အာဒမ်နှင့် သက်တူရွယ်တူခန့်ရှိမည့် ဆံပင်ရွှေရောင်နှင့် ကောင်လေးတစ်ဦးသည် တောအုပ်အတွင်းရှိ ကွင်းပြင်လေးဆီသို့ ခပ်အေးအေး လျှောက်လာခဲ့သည်။ သူသည် တန်ဖိုးကြီး ပိုးထည်အင်္ကျီများနှင့် လက်ဝတ်ရတနာများကို ဝတ်ဆင်ထားပြီး မျက်နှာထက်တွင်မူ ထောင်လွှားသောအပြုံးတစ်ခု ရှိနေသည်။
“ဟုတ်ပါတယ်၊ ဒါ ငါတို့ရဲ့ လယ်သမားစစ်သည်တော်လေးပဲ။”
“ဟားဟား... သူ့ရဲ့ သံချေးတက်နေတဲ့ ဓားအိုကြီးကို ကြည့်စမ်းပါဦး။ လေတိုက်ရင်တောင် ကျိုးသွားမလား မသိဘူး။”
ရွှေရောင်ဆံပင်နှင့် လူငယ်၏နောက်တွင် ပါလာသော နောက်လိုက်ကောင်လေးနှစ်ဦးကလည်း အာဒမ်ကို ဝိုင်း၍ လှောင်ပြောင်လိုက်ကြသည်။ ခရီးစတင်ကတည်းက ဤသုံးယောက်မှာ အာဒမ်ကို အမြဲတမ်း နှိပ်စက် လှောင်ပြောင်ခဲ့ကြသည်။ အကြောင်းမှာ အာဒမ်သည် ဤခရီးသွားအဖွဲ့ထဲတွင် တစ်ဦးတည်းသော သာမန်အရပ်သား ဖြစ်နေသောကြောင့်ပင်။ သာမန်ဆင်းရဲသားတစ်ယောက်က မှော်ဆရာဖြစ်ရန် ကြိုးစားနေခြင်းကို သူတို့က အလွန်အမင်း အထင်သေးကြသည်။
မှော်ဆရာ ဖြစ်လာနိုင်သည့် အခွင့်အရေးမှာ များသောအားဖြင့် မှူးမတ်မျိုးနွယ်စုဝင် ကလေးများအတွက်သာ ဖြစ်သည်ကို လူတိုင်းသိကြသည်။ အာဒမ်မှာမူ လွန်ခဲ့သော နှစ်အနည်းငယ်က လှည့်လည်သွားလာနေသော မှော်ဆရာတစ်ဦး၏ ကျေးဇူးကြောင့် မှော်အတတ်သင်ယူရန် ပါရမီရှိကြောင်း အတည်ပြုခံခဲ့ရသဖြင့် အလွန်ကံကောင်းသူဟု ဆိုရမည်။ သို့သော်ငြားလည်း သာမန်လူတစ်ယောက်က မှော်လမ်းစဉ်ကို လျှောက်လှမ်းရန် ကြိုးစားခြင်းမှာ အလွန်ပင် ရှားပါးလှသည်။ ပါရမီရှိရန် လိုအပ်ရုံသာမက ပို၍အရေးကြီးသည်မှာ အဆမတန်များပြားသော ရင်းမြစ်ပစ္စည်းများ ပိုင်ဆိုင်ထားရန် လိုအပ်သောကြောင့် ဖြစ်သည်။
အာဒမ်သည် သူ့ထံ လျှောက်လာနေသော ရွှေရောင်ဆံပင်နှင့် လူငယ်ကို ကြည့်ကာ အံကြိတ်လိုက်မိသည်။ ဤကောင်လေး၏ အမည်မှာ ဂျက်ဖရီ ပါလ်မာဖြစ်ပြီး ကော်မီယာ ဘုရင့်နိုင်ငံမှ မြို့စားမင်းတစ်ဦး၏ သားဖြစ်သည်။ မြင့်မြတ်သော မျိုးရိုးမှ ဆင်းသက်လာသူပီပီ သူသည် အခြားသူအားလုံးကို၊ အထူးသဖြင့် အာဒမ်ကဲ့သို့ သာမန်လူများကို အမြဲတမ်း အောက်ခြေလူတန်းစားသဖွယ် ဆက်ဆံလေ့ရှိသည်။
ယခုအချိန်အထိ အာဒမ်သည် မလိုအပ်သော ပြဿနာများ မဖြစ်ချင်သဖြင့် ဤအုပ်စု၏ စော်ကားမှုအားလုံးကို နှုတ်ဆိတ်၍ သည်းခံလာခဲ့သည်။ သို့သော်လည်း အနက်ရောင်ချပ်ဝတ်နှင့် မှော်ဆရာက လူပေါင်းထောင်ချီကို တစ်ကိုယ်တည်း ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို မြင်တွေ့ပြီးနောက် အာဒမ်၏ ရင်ထဲတွင် သွေးများ ဆူပွက်လာခဲ့သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် မိမိကိုယ်ကိုယ် ကာကွယ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ယခုနေရာမှာ ကော်မီယာ ဘုရင့်နိုင်ငံနှင့် အလွန်ဝေးကွာနေပြီ ဖြစ်ရာ ဂျက်ဖရီ၏ သြဇာအာဏာမှာ ဤနေရာအထိ သက်ရောက်နိုင်မည်မဟုတ်ကြောင်း အာဒမ် ယုံကြည်နေသည်။
သူသည် ဂျက်ဖရီ၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်ကာ မေးလိုက်သည်။ “မင်း ဘာလိုချင်လို့လဲ?”
ဂျက်ဖရီမှာ အံ့အားသင့်သွားပြီး “အို... မင်းက စကားပြောတတ်သေးတာပဲလား။”
“ဟေ့ကောင်... အဲဒီအကြည့်က ဘာလဲ?”
“မင်းက ဂျက်ဖရီကို ပြန်ပြောရဲတယ်ပေါ့လေ?”
နောက်လိုက်နှစ်ယောက်မှာ ဂျက်ဖရီ၏ မျက်နှာသာရစေရန် အာဒမ်ကို စိုက်ကြည့်ကာ ငေါက်ငမ်းကြသည်။ အာဒမ်က သူတို့ကို ဂရုမစိုက်ပဲ ဂျက်ဖရီကိုသာ စူးစိုက်ကြည့်နေပြီး
“ဘာကိစ္စမှ မရှိရင် လစ်လိုက်တော့။ နောက်ခါ ငါ့ကို လာမရှုပ်နဲ့... ဒါ ငါ့ရဲ့ သတိပေးချက်ပဲ။”
ဤဆင်းရဲသားကောင်မှာ ဘယ်ကသတ္တိတွေ ရလာသလဲဟု ဂျက်ဖရီ မှင်တက်သွားမိသည်။ သို့သော် မကြာမီမှာပင် သူ ဒေါသထွက်ချောင်းချောင်းထွက်လာပြီး “အောက်တန်းစားကောင်... မင်းလို အနိမ့်စားကောင်က ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ!”
“ဂျက်ဖရီ၊ ဒီကောင်စုတ်ကို ကျွန်တော်တို့လက်ထဲသာ အပ်လိုက်။ သူ့နေရာသူသိအောင် ငါတို့ သင်ခန်းစာ ပေးလိုက်မယ်။” နောက်လိုက်နှစ်ယောက်က မကောင်းသော အကြံဖြင့် အာဒမ်ထံသို့ လျှောက်လာကြသည်။
သူတို့ထဲမှ တစ်ယောက်က ရုတ်တရက် အာဒမ်ထံသို့ ပြေးဝင်ကာ လက်သီးဖြင့် ထိုးလိုက်သည်။ အာဒမ်က တည်ငြိမ်စွာဖြင့် ဘေးသို့ ရှောင်လိုက်ရာ ထိုလက်သီးမှာ လေထဲတွင်သာ ဝဲသွားသည်။ ထို့နောက် အာဒမ်က လက်သီးကို မြှောက်ကာ ထိုကောင်၏ မျက်နှာကို ပြန်လည် ထိုးနှက်လိုက်သည်။ အာဒမ်၏ လျင်မြန်သော လှုပ်ရှားမှုကြောင့် ထိုကောင်မှာ အကာအကွယ်မဲ့သွားရသည်။ အာဒမ်က သူ့ကို ပြန်လည်တိုက်ခိုက်ဝံ့လိမ့်မည်ဟု သူ အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးချေ။
လက်သီးမှာ ကောင်လေး၏ နှာခေါင်းတည့်တည့်သို့ ကျရောက်သွားပြီး သူသည် မြေပြင်ပေါ်သို့ လဲကျကာ နာကျင်စွာ အော်ဟစ်တော့သည်။ “အားးး!! ငါ့နှာခေါင်း... ကျိုးသွားပြီ!” သူက အာဒမ်ကို မုန်းတီးသော မျက်လုံးများဖြင့် ကြည့်ကာ “မင်း... ဒီကောင်...”
ဘုန်း!
အာဒမ်က ကောင်လေး၏ မျက်နှာကို ခြေထောက်ဖြင့် နင်းချလိုက်ရာ သူ သတိလစ်သွားတော့သည်။ အနားသို့ ကပ်လာနေသော ကျန်တစ်ယောက်မှာလည်း ထိတ်လန့်တုန်လှုပ်သွားကာ ခြေလှမ်းများ တန့်သွားတော့သည်။ဂျက်ဖရီပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
“လာလေ... ဘာစောင့်နေတာလဲ?” အာဒမ်က ထိုကောင်ကို လှောင်ပြုံးပြုံးရင်း ကြည့်လိုက်သည်။ အနိုင်ကျင့်တတ်သူကို ပြန်လည်သင်ခန်းစာပေးရခြင်းမှာ တကယ်ပင် စိတ်ကျေနပ်စရာ ကောင်းလှသည်။
“ဟင်? ဟို... ဟို... အားးး!” ထိုကောင်လေးမှာ အာဒမ်ကို ပြန်လည်ဖြေရှင်းရန်ပင် မစွမ်းသာတော့ဘဲ ကြောက်လန့်လွန်းသဖြင့် ဆီးပင်ထွက်မတတ် ဖြစ်သွားရသည်။ နောက်ဆုံးတွင် သူသည် နောက်သို့လှည့်ကာ အမြီးကုပ်ပြီး စခန်းရှိရာသို့ အသည်းအသန် ပြေးထွက်သွားတော့သည်။
“သတ္တိနည်းလိုက်တဲ့ကောင်... ပြန်လာခဲ့စမ်း!” ဂျက်ဖရီက အော်ဟစ်သော်လည်း ထိုကောင်လေးမှာ ပို၍ပင် မြန်မြန်ပြေးတော့သည်။
“တောက်! ခွေးမသား...” ဂျက်ဖရီ ဆဲဆိုလိုက်မိသည်။ သူ လှည့်ကြည့်လိုက်သောအခါ အာဒမ်က မြေပြင်ပေါ်တွင် သတိလစ်နေသော ကောင်လေးထံမှ ငွေအိတ်ကို ကောက်ယူနေသည်ကို တွေ့လိုက်ရသည်။
“ဟေ့..သူခိုးကောင်! မင်း ဘာလုပ်တာလဲ ရပ်လိုက်စမ်း!”
အာဒမ်က ငွေအိတ်ကို ဆွဲယူကာ အတွင်းကို ကြည့်လိုက်သည်။ ရွှေဒင်္ဂါးပြားများစွာကို တွေ့လိုက်ရသဖြင့် သူ အံ့သြစွာ လေချွန်လိုက်မိသည်။ ဤငွေပမာဏမှာ သူကော်မီယာနိုင်ငံတွင် တစ်သက်လုံး စုဆောင်းခဲ့သည့် ငွေထက်ပင် ပိုများနေသေးသည်။ ထို့နောက် သူက ဂျက်ဖရီကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ “မင်းရဲ့ ငွေအိတ်ကိုပါ ထုတ်ပေးစမ်း။”
“မင်း...!” ဂျက်ဖရီမှာ မှင်တက်သွားရသည်။ ဤဆင်းရဲသားကောင်က သူ့လို မြို့စားမင်းသားတစ်ယောက်ကို ငွေညှစ်ရဲတယ်ပေါ့လေ?
ဒေါသများ လွှမ်းမိုးသွားသဖြင့် ဂျက်ဖရီသည် အာဒမ်ထံသို့ အော်ဟစ်ကာ ပြေးဝင်သွားတော့သည်။ “ခွေးမသား... ငါ မင်းကို သတ်မယ်! မင်း ဘယ်လိုတောင်—”
ဘုန်း!
အာဒမ်က ဂျက်ဖရီ၏ မျက်နှာကို လက်သီးဖြင့် အလွယ်တကူ ထိုးချလိုက်ရာ ဂျက်ဖရီမှာ သတိလစ်သွားတော့သည်။ ထို့နောက် ဂျက်ဖရီ၏ ကိုယ်ပေါ်မှ ငွေအိတ်ကို ဆွဲယူလိုက်သည်။ ဤအိတ်မှာ အဖိုးတန် ပိုးထည်ဖြင့် ပြုလုပ်ထားပြီး ပထမအိတ်ထက် နှစ်ဆခန့် ပိုလေးလေသည်။ ငွေအိတ်၏ အလေးချိန်ကို ခံစားမိသောအခါ အာဒမ် စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
“ဒါက ငါ့ကို အနိုင်ကျင့်ခဲ့တဲ့အတွက် ပေးရတဲ့ ဒဏ်ကြေးပဲ။” သူသည် မတ်တပ်ရပ်ကာ စခန်းရှိရာသို့ အားရပါးရ ရယ်မောရင်း လျှောက်လာခဲ့သည်။အချိန်အတော်ကြာ စိုးရိမ်ခဲ့ရသော ငွေကြေးအခက်အခဲမှာ ယခုကဲ့သို့ အလွယ်တကူ ပြေလည်သွားသဖြင့် စိတ်ထဲတွင် အလွန်ပင် ပျော်ရွှင်နေမိသည်။
ဂျက်ဖရီ၏ လက်စားချေမှုကိုလည်း သူ မကြောက်တော့ပေ။ ကော်မီယာ ဘုရင့်နိုင်ငံမှာ ယခုနေရာနှင့် အလွန်ဝေးကွာလှသည်။ ၎င်းအပြင် ခရီးသွားအဖွဲ့ကို စောင့်ရှောက်လာသည့် ကြေးစားစစ်သည်များမှာ ကလေးအချင်းချင်း ရန်ဖြစ်သည်ကို ဝင်ရောက်စွက်ဖက်လေ့ မရှိကြသောကြောင့်ပင်။
အာဒမ်သည် ကြေးစားစစ်သည်တစ်ဦး အစားအစာ ဝေငှနေသည့်နေရာသို့ သွားကာ တန်းစီစောင့်ဆိုင်းလိုက်သည်။ မိနစ်အနည်းငယ်အကြာတွင် သူ၏ ညစာဖြစ်သော ပေါင်မုန့်နှင့် အသားစွပ်ပြုတ်ကို ယူဆောင်ကာ စခန်းနှင့် အနည်းငယ်ဝေးသော မြက်ခင်းပြင်လေးပေါ်တွင် ထိုင်စားလေတော့သည်။
ညစာစားနေစဉ် သူသည် စောစောက မြင်တွေ့ခဲ့ရသည့် မဟာတိုက်ပွဲ မြင်ကွင်းနှင့် သူရောက်ရှိခဲ့သော ထူးဆန်းသည့် အဖြူရောင် ဟင်းလင်းပြင်အကြောင်းကို ပြန်လည်စဉ်းစားနေမိသည်။ ကြာပန်းအမှတ်အသား ပုန်းကွယ်နေသည့် သူ၏ နဖူးပြင်ကိုလည်း မသိလိုက်ဘဲ ပွတ်သပ်လိုက်မိသည်။
‘အဲဒီနေရာက ဘာဖြစ်မလဲ...’ အာဒမ်သည် ထိုထူးဆန်းသော နေရာရှိ မရေမတွက်နိုင်သော အလင်းစက်လေးများကို ပြန်လည် အမှတ်ရနေမိသည်။ထိုနေရာသို့ နောက်တစ်ကြိမ် မည်သို့သွားရမည်ကိုလည်း သူ သိချင်နေမိသည်။
သူသည် ညစာကို အမြန်ကုန်အောင်စားပြီးနောက် မြက်ခင်းပေါ်တွင် လှဲချလိုက်ကာ ကောင်းကင်ယံရှိ ကြယ်တာရာများကို ငေးကြည့်နေခဲ့သည်။ အနက်ရောင်ချပ်ဝတ်နှင့် မှော်ဆရာ တိုက်ခိုက်နေသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်လာပြီး သူ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်အရိပ်အယောင်များ ထင်ဟပ်လာသည်။
‘ငါလည်း တစ်နေ့ကျရင် အဲဒီမှော်ဆရာလိုမျိုး ဖြစ်လာနိုင်မလား...’
တိုက်ပွဲမြင်ကွင်းများမှာ သူ၏ ခေါင်းထဲတွင် ထပ်ခါတလဲလဲ ပေါ်လာရင်း အာဒမ်တစ်ယောက် တဖြည်းဖြည်းနှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။
မီးပုံဘေးရှိ လှည်းတစ်စီးအတွင်းတွင်မူ သံလွင်ရောင် ဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးသည် ပြတင်းပေါက်နားတွင် ထိုင်ကာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဖတ်ရှုနေသည်။ ရုတ်တရက် သူသည် ခေါင်းမော့လိုက်ရာ သူ၏တောက်ပသော မျက်ဝန်းပြာများမှာ အိပ်ပျော်နေသည့် အာဒမ်ထံသို့ ရောက်ရှိသွားသည်။ထို့နောက် ထိုသူ၏ အကြည့်မှာ အာဒမ်၏ ကိုယ်ပေါ်ရှိ ဖောင်းကားနေသော ငွေအိတ်များထံသို့ ရောက်သွားသည်။ ခဏအကြာတွင် သူ၏ အကြည့်မှာ တောအုပ်အတွင်းရှိ ကွင်းပြင်ဆီသို့ ရောက်သွားပြီး သတိလစ်နေသော ကောင်လေးနှစ်ဦးကို မြင်လိုက်ရသည်။ ထိုအမျိုးသား၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားသော်လည်း နောက်ဆုံးတွင်မူ သူသည် သက်ပြင်းတစ်ချက်ကိုသာ ဖွဖွလေးချလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်လေတော့သည်။