လမင်းမြို့တော်သို့ ဦးတည်သည့် ခရီးစဉ်သည် နောက်ထပ် တစ်လခန့် ထပ်မံကြာမြင့်ခဲ့သည်။ ယခုမှာ မိုးရာသီဖြစ်သဖြင့် အဖွဲ့သားအားလုံးသည် လမ်းတစ်လျှောက် မပြတ်တမ်းရွာသွန်းနေသော မိုးသည်းထန်စွာရွာသွန်းမှုကို အံတုခဲ့ကြရသည်။ လမ်းခရီးမှာ သွားလာရခက်ခဲသော်လည်း သန်မာလှသော 'အကြေးခွံပါမြင်းများကြောင့် အခက်အခဲ ကြီးကြီးမားမား မရှိခဲ့ပေ။
ထိုအတောအတွင်း ခရီးသွားအဖွဲ့သည် မှော်သားရဲများ၏ တိုက်ခိုက်မှုကို အကြိမ်အနည်းငယ် ကြုံတွေ့ခဲ့ရသေးသည်။ သို့သော် အဖွဲ့နှင့်အတူ လိုက်ပါလာသော ကြေးစားစစ်သည်များက နှိမ်နင်းနိုင်ခဲ့ကြသည်။ ထိုကြေးစားစစ်သည်များသည် မှော်စွမ်းအင်ကို မသုံးစွဲနိုင်ကြသော်လည်း သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်မှာ လျော့တွက်၍မရချေ။ သန်မာသော ကြေးစားစစ်သည် အယောက် ၃၀ ကျော်သည် အဖွဲ့နှင့်အတူ လိုက်ပါလာပြီး တိုက်ခိုက်လာသော မည်သည့်မှော်သားရဲကိုမဆို အလွယ်တကူ ရှင်းလင်းပေးခဲ့ကြသည်။
သို့သော် နိုက်တင်ဂေးလ် ဘုရင့်နိုင်ငံတော် နယ်စပ်နှင့် နီးကပ်လာလေလေ မှော်သားရဲ အရေအတွက် ပိုမိုများပြားလာမည်ကို လူတိုင်းသိထားကြသည်။ ထိုအချိန်ရောက်လျှင်မူ သာမန်လူသား ကြေးစားစစ်သည်များမှာ အသုံးမဝင်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် အဆင့် (၁) မှော်ဆရာ သုံးဦးသည်လည်း အဖွဲ့နှင့်အတူ လိုက်ပါလာခဲ့သည်။ ၎င်းတို့အား ကလိုဗာ အကယ်ဒမီမှ ကလေးငယ်များကို လမင်းမြို့တော်သို့ ဘေးကင်းစွာ ပို့ဆောင်ရန် တာဝန်ပေးထားခြင်း ဖြစ်သည်။ ယခုအချိန်အထိ ထိုမှော်ဆရာများမှာ လှုပ်ရှားမှု မရှိသေးပေ။ သို့သော် သူတို့သာ စတင်လှုပ်ရှားလာပါက တကယ့်ကို အံ့မခန်းမြင်ကွင်းမျိုး ဖြစ်လိမ့်မည်ဟု ကလေးများအားလုံး ယုံကြည်နေကြသည်။
လွန်ခဲ့သော တစ်လအတွင်း အာဒမ်သည် နေ့စဉ်မပြတ် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သလို သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကိုလည်း ပိုမိုထက်မြက်အောင် ပျိုးထောင်ခဲ့သည်။ ဂျက်ဖရီသည်လည်း အခြားကလေးအချို့ကို စုစည်းကာ အာဒမ်ထံသို့ အကြိမ်အနည်းငယ် လာရောက် ပြဿနာရှာခဲ့သော်လည်း အာဒမ်နှင့် ထိပ်တိုက်တွေ့တိုင်း ထိုအုပ်စုမှာ အကြီးအကျယ် အရိုက်ခံရလေ့ရှိပြီး အဆုံးသတ်တွင် အာဒမ်မှာ ငွေထုပ်များဖြင့် ချမ်းသာကြွယ်ဝလာခဲ့သည်။ အတန်ကြာပြီးနောက်တွင်မူ ထိုကလေးများသည် သူ့ကို လာရောက်နှောင့်ယှက်ခြင်း မပြုဝံ့တော့ချေ။
လူတန်းစား ကွာဟချက်ကြောင့် ခရီးသွားအဖွဲ့ရှိ မည်သည့်ကလေးမှ အာဒမ်နှင့် မိတ်ဖွဲ့ရန် မကြိုးစားကြပေ။ ထိုအချက်ကြောင့် အာဒမ် အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း နောက်ပိုင်းတွင် နေသားကျသွားခဲ့သည်။ သူ့အတွက် အရေးကြီးဆုံးမှာ မိမိကိုယ်ကိုယ် သန်မာအောင်လုပ်ရန်နှင့် မှော်ဆရာတစ်ဦး ဖြစ်လာရေးကိုသာ အာရုံစိုက်ရန် ဖြစ်သည်။ ကလေးများက စကားမပြောကြသော်လည်း ကြေးစားစစ်သည်များကမူ ထိုသို့မဟုတ်။ အာဒမ်သည် အလားအလာရှိသော အနာဂတ်မှော်ဆရာတစ်ဦး ဖြစ်သည်မဟုတ်ပါလား။ အနာဂတ် မှော်ဆရာတစ်ဦးနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ထားရန် မည်သူက မလိုလားဘဲ နေမည်နည်း။
ယနေ့တွင်မူ အာဒမ်သည် မီးပုံငယ်လေးတစ်ခု၏ ဘေးတွင်ထိုင်ကာ ကြေးစားစစ်သည် အချို့နှင့်အတူ ညစာစားနေသည်။ သူသည် ပါးစပ်ထဲမှ အစားအစာများကို အားရပါးရ ဝါးစားရင်း သစ်လုံးပေါ်တွင် ဘေးချင်းကပ်ထိုင်နေသော အမျိုးသားတစ်ဦးကို မေးလိုက်သည်။
“ရစ်ခ်... ခင်ဗျား လမင်းမြို့တော်ကဆို။ အဲဒီနေရာက ဘယ်လိုလဲဗျ?”
ရစ်ခ်မှာ ထိပ်ပြောင်စပြုနေသော လူလတ်ပိုင်း အရွယ် ကြေးစားစစ်သည်တစ်ဦး ဖြစ်သည်။ သူ၏ ဘယ်ဘက်မျက်လုံးပေါ်တွင် ဓားဒဏ်ရာ အမာရွတ်တစ်ခု ရှိနေပြီး အာဒမ်ကမူ ထိုအမာရွတ်ကို အလွန်ပင် မိုက်သည်ဟု ထင်နေမိသည်။ သူသည် အရိုးမှ အသားတစ်ဖက်ကို ကိုက်ဖဲ့လိုက်ပြီး ရယ်မောကာ ပြန်ဖြေသည်။
“ငါ့ဘဝမှာ တောင်ပိုင်းဖက်ဒရေးရှင်းထဲက ဘုရင့်နိုင်ငံ အတော်များများကို ရောက်ဖူးခဲ့တယ်။ ဒါပေမဲ့ လမင်းမြို့တော်ဟာ ငါရောက်ဖူးသမျှ နေရာတွေထဲမှာ အကောင်းဆုံးပဲလို့ ငါ ရဲရဲကြီး ပြောရဲတယ်!”
အာဒမ်က မျက်လုံးလေးများ တောက်ပလျက် “တကယ်က ဘယ်လိုမျိုးလဲဆိုတာ ပြောပြပါဦး” ဟု ထပ်မေးလိုက်သည်။
ရစ်ခ်က ဂျုံအရက်အပြည့်ပါသော ကြေးဖလားကို မော့ချလိုက်ပြီး “အင်း... ဘယ်ကနေ စပြောရမလဲ။”
ခေတ္တမျှ စဉ်းစားပြီးနောက် သူက ဆက်ပြောပြသည်။
“အဲဒီမြို့ထဲမှာ ‘အော်ရေး မြစ်’ဆိုတာ စီးဆင်းနေတယ်။ အဲဒီမြစ်က မြို့ကို မြောက်ပိုင်းရပ်ကွက်နဲ့ တောင်ပိုင်းရပ်ကွက်ဆိုပြီး နှစ်ပိုင်းခွဲထားတာ။ မြောက်ပိုင်းရပ်ကွက်မှာတော့ မှူးမတ်မျိုးနွယ်တွေ အများဆုံးနေကြပြီး နန်းတော်လည်း အဲဒီမှာပဲ ရှိတယ်။ တောင်ပိုင်းရပ်ကွက်မှာတော့ ကလိုဗာ အကယ်ဒမီ ကျောင်းဝင်းကြီး ရှိတာပေါ့။ အင်း... နောက်ထပ် ဘာရှိသေးလဲ?”ရစ်ခ်က အသည်းအသန် စဉ်းစားနေစဉ် ဘေးတွင်ထိုင်နေသော အမျိုးသမီး ကြေးစားစစ်သည် လိုင်လာက မျက်စောင်းထိုးလိုက်ကာ…
“နင့်နှယ် အသိဉာဏ်မဲ့လိုက်တ... လမင်းတံတားကို ဘယ်လိုလုပ် မေ့နိုင်ရတာလဲ?”
“အေး ဟုတ်သားပဲ!” ရစ်ခ်က သူ့ပေါင်သူ ပုတ်ကာ ရယ်မောလိုက်သည်။ “လမင်းတံတားလေ... အဲဒါ မြို့ရဲ့ အကျော်ကြားဆုံး အထင်ကရနေရာပဲ!”
“အဲဒီတံတားက ဘာများ ထူးခြားလို့လဲဗျ?” အာဒမ်က စိတ်ဝင်တစား မေးပြန်သည်။
ယခုတစ်ကြိမ်တွင် လိုင်လာက ဝင်ဖြေသည်။ “လမင်းတံတားဟာ အော်ရေးမြစ်ကို ဖြတ်ကျော်ပြီး မြောက်ပိုင်းရပ်ကွက်နဲ့ တောင်ပိုင်းရပ်ကွက်ကို ဆက်သွယ်ပေးထားတာ။ အဲဒီတံတားဟာ မှော်အတတ်နဲ့ ဖန်တီးထားတာဖြစ်ပြီးလူပုလေးတွေ တည်ဆောက်ခဲ့တာလို့ သတင်းကြီးတယ်။ ညကောင်းကင်ယံမှာ ဆယ်လင်းနဲ့ လူနာလို့ခေါ်တဲ့ လနှစ်စင်း ထွက်ပေါ်လာတိုင်း လမင်းတံတားက အသက်ဝင်လာပြီး တောက်ပတဲ့ အလင်းတန်းတွေ ထွက်လာတတ်တယ်၊ လရောင်ရဲ့ အလှကို ဟပ်နေတာပေါ့။"
“ဝိုး!” အာဒမ်က အံ့သြတကြီး ရေရွတ်လိုက်သည်။ “မှော်အတတ်နဲ့ ဖန်တီးထားတာ ဟုတ်လား?!”
မီးပုံဘေးရှိ ကြေးစားစစ်သည်အချို့က ခေါင်းညိတ်ပြကြပြီး လမင်းမြို့တော်ရှိ ထူးခြားသောအကြောင်းမျိုးစုံကို ဝိုင်းဝန်းပြောဆိုကြတော့သည်။ အာဒမ် ကြားရလေလေ၊ ထိုခမ်းနားလှသော မြို့တော်ကြီးသို့ အမြန်ဆုံး ရောက်ရှိချင်လေလေ ဖြစ်နေတော့သည်။
ထို့နောက် စကားဝိုင်းမှာ မှော်ဆရာများအကြောင်းသို့ ပြောင်းလဲသွားသည်။ကြေးစားစစ်သည်တစ်ဦးမှာ အရက်ရှိန်ကြောင့် စကားသံများ ဗလုံးဗထွေး ဖြစ်နေသော်လည်း -
“လမင်းမြို့တော်မှာ မှော်ဆရာတွေဆိုတာ အများကြီးရှိသလို လူတိုင်းကလည်း လေးစားကြတယ်။ ငါကြားဖူးတာတော့ အဲဒီမှာ မှော်ဆရာတွေပဲ ဝင်ခွင့်ရတဲ့ လျှို့ဝှက်ရပ်ကွက်တစ်ခုတောင် ရှိသေးတယ်တဲ့။”
“တကယ်ကြီးလား?” အာဒမ် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ ကြေးစားစစ်သည်အားလုံးက ခေါင်းညိတ်ကြသည်။
“ကျွန်တော်လည်း ကလိုဗာ အကယ်ဒမီကို အမြန်ဆုံး ဝင်ခွင့်ရချင်ပြီ။ မှော်ဆရာဖြစ်ဖို့ ပညာတွေ စသင်ချင်လှပြီဗျာ!” အာဒမ်က လက်သီးကို တင်းတင်းဆုပ်ကာ ပြတ်သားစွာ ပြောလိုက်သည်။
လိုင်လာက သူ့ကိုကြည့်ပြီး ရယ်မောလိုက်သည်။ “နင် မှော်ဆရာဖြစ်သွားရင် ငါတို့ကို အလုပ်ခန့်ဖို့ မမေ့နဲ့ဦးနော်။”
ကြေးစားစစ်သည်များက သူ့အပေါ် အဘယ်ကြောင့် ဤမျှ ရင်းနှီးဖော်ရွေနေကြသနည်း ဆိုသည်ကို အာဒမ် ရုတ်တရက် သဘောပေါက်သွားသည်။ သို့သော် သူ စိတ်မရှိပေ။ သူတို့သည် သူ့အပေါ် မကောင်းသော စိတ်ထားမရှိကြသည်မှာ အမှန်ပင်။ သူက ခေါင်းညိတ်လိုက်ပြီး “ဒါပေါ့... မမေ့ပါဘူး” ဟု ကတိပေးလိုက်သည်။
သူ၏ အဖြေကြောင့် မီးပုံဘေးရှိ ကြေးစားစစ်သည်များမှာ ကျေနပ်သွားကြသည်။ သူတို့သည် အချိန်အတော်ကြာ စကားစမြည် ပြောဆိုခဲ့ကြပြီး အာဒမ်ကို ပထမဆုံးအကြိမ်အဖြစ် ဂျုံအရက်ပင် မြည်းစမ်းကြည့်စေခဲ့သည်။ သူတို့သည်လည်း အာဒမ်ကို အတော်လေး သဘောကျကြသည်။ အာဒမ်မှာ ခရီးသွားအဖွဲ့ရှိ အခြားကလေးများကဲ့သို့ မောက်မာခြင်း၊ ဗိုလ်ကျစိုးမိုးလိုခြင်း မရှိပေ။ ထို့ကြောင့် သူတို့အချင်းချင်း အဆင်ပြေစွာ ပေါင်းသင်းနိုင်ခဲ့ကြသည်။
အခြားတစ်ဖက်တွင်မူ ဂျက်ဖရီအပါအဝင် ကလေးအချို့သည် အာဒမ်တစ်ယောက် ကြေးစားစစ်သည်များနှင့်အတူ အရက်သောက်ကာ ပျော်ပါးနေသည်ကို မုန်းတီးစွာ လှမ်းကြည့်နေကြသည်။ ဆံပင်ညိုညိုနှင့် တင်းတိပ်များပါသော ကောင်လေးတစ်ဦးက အံကြိတ်ကာ မေးလိုက်သည်။
“ဂျက်ဖရီ... ငါတို့ အာဒမ်ကို ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား? အဲဒီကောင်စုတ်က ငါ့ဓားကို ယူသွားတယ်ကွ! အဲဒါ ငါ့မိသားစုရဲ့ မျိုးရိုးစဉ်ဆက် လက်နက်ဗျ၊ တောက်!”
ဂျက်ဖရီက ထိုလူငယ်ကို အေးစက်စွာ ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။ “အဲဒါဆိုရင်လည်း မင်းဘာသာ သွားပြီး ဓားပြန်တောင်းပါလား?”
တင်းတိပ်နှင့် ကောင်လေးမှာ ဘာမှပြန်မပြောနိုင်တော့ပေ။ လွန်ခဲ့သော ရက်အနည်းငယ်က အာဒမ်၏ ကန်ချက်ကြောင့် သူ၏ တင်ပါးမှာ ယခုထက်ထိ နာနေသေးသည်မဟုတ်ပါလား။ကောင်လေး ပြန်မဖြေသည်ကို မြင်သောအခါ ဂျက်ဖရီက လှောင်ပြောင်လိုက်သည်။
“မင်းလည်း မရဲပါဘူး။”
ထို့နောက် သူသည် မူးနေပုံရသော အာဒမ်ထံသို့ အကြည့်ပြန်လွှဲလိုက်ပြီး စိတ်ထဲမှ ကြုံးဝါးနေမိသည်။
‘နိုက်တင်ဂေးလ် ဘုရင့်နိုင်ငံ နယ်စပ်နား ရောက်ရင်တော့ မှော်သားရဲတွေရဲ့ တိုက်ခိုက်မှုက ပိုပြင်းထန်လာတော့မှာ...’
သူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ‘မှော်သားရဲတွေ တိုက်ခိုက်လို့ ဖြစ်လာမယ့် ရှုပ်ထွေးမှုတွေကြားမှာ မင်းကို ငါ အပြတ်ရှင်းပစ်မယ်။ မင်းလို အောက်တန်းစား ဆင်းရဲသားက ငါ့ပိုက်ဆံကို ယူပြီး ငါ့ကို အရှက်ခွဲရဲတယ်ပေါ့လေ?! မင်း သေကို သေစေရမယ်!’