မွန်းတည့်နေမင်း၏ တောက်ပသော အလင်းတန်းများသည် ခရက်စ်တောင်ကြားပေါ်သို့ ကျရောက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို သက်ဝင်လှုပ်ရှားစေသည်။ ဤတောင်ကြားနှင့် ၎င်းကို ဝန်းရံထားသော တောင်တန်းများသည် မှော်သားရဲမျိုးစုံ ကျက်စားရာ နေရာဖြစ်သည်။ ဤတောင်ကြားကို ဖြတ်သန်းသွားလာသူများသည် များသောအားဖြင့် မှော်ဆရာများ ကြိုတင်စူးစမ်းထားသည့် အဘေးကင်းဆုံး လမ်းကြောင်းကိုသာ ရွေးချယ်လေ့ရှိကြသည်။ အကယ်၍ တစ်ဦးတည်း ဤနေရာကို ဖြတ်သန်းမည်ဆိုပါက ထိုသူမှာ သေတွင်းထဲသို့ ကိုယ့်သေတွင်းကိုယ်တူးခြင်းပင် ဖြစ်သည်။ ဟုတ်ပေသည်... အလွန်အစွမ်းထက်သော မှော်ဆရာတစ်ဦးဖြစ်ပါက စိုးရိမ်စရာ မရှိပေ။
ခရီးသွားအဖွဲ့သည် ခရက်စ်တောင်ကြားသို့ စတင်ဝင်ရောက်လာပြီ ဖြစ်သည်။ ဤနေရာမှနေ၍ လမင်းမြို့တော်သို့ ရောက်ရှိရန် သုံးပတ်ခန့် အချိန်ယူရဦးမည်။ သို့သော် ပို၍အရေးကြီးသည်မှာ ယခုမှစတင်၍ မှော်သားရဲများ၏ တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်လာတော့မည် ဖြစ်သည်။ မှော်သားရဲများသည် ၎င်းတို့၏ နယ်မြေအတွင်းသို့ ကျူးကျော်လာသူများကို အလွန်အမင်း မုန်းတီးတတ်သည့် ဗီဇရှိကြသည်။
အာဒမ်သည် လှည်းပြတင်းပေါက်မှတစ်ဆင့် မြင်ကွင်းကို အံ့သြတကြီး ငေးကြည့်နေမိသည်။ သူသည် ဘဝတစ်လျှောက်လုံး ကော်မီယာ ဘုရင့်နိုင်ငံရှိ မြို့ငယ်လေးတစ်မြို့တွင်သာ ကုန်ဆုံးခဲ့ရသူ ဖြစ်ရာ လွန်ခဲ့သော နှစ်လအတွင်း အသစ်အဆန်းများစွာကို မြင်တွေ့ခဲ့ရသည်။ အဝေးတစ်နေရာတွင် မြေခွေးခြောက်ကောင်ခန့်ပါသော အုပ်စုတစ်စုသည် ခရီးသွားအဖွဲ့ကို သတိကြီးစွာဖြင့် စိုက်ကြည့်နေကြပြီး မြေခွေးပေါက်လေးများမှာမူ ဘာကိုမျှ ဂရုမစိုက်ဘဲ ဆော့ကစားနေကြသည်။ အခြားတစ်ဖက်တွင်လည်း မီးလျှံကဲ့သို့ နီမြန်းသော လည်ဆံမွေးများပါသည့် မြင်းအုပ်ကြီးတစ်အုပ်မှာ လွတ်လပ်စွာ ပြေးလွှားနေကြသည်။
ဤမြင်ကွင်းမှာ ခမ်းနားလှသော်လည်း အာဒမ်ကမူ ဤအရာအားလုံးမှာ အပေါ်ယံသာဖြစ်ကြောင်း သိနေသည်။ ကြေးစားစစ်သည်များနှင့် ပုံမှန်စကားပြောဆိုရင်း ဤတောင်ကြားသည် မည်မျှအန္တရာယ်ကြီးကြောင်း သူ လေ့လာမိခဲ့သည်။ ၎င်းအပြင် ခရက်စ်တောင်ကြားသည် မှောင်မိုက်တောင်တန်း(မားကီး တောင်တန်း)နှင့် ထိစပ်နေပြီး ထိုတောင်တန်းမှာ မှော်ဆရာများပင် ခြေမချဝံ့သည့် နေရာတစ်ခု ဖြစ်သည်။
အာဒမ်သည် မသိလိုက်ဘဲ သူ၏ ဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်။ ‘ရစ်ခ်တို့ ပြောတာတော့ ဒီတောင်ကြားကို ဖြတ်တဲ့အခါတိုင်း ခရီးသွားအဖွဲ့ထဲက လူသေဆုံးမှုတွေ အမြဲရှိတတ်တယ်တဲ့...’
ရစ်ခ်နှင့် အခြားကြေးစားစစ်သည်များသည် ကလေးငယ်များကို လမင်းမြို့တော်သို့ လိုက်လံပို့ဆောင်ပေးရခြင်းမှာ ယခုတစ်ကြိမ်သည် ပထမဆုံး မဟုတ်ပေ။ ယခင်ခရီးစဉ်များတွင်လည်း ဤအန္တရာယ်ရှိသော နေရာ၌ အမြဲလိုလို အသက်ဆုံးရှုံးမှုများ ရှိခဲ့ဖူးသည်။ မှော်ဆရာများ လိုက်ပါလာသည့်တိုင်အောင် လူတိုင်းကို ဘေးကင်းအောင် မကာကွယ်ပေးနိုင်ကြပေ။
“ဟို... ခဏလောက်။”
ရုတ်တရက် သိမ်မွေ့သော အသံလေးတစ်ခုက အာဒမ်ကို လှမ်းခေါ်လိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ ဆံပင်နှစ်ဖက်ခွဲ စည်းထားသော မိန်းကလေးငယ်တစ်ဦးက သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“ဘာကိစ္စလဲ?” အာဒမ်က မေးလိုက်သည်။
မိန်းကလေးက ခဏမျှ စဉ်းစားပြီးမှ -
“နင်က ဒီကြေးစားစစ်သည်တွေနဲ့ ခဏခဏ စကားပြောနေတာဆိုတော့... လမင်းမြို့တော်ကို ရောက်ဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ သူတို့ ပြောပြသလား? ငါ... ငါ တကယ်ကို စိတ်မရှည်တော့လို့ပါ။”
အာဒမ်သည် ထိုမိန်းကလေး၏ မျက်လုံးများကို ကြည့်လိုက်ရာတွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုနှင့် ကြောက်ရွံ့နေသည့် အရိပ်အယောင်များကို တွေ့လိုက်ရသဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိသည်။‘ဒီမှူးမတ်မျိုးနွယ်တွေဟာ သူတို့ဘဝမှာ ဒီလိုဒုက္ခမျိုး တစ်ခါမှ မကြုံခဲ့ဖူးကြဘူးပဲ။ ဒါကြောင့်လည်း သူတို့အတွက် ဒီခရီးက ပင်ပန်းနေမှာပေါ့’ ဟု အာဒမ် တွေးလိုက်မိသည်။
အာဒမ်ကမူ ဤခရီးစဉ်တစ်ခုလုံးကို စိတ်လှုပ်ရှားစွာ ဖြတ်သန်းနေသော်လည်း အခြားသူများမှာမူ ထိုသို့မဟုတ်ပေ။ အမှန်တကယ်တွင် ကလေးအများစုမှာ လနှင့်ချီ၍ ခရီးနှင်နေရသည်ကို ငြီးငွေ့နေကြပြီဖြစ်ပြီး သစ်သားလှည်းကျဉ်းကျဉ်းလေးထဲတွင် အချိန်အကြာကြီး ပိတ်လှောင်နေရသည်ကိုလည်း မခံစားနိုင်ကြတော့ပေ။ ထိုံအပြင် လမ်းခရီးတစ်လျှောက် သားရဲတိရစ္ဆာန်များ၏ တိုက်ခိုက်မှုကို စဉ်ဆက်မပြတ် ကြုံတွေ့နေရခြင်းကလည်း သူတို့၏ စိတ်ဓာတ်ကို ခြောက်လှန့်နေခဲ့သည်။
အာဒမ်က သူသိထားသည်များကို ပြန်ဖြေပေးလိုက်သည်။ “ကြေးစားတွေ ပြောတာတော့ နောက်ထပ် နှစ်ပတ်နေရင် နိုက်တင်ဂေးလ် ဘုရင့်နိုင်ငံ နယ်စပ်ကို ရောက်မယ်တဲ့။ အဲဒီရောက်ရင်တော့ လုံးဝ ဘေးကင်းသွားပြီ။ နယ်စပ်ထဲ ရောက်ပြီးရင်တော့ လမင်းမြို့တော်ကို ရောက်ဖို့ တစ်ပတ်လောက်ပဲ ခရီးဆက်ရတော့မှာ။”
“ဪ... အင်း၊ ကျေးဇူးပဲနော်” မိန်းကလေးက ပြန်ဖြေပြီးနောက် ပြန်လည် တိတ်ဆိတ်သွားသည်။ လှည်းထဲရှိ အခြားကလေးများသည်လည်း အာဒမ်ပြောသည်ကို ကြားလိုက်ရသဖြင့် အတော်လေး စိတ်သက်သာရာ ရသွားကြသည်။ သူတို့ လပေါင်းများစွာ ခရီးနှင်လာခဲ့ပြီးပြီဖြစ်ရာ နောက်ထပ် သီတင်းပတ် အနည်းငယ်မှာ သူတို့အတွက် ခက်ခဲမည်မဟုတ်ဟု တွေးနေကြသည်။
သို့သော် သူတို့ ထင်သလို ဖြစ်မလာခဲ့ချေ။
နေဝင်ရီတရော အချိန်တွင် ခရီးသွားအဖွဲ့သည် ညအိပ်စခန်းချရန် အတော်အသင့်မြင့်သော ကုန်းမြင့်တစ်ခုကို ရှာတွေ့ခဲ့သည်။ ကြေးစားစစ်သည်များမှာ တဲထိုးခြင်းနှင့် မီးပုံဖိုခြင်း စသည့် သူတို့၏ တာဝန်များကို စတင်လုပ်ဆောင်ကြသည်။
သစ်သားလှည်းတစ်စီးအတွင်းတွင်မူ စာအုပ်ဖတ်နေဆဲဖြစ်သော မျက်လုံးပြာပြာ၊ ဝတ်ရုံစိမ်းနှင့် အမျိုးသားမှာ ရုတ်တရက် ခေါင်းမော့လိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ၏ အကြည့်မှာ ဝေးကွာလှသော နေရာတစ်ခုဆီသို့ ရောက်သွားပြီး တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားပုံရ၏။ သူ၏ နှုတ်ခမ်းများ ပွင့်ဟလာပြီး အေးဆေးစွာ ပြောလိုက်သည်မှာ-
“ငါတို့ လှုပ်ရှားရမယ့်အချိန် ရောက်ပြီ ထင်တယ်”
ထိုလှည်းထဲရှိ အခြားလူနှစ်ဦးဖြစ်သော ဝတ်ရုံစိမ်းနှင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကလည်း မျက်လုံးပြာနှင့်လူ ကြည့်နေသည့် ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ အမျိုးသားက ပြန်ပြောသည်။
“ကြေးစားစစ်သည်တွေပဲ အရင်ကိုင်တွယ်ပါစေဦး။ သူတို့အတွက် အခြေအနေ နည်းနည်း ခက်ခဲလာမှ ငါတို့ ဝင်ကူကြတာပေါ့။ ပြီးတော့ ဒီအလိုလိုက်ခံထားရတဲ့ ကလေးတွေကိုလည်း နည်းနည်း စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ပေးဖို့ လိုတယ်။ ကလိုဗာ အကယ်ဒမီဆိုတာ စိတ်ဓာတ်ပျော့ညံ့တဲ့ မှော်ဆရာတွေအတွက် နေရာမဟုတ်ဘူး။”
“ခင်ဗျား သဘောအတိုင်းပေါ့” မျက်လုံးပြာနှင့်လူက ပုခုံးတွန့်ပြကာ စာပြန်ဖတ်နေတော့သည်။
မိနစ်အနည်းငယ်ခန့် ငြိမ်သက်နေပြီးနောက်... ရုတ်တရက်-
ဝူးးးးးးး!!
ဝံပုလွေတစ်ကောင်၏ အူသံက စခန်း၏ အေးချမ်းမှုကို ဖြိုခွဲလိုက်သည်။ ထိုကြမ်းတမ်းပြီး ခြောက်ခြားဖွယ်ကောင်းသော အူသံမှာ တောင်ကြားအတွင်း ခဏမျှ ပဲ့တင်ထပ်သွားပြီးနောက် တစ်ကောင်ပြီးတစ်ကောင် ဆက်တိုက်ဆိုသလို အူသံများ ပေါ်ထွက်လာတော့သည်။
“တောက်! ဝံပုလွေအုပ်ပဲ!”
“အုပ်စုက အတော်ကြီးမှာပဲဟေ့။”
ကြေးစားစစ်သည်များ၏ မျက်နှာမှာ တည်ကြည်လေးနက်သွားကြသည်။
ဝံပုလွေတစ်ကောင်တည်းဆိုလျှင် မှော်သားရဲဖြစ်နေပါစေကိုင်တွယ်ရ မခက်ခဲချေ။ ယခုကဲ့သို့ အုပ်စုလိုက်ကြီး ဆိုပါက ပြဿနာအကြီးအကျယ် တက်ပြီဖြစ်သည်။ ဝံပုလွေအုပ်များသည် စစ်တပ်ငယ်လေးတစ်ခုကဲ့သို့ တစ်ကောင်နှင့်တစ်ကောင်အချိတ်အဆက်မိမိ တိုက်ခိုက်တတ်သဖြင့် ရင်ဆိုင်ရန် အလွန်ခက်ခဲလှသည်။
“မြန်မြန်လုပ်! လှည်းတွေကို အကာအကွယ်အဖြစ် အဝိုင်းပတ်လိုက်ကြ၊ ပြီးရင် လူစုခွဲပြီး ခံစစ်ပြင်ကြ!” ကြေးစားစစ်သည်ခေါင်းဆောင်ဖြစ်သူ သားရေချပ်ဝတ်နှင့် ထိပ်ပြောင်ပြောင် လူကြီးက အော်ဟစ်အမိန့်ပေးလိုက်သည်။
မှောင်မည်းနေသော ညထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်မျက်လုံးပေါင်း ရာနှင့်ချီ၍ အဝေးမှ ပေါ်ထွက်လာသည်။ ၎င်းတို့သည် အရှိန်အဟုန်ပြင်းစွာဖြင့် စခန်းဆီသို့ ချဉ်းကပ်လာနေကြသည်။ မြေပြင်မှာလည်း တုန်ခါလာပြီး ဝံပုလွေအုပ်ကြီး း နီးကပ်လာပြီဖြစ်ကြောင်း အချက်ပြနေသည်။
“ရှီး! ညဉ့်ဝံပုလွေတွေပဲ!”
“တောက်! ခက်ပြီ!”
“ခံစစ်ပြင်ကြ! အမြန်ပြင်ကြ!”
ကြေးစားစစ်သည်များမှာ ဆဲဆိုရင်း ပျာယာခတ်ကုန်ကြသည်။ ညဉ့်ဝံပုလွေများသည် ညဘက်တွင် အစွမ်းအထက်ဆုံး ဖြစ်ကြသည်။ ၎င်းတို့၏ လှုပ်ရှားမှုမှာ လျင်မြန်ပြီး တိုက်ခိုက်မှုမှာလည်း အလွန်ကြမ်းတမ်းလှသည်။
ရစ်ခ်က ကြောက်လန့်တကြား ဖြစ်နေသော ကလေးအများအပြားကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။ “တိုက်ပွဲအတွက် ပြင်ထားကြ!”
အဖွဲ့ထဲမှ ကလေးငယ်အချို့မှာ ငိုယိုကာ မိဘများကို အော်ဟစ်တမ်းတနေကြသော်လည်း အချို့မှာမူ တည်ငြိမ်သော မျက်နှာထားဖြင့် လက်နက်များကို ဆွဲကိုင်ထားကြသည်။ အာဒမ်သည်လည်း အခြေအနေ၏ ပြင်းထန်မှုကို ခံစားမိသဖြင့် ကောင်လေးတစ်ယောက်ထံမှ မကြာသေးမီက ငွေညှစ်ယူထားသော စတီးဓားကို ဆွဲထုတ်လိုက်သည်။ သူသည် ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ချဉ်းကပ်လာသော ဝံပုလွေအုပ်ကို စိုးရိမ်တကြီး စောင့်ကြည့်နေမိသည်။
မီတာအနည်းငယ်အကွာတွင်မူ လက်ထဲ၌ လေးဂွတစ်ခုကို ကိုင်ထားသော ဂျက်ဖရီသည် ပြေးဝင်လာသော ဝံပုလွေများကို ကြည့်ကာ တံတွေးကို မြိုချလိုက်မိသည်။ သို့သော် သူ အာဒမ်ဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင်မူ သူ၏ မျက်ဝန်းထဲ၌ ယုတ်မာသောအလင်းတန်းတစ်ခု ဖြတ်ပြေးသွားလေတော့သည်။