ဦးချိုကောက်ကောက်များရှိသော မြင်းနက်တစ်စုံသည် ရွှံ့လမ်းအတိုင်း ပြေးလွှားရင်း သစ်သားမြင်းရထားတစ်စီးကို ဆွဲလာကြသည်။ ထိုအငှားရထားသည် လက်ရှိတွင် ဒီရေအိမ်တော် ဆီသို့ ဦးတည်နေခြင်းဖြစ်သည်။ နေမင်းမှာ မကြာမီ ပျောက်ကွယ်တော့မည်ဖြစ်ရာ ပင်လယ်ပြင်တစ်ခုလုံး လိမ္မော်ရောင်သန်းနေသည်။
လီဆာသည် မြင်းရထားပြတင်းပေါက်မှတစ်ဆင့် ပင်လယ်ပြင်ကို ကြည့်ရင်း သူမ၏ နုနယ်သော နှုတ်ခမ်းထက်တွင် အပြုံးလေးတစ်ခု ပေါ်လာသည် - "လှလိုက်တာ..."
"ဟီးဟီး... ကျေးဇူးပါပဲ၊ ကျေးဇူးပါပဲ။" သူမဘေးတွင် ထိုင်နေသော အာဒမ်က သူ၏ဆံပင်ကို သပ်ရင်း ဝင့်ကြွားစွာ ပြုံးလိုက်သည် - "မင်းမသိသေးလို့ပါ၊ ငါက ငါ့ရွာမှာ အချောဆုံးကောင်လေးလို့ သတ်မှတ်ခံရတာ။" သူက ဆံပင်ကို နောက်လှန်သပ်ရင်း အလွန်ချောမောနေသည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်နေပုံရသည်။
"အချောဆုံးကောင်လေး ဟုတ်လား?" အက်ဒဝပ်က နှာခေါင်းရှုံ့သည် - "မင်းတို့ရွာက အော့ခ် သတ္တဝါတွေနဲ့ပဲ ပြည့်နေတာလား?"
အာဒမ်၏ နှုတ်ခမ်းများ တွန့်သွားပြီး မျက်လုံးများ ကျဉ်းမြောင်းသွားသည် - "ဝတုတ်... မင်း ဒီခရီးမှာ စကားတွေ အရမ်းများနေတယ်နော်။ အရိုက်ခံချင်နေပြီ ထင်တယ်။"
"တော်ကြစမ်း!" လီဆာက ဟန့်လိုက်သည် - "ငါတို့ မြို့စားမင်းနဲ့ တွေ့ရတော့မယ်။ မင်းတို့နှစ်ယောက်လုံး အမူအရာ ဆင်ခြင်ကြစမ်း။ အထူးသဖြင့် မင်းပဲ အာဒမ်!" သူမက လူငယ်လေးကို စိုက်ကြည့်လိုက်သည် - "ငါတို့က ကလိုဗာအကယ်ဒမီကို ကိုယ်စားပြုတာ။ မှော်ဆရာတစ်ယောက်နဲ့ မလိုက်ဖက်တဲ့ အပြုအမူမျိုး မလုပ်မိပါစေနဲ့။"
"ကောင်းပါပြီဗျာ... ကောင်းပါပြီ၊ ငါ လိမ္မာပါ့မယ်။" အာဒမ်က လက်နှစ်ဖက်ကို အပေါ်မြှောက်ကာ အညံ့ခံလိုက်သည်။
မကြာမီ မြင်းရထားသည် ဒီရေအိမ်တော်၏ ဝင်းတံခါးရှေ့တွင် ရပ်သွားသည်။ သုံးဦးသား ရထားပေါ်မှ ဆင်းကာ ခရီးစရိတ်ပေးပြီးနောက် သံချပ်ကာဝတ် အစောင့်များရှိရာသို့ လျှောက်သွားကြသည်။
"ရပ်စမ်း! ဘယ်သူတွေလဲ?" အစောင့်တစ်ဦးက သတိကြီးစွာဖြင့် ချဉ်းကပ်လာသည်။ သို့သော် သူသည် ကလေးသုံးဦး၏ သံလွင်ရောင် ဝတ်ရုံများပေါ်ရှိ လေးရွက်ကလိုဗာ တံဆိပ်ကို မြင်လိုက်ရချိန်တွင် မှင်တက်သွားသည် - "မင်းတို့က... ဒါဆိုရင်..."
လီဆာက ရှေ့သို့တက်ကာ "ငါတို့ ကလိုဗာအကယ်ဒမီက လာတာပါ။ မြို့စားမင်းနဲ့ တွေ့ဖို့ လာခဲ့တာ" ဟု ပြောလိုက်သည်။
မြို့စားဟန်းနက်စ်၊ အီမိုရီနှင့် ခါးလ်တို့သည် စာကြည့်ခန်းအတွင်း မြို့မြေပုံကို ဝိုင်းကြည့်ရင်း အစောင့်များကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားနေကြသည်။
မြို့စားက မြေပုံပေါ်ရှိ နေရာအချို့ကို မှတ်သားရင်း - "ဒါတွေက သားကောင်တွေကို နောက်ဆုံးတွေ့ခဲ့ရတဲ့ နေရာတွေပဲ။ ဒီနေရာတွေရဲ့ ပတ်ဝန်းကျင်က စွန့်ပစ်ထားတဲ့ အဆောက်အအုံတွေကို အသေအချာ ရှာဖွေကြ။"
"ဟုတ်ကဲ့ပါ အရှင်!" အစောင့်များက ပြန်ဖြေသည်။
"ကဲ... အားလုံး လူစုခွဲလိုက်ကြတော့။ အမှောင်ထု ရောက်လာပြီဆိုတော့ တရားခံ ပေါ်လာဖို့ အခွင့်အလမ်း ပိုများတယ်။ အုပ်စုဖွဲ့ပြီး သွားကြ၊ သံသယဖြစ်ဖွယ် တစ်ခုခုတွေ့တာနဲ့ အချက်ပေးမီးလွှတ်လိုက်။ ငါနဲ့ မှော်ဆရာကြီး နှစ်ဦးက ချက်ချင်း လိုက်လာခဲ့မယ်—"
ထိုစဉ် စာကြည့်ခန်းတံခါးမှာ ပွင့်လာပြီး အိမ်ဖော်မှာ အလောတကြီး ပြေးဝင်လာသည်။ သူက စိတ်လှုပ်ရှားစွာဖြင့် - "အရှင်မင်းကြီး! သူတို့ ရောက်လာပါပြီ!"
"ဘယ်သူ ရောက်တာလဲ?" မြို့စားက မျက်မှောင်ကြုတ်လိုက်သည်။ ခွင့်ပြုချက်မရှိဘဲ ဝင်လာသည်ကို သူ မနှစ်သက်ပေ။
"ကလိုဗာအကယ်ဒမီက အကူအညီ ရောက်လာတာပါ!" အိမ်ဖော်က ဝမ်းသာအားရ ပြောလိုက်သည်။
"ဘာ?!" မြို့စားဟန်းနက်စ် အံ့သြသွားသလို အီမိုရီနှင့် ခါးလ်တို့လည်း မှင်တက်သွားကြသည်။ အမှန်အတိုင်းပြောရလျှင် မြို့စားသည် အကယ်ဒမီက အကူအညီ လွှတ်လိမ့်မည်ဟုပင် မမျှော်လင့်ထားခဲ့ပေ။
"ဘယ်မှာလဲ သူတို့?" မြို့စားက အိမ်ဖော်၏ ပုခုံးကို ကိုင်ကာ လှုပ်ယမ်းရင်း မေးလိုက်သည်။
"အ... အိမ်ရှေ့... တံခါးမှာ... ပါ... အရှင်..."
မြို့စားသည် ချက်ချင်းပင် အောက်ထပ်သို့ ပြေးဆင်းသွားသည်။ အီမိုရီနှင့် ခါးလ်တို့လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ နောက်မှ လိုက်သွားကြသည်။ အီမိုရီသည် မျှော်လင့်ချက် ရောင်ခြည်အလင်းတန်းလေးကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။ ကလိုဗာအကယ်ဒမီကဲ့သို့ ကျော်ကြားသော အဖွဲ့အစည်းမှ ပျိုးထောင်ထားသည့် မှော်ဆရာများနှင့် ကျေးလက်မှော်ဆရာများ မည်သို့ ယှဉ်နိုင်ပါမည်နည်း?
မှော်ဆရာ သုံးဦးစလုံး အိမ်ရှေ့တံခါးသို့ ရောက်ရှိချိန်တွင်တော့ ဆွံ့အသွားကြသည်။ အကယ်ဒမီမှ အကူအညီဆိုသဖြင့် သူတို့ မျှော်လင့်ထားသည်မှာ ဝါရင့်မှော်ဆရာကြီးများ ဖြစ်သော်လည်း သူတို့ရှေ့တွင် မြင်နေရသည်မှာ ကလေးငယ် သုံးဦး သာ ဖြစ်နေသောကြောင့်ပင်!
မြို့စားဟန်းနက်စ်၏ နှုတ်ခမ်းများမှာ တလှုပ်လှုပ် ဖြစ်နေသည်။ အလယ်တွင် ရွှေရောင်ဆံပင်နှင့် မြစိမ်းရောင်မျက်ဝန်းရှိသော ယဉ်ကျေးသိမ်မွေ့သည့် မိန်းကလေးတစ်ဦး ရှိသည်။ သူမ၏ ညာဘက်တွင် ဇိမ်ခံအဝတ်အစားများ ဝတ်ထားသော ဝဖိုင့်ဖိုင့် လူငယ်တစ်ဦးက တည်ကြည်စွာ ရပ်နေသည်။
သူမ၏ ဘယ်ဘက်တွင်မူ... အနက်ရောင် ခေါင်းချွန်ဦးထုပ်ကို ဆောင်းထားသော လူငယ်တစ်ဦးမှာ ပျင်းရိငြီးငွေ့သော အမူအရာဖြင့် ရပ်နေသည်။ ထို့ပြင် သူက မတ်မတ်တောင် မရပ်ဘဲ ခြေတစ်ဖက်ကို စောင်းကာ လက်ပိုက်ရပ်နေခြင်းဖြစ်သည်။
‘ဘယ်လို လူလေလူလွင့်မျိုးလဲ...?’ မြို့စားဟန်းနက်စ်သည် အာဒမ်ကို မြင်သည်နှင့် အထင်သေးသွားမိသည်။
လီဆာသည် မြို့စား၏ အကြည့်ကို သတိပြုမိပြီး အာဒမ်၏ ပေါ့ပျက်ပျက် အမူအရာကို မြင်သောအခါ ဒေါသထွက်သွားသည်။ သူမသည် အာဒမ်၏ နံဘေးကို တံတောင်နှင့် အားရပါးရ တွတ်လိုက်ရာ အာဒမ် မျက်နှာမဲ့သွားတော့သည်။ အာဒမ်က လီဆာ၏ စိုက်ကြည့်မှုကို မြင်သောအခါ အလိုအလျောက် တံတွေးမြိုချလိုက်ပြီး ခါးကို မတ်မတ်ဆန့်ကာ တည်ကြည်သော ပုံစံသို့ ပြောင်းလိုက်သည်။
လီဆာက မြို့စားကို ပြုံးပြကာ နှုတ်ဆက်လိုက်သည် - "နေကောင်းပါစေ မြို့စားဟန်းနက်စ်။ ကျွန်မ နာမည်က လီဆာ ဒီကလဲယား ပါ၊ ဒါကတော့ ကျွန်မရဲ့ အသင်းဖော်တွေဖြစ်တဲ့ အာဒမ်နဲ့ အက်ဒဝပ်ပါ။ သင့်နယ်မြေက ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ ကလိုဗာအကယ်ဒမီက ကျွန်မတို့ကို စေလွှတ်လိုက်တာပါ။"
မြို့စားမှာ ဘာပြောရမှန်း မသိတော့ပေ။ သူ၏ ခေါင်းထဲတွင် အတွေးတစ်ခုသာ ထပ်ခါတလဲလဲ ပေါ်နေသည် - ‘ဒီကလေးတစ်သိုက်က ငါ့ကို ဘယ်လိုများ ကူညီနိုင်မှာလဲ?!’
သူက လီဆာကို ကြည့်ကာ မေးလိုက်သည် - "အကယ်ဒမီက... မင်းတို့ သုံးယောက်တည်းကိုပဲ လွှတ်လိုက်တာလား?"
"ဟုတ်ကဲ့ပါ" လီဆာက ယဉ်ကျေးစွာ ဖြေသည်။
"မင်း... မင်းတို့ သုံးယောက်တည်းပဲလား?" ခါးလ်ပင်လျှင် မှင်တက်နေမိသည်။
သူတို့၏ သံသယဖြစ်နေသော လေသံကြောင့် လီဆာမှာ ပြုံးနေရန် ခက်ခဲလာသည်။ သို့သော် သူမက ဆက်လက်၍ ယဉ်ကျေးစွာ - "ဟုတ်ကဲ့ပါရှင့်၊ ကျွန်မတို့ လာတာ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်—"
သို့သော် အီမိုရီကမူ စိတ်မရှည်နိုင်တော့ပေ။ သူက လီဆာ၏ ရှေ့သို့ တိုးလာကာ ဟိန်းဟောက်လိုက်တော့သည် -
"ဒါက နောက်ပြောင်နေတာလားကွ?! လူတွေအများကြီး ပျောက်ဆုံးနေတာကို ကလိုဗာအကယ်ဒမီက အသုံးမကျတဲ့ ကလေးတစ်သိုက်ကိုပဲ လွှတ်လိုက်တယ် ဟုတ်လား?! မင်းတို့ ဘာသိလို့လဲ—"
ရုတ်တရက် အေးစက်စက် အသံတစ်သံက အီမိုရီ၏ နားထဲသို့ တိုးဝင်လာသဖြင့် သူ၏ ပါးစပ်မှာ ချက်ချင်း ပိတ်သွားရသည် -
"ဟေ့လူ။"
အီမိုရီက အသံလာရာသို့ လှည့်ကြည့်လိုက်ရာ အာဒမ်က သူ့ကို မကျေမနပ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ဘာကြောင့်မှန်းမသိ၊ ထိုလူငယ်၏ နက်မှောင်လှသော မျက်ဝန်းများကို ကြည့်လိုက်ရချိန်တွင် အီမိုရီ၏ ကျောရိုးထဲအထိ စိမ့်တက်သွားသလို ခံစားလိုက်ရသည်။
လီဆာအပေါ် ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေသည်ကို သည်းမခံနိုင်တော့သော အာဒမ်က အေးစက်စက် လေသံဖြင့် မေးလိုက်သည် -
"မိန်းကလေးတစ်ယောက်ကို အဲဒီလိုပဲ စကားပြောတတ်တာလား?"