်ပိုင်းနေသည်။ အပေါ်မှ ခုတ်ချခြင်း၊ ဘေးတိုက်ခုတ်ခြင်း၊ ထိုးစိုက်ခြင်း စသည်ဖြင့် သူ တတ်သမျှ တိုက်ကွက်များကို အကုန်သုံး၍ တိုက်ခိုက်နေ၏။ သူ၏ ခြေဆုံးခေါင်းဆုံးမှာ သွေးများဖြင့် ရွဲနစ်နေလေပြီ။ အချို့မှာ သူ၏ သွေးများဖြစ်သော်လည်း အများစုမှာ ဝံပုလွေများ၏ သွေးများဖြစ်သည်။ သူသည် ရူးသွပ်နေသူတစ်ဦးကဲ့သို့ ဓားကို အဆက်မပြတ် ဝှေ့ယမ်းရင်း တိုက်ပွဲအရှိန်ထဲတွင် စီးမျောနေတော့သည်။
လေးဂွကို အသုံးပြုကာ အတော်အတန် ဘေးကင်းသော နေရာမှ ကလေးများကို ကူညီပေးနေသော ဂျက်ဖရီသည် ရုတ်တရက် အာဒမ်ရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများ တောက်ပသွားသည်။
‘အခွင့်အရေးပဲ!’
သူသည် လေးမြှားကို လေးဂွထဲတွင် အသင့်ပြင်လိုက်ပြီး အာဒမ်ထံသို့ ချိန်ရွယ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် တရားမျှတဟန်ဖြင့် အော်ဟစ်လိုက်ရန်လည်း မမေ့ခဲ့ပေ။
“အာဒမ်... ငါ မင်းကို ကူညီမယ်!”
ဖျတ်!
ဂျက်ဖရီသည် မြားကို ပစ်လွှတ်လိုက်ပြီးနောက် သူ၏ နှုတ်ခမ်းထက်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်ထွက်လာလေတော့သည်။