အက်ဒဝပ်သည် အာဒမ်ကို ကြည့်ရင်း လုံးဝ မှင်တက်နေမိသည်။ သူ၏ အခန်းဖော်သည် အရင်ကထက် အရပ်ရှည်လာရုံသာမက ယခင်ကထက် များစွာ သွယ်လျကျစ်လျစ်သွားသည်။ သူ ဒါကို မယုံနိုင်အောင် ဖြစ်နေရသည်။ 'ခန္ဓာကိုယ်သန့်စင်ဆီ' က တကယ်ပဲ ဒီလောက်အထိ အစွမ်းထက်တာလား? အက်ဒဝပ်အတွက်တော့ ဒါဟာ စဉ်းစားလို့ပင် မရနိုင်သည့် အရာဖြစ်သည်။ သူသည် ပါးစပ်အဟောင်းသားနှင့် အတော်ကြာ စိုက်ကြည့်နေပြီးနောက် အံ့သြတကြီး မေးလိုက်သည်။
"အာဒမ်... ဒါ တကယ်ပဲ မင်းလား!?"
အာဒမ်က သူ၏သူငယ်ချင်းကို ပြုံးပြပြီး ပြန်ပြောလိုက်သည်။ "ဟဲဟဲ... ငါမဟုတ်လို့ ဘယ်သူ—"
သို့သော် သူ ပြောလက်စ စကားပင် မဆုံးသေးမီမှာပင် သူ၏အပြုံးများ အေးခဲသွားပြီး မျက်လုံးများ လန်တက်ကာ ရှေ့သို့ မှောက်လျက် လဲကျသွားတော့သည်။ ပြင်းထန်လွန်းလှသော ခန္ဓာကိုယ် ပြန်လည်တည်ဆောက်မှု ဖြစ်စဉ်ကို ခံစားခဲ့ရပြီးနောက် သူ၏ ခန္ဓာကိုယ်က ဒဏ်မခံနိုင်တော့ဘဲ ချက်ချင်း သတိလစ်သွားခြင်း ဖြစ်သည်။
အာဒမ် မြေပြင်ပေါ်သို့ မလဲကျမီမှာပင် သတ္တုဂိုလမ်ကြီးက လျင်မြန်ညင်သာစွာ ဖမ်းယူလိုက်ပြီး ပုခုံးပေါ်သို့ တင်လိုက်သည်။
"သူ့ကို ဧည့်ခန်းထဲမှာ သွားသိပ်လိုက်" ဟု ဘာဂါက ညွှန်ကြားလိုက်သည်။
ဂိုလမ်ကြီးသည် အာဒမ်ကို တိတ်တဆိတ် သယ်ဆောင်သွားပြီး အခန်း၏ အခြားတစ်ဖက်ရှိ ဧည့်ခန်းလေးဆီသို့ လျှောက်သွားသည်။ ထွားကြိုင်းလှသော ဂိုလမ်ကြီး ထွက်ခွာသွားသည်ကို ကြည့်ပြီး အက်ဒဝပ်က စိုးရိမ်တကြီး မေးလိုက်သည်။
"အာဒမ် အဆင်ပြေပါ့မလား?"
စာတမ်းများပေါ်ရှိ မှတ်စုများကို လေ့လာနေသော ဘာဂါက လှည့်မကြည့်ဘဲ ပြန်ဖြေသည်။ "စိတ်မပူနဲ့။ အဲဒီကလေးက ပင်ပန်းသွားရုံတင်ပါ။"
"ဟုတ်ကဲ့ပါ..." အက်ဒဝပ်က အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
ဘာဂါသည် နောက်ဆုံးတွင် လှည့်လာပြီး အက်ဒဝပ်ဆီသို့ လျှောက်လာသည်။ သူသည် အိတ်ထဲမှ သတ္တုဖလားလေးတစ်ခုကို ထုတ်ပြီး ကောင်လေးကို ပေးလိုက်သည်။ "ငါ့ကိုယုံပါ၊ မင်းသူငယ်ချင်းက အဆင်ပြေသွားမှာပါ။ ပြီးတော့ ရော့…ဒါက မင်းအမေအတွက်ဆေးရည်ပဲ။"
အက်ဒဝပ်သည် ဂနုမ်းကြီး၏ လက်ထဲမှ သတ္တုဖန်ဘူးကို မြင်လိုက်ရသောအခါ မျက်လုံးများ ဝင်းလက်သွားသည်။ သူသည် ၎င်းကို ဂရုတစိုက် ယူလိုက်ပြီး သူ၏ ဝတ်ရုံအိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ဘာဂါကို ကြည့်ကာ ရိုးသားစွာ ပြောလိုက်သည်။ "တကယ်ကို ကျေးဇူးတင်ပါတယ် ဆရာ။"
ဘာဂါက လက်ကာပြလိုက်သည်။ "ကဲ... သွားတော့! အာဒမ် နိုးလာရင် ငါ သူ့ကို အကယ်ဒမီကို ပြန်ပို့လိုက်မယ်။"
အက်ဒဝပ်သည် ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။ "နောက်တစ်ကြိမ် ထပ်ပြီး ကျေးဇူးတင်ပါတယ်!"
ထို့နောက် သူသည် လှည့်ထွက်လာပြီး ဆိုင်ပြင်သို့ ပြေးထွက်သွားတော့သည်။ လူငယ်လေးသည် ဈေးအတွင်းရှိ စည်ကားသော လမ်းမများအတိုင်း ပြေးလွှားသွားရင်း သူ၏အိတ်ကပ်ထဲမှ ဆေးရည်ကို မထိခိုက်အောင် သတိထားနေမိသည်။ ဈေးဧရိယာမှ ထွက်လာပြီးနောက် အက်ဒဝပ်သည် ဆိပ်ကမ်းတစ်လျှောက် ပြေးလာခဲ့ပြီး နောက်ဆုံးတွင် လမင်းတံတား ပေါ်သို့ ရောက်လာသည်။ သူသည် ခဏမျှပင် နားမနေဘဲ တောက်ပနေသော တံတားကြီးကို ဖြတ်ကျော်ကာ မြောက်ဘက်ရပ်ကွက်ဆီသို့ ဆက်လက် ပြေးသွားခဲ့သည်။
ဆယ်မိနစ်ခန့်အကြာတွင် အက်ဒဝပ်သည် သူကောင်းမျိုးရပ်ကွက်အတွင်းသို့ ရောက်ရှိသွားပြီး ကြီးကျယ်ခမ်းနားသော စံအိမ်ကြီးတစ်ခု၏ သတ္ထုတံခါးကြီးရှေ့တွင် ရပ်လိုက်သည်။ ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော လူများက တံခါးကို စောင့်ကြပ်နေကြသော်လည်း အက်ဒဝပ်ကို မြင်သောအခါ သူတို့က ရိုသေစွာ ဦးညွှတ်ပြီး တံတားကို ဖွင့်ပေးလိုက်ကြသည်။
"မင်္ဂလာညချမ်းပါ သခင်လေး!"
အက်ဒဝပ်သည် သူတို့ကို ဂရုမစိုက်ဘဲ အမောတကောနှင့် စံအိမ်အတွင်းသို့ ပြေးဝင်သွားသည်။ သူသည် သူ့ကို ဦးညွှတ် နှုတ်ဆက်ကြသော အိမ်စေများနှင့် အလုပ်သမားများကိုလည်း ဂရုမစိုက်နိုင်အားပေ။ ဒုတိယထပ်သို့ ရောက်ပြီး သီးသန့် အခန်းတစ်ခု၏ တံခါးဝသို့ ရောက်မှသာ သူ အသက်ရှူရန် ခဏရပ်လိုက်သည်။
သူသည် အသက်ကို ဝဝရှူပြီး တံတားကို ညင်သာစွာဖွင့်ကာ အိပ်ပျော်နေပုံရသော ပုံရိပ်တစ်ခုရှိရာ ကုတင်ဆီသို့ လျှောက်သွားလိုက်သည်။ အက်ဒဝပ်သည် ကုတင်ဘေးသို့ ရောက်သောအခါ တိုးတိုးလေး ခေါ်လိုက်သည်။ "အမေ! အမေ! ကျွန်တော် အမေ့အတွက် ဆေးယူလာပြီ။ ထပါဦး!"
နွေးထွေးသော စောင်ထဲတွင် အိပ်နေသော အမျိုးသမီးသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူမ၏ အသားအရေမှာ အလွန် ဖြူဖျော့နေပြီး မျက်လုံးအောက်တွင် အညိုကွင်းများ ရှိနေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဤအမျိုးသမီးမှာ အပြင်းအထန် နာမကျန်းဖြစ်နေသည်ကို သိနိုင်သည်။
"အက်ဒီ... အဲဒါ မင်းလား?" ထိုအမျိုးသမီးက လက်ကို ဆန့်ပြီး အက်ဒဝပ်ဆီသို့ လက်လှမ်းလိုက်သည်။
အက်ဒဝပ်က သူမ၏လက်ကို နူးညံ့စွာ ဆုပ်ကိုင်လိုက်ပြီး မျက်ရည်ဝဲလျက် ပြောလိုက်သည်။ "ဟုတ်ကဲ့ အမေ၊ ကျွန်တော် အက်ဒီပါ။"
အက်ဒဝပ်၏ နောက်မှ အခန်းထဲသို့ ဝင်လာသော အိမ်စေမလေးတစ်ဦးက သူ၏အမေကို ထိုင်နိုင်အောင် ကူညီပေးသည်။ သူ၏အမေမှာ ထိုင်ရန် ကြိုးစားရင်းပင် ပြင်းထန်စွာ ချောင်းဆိုးနေရှာသည်။
"ရော့... ဒါကို တိုက်လိုက်ပါ" အက်ဒဝပ်က ဆေးဘူးကို အိမ်စေမလေးအား ပေးလိုက်သည်။ သူ၏အမေမှာ ဆေးကို အခက်အခဲများစွာနှင့် သောက်နေရသည်ကို ကြည့်ပြီး သူ ရင်ထဲတွင် နာကျင်နေမိသည်။
အက်ဒဝပ် မွေးဖွားပြီး လအနည်းငယ်အကြာမှာပင် သူ၏အမေမှာ အပြင်းအထန် ဖျားနာခဲ့ခြင်း ဖြစ်သည်။ အက်ဒဝပ့်အဖေ၏ အဆက်အသွယ်များနှင့် ဘာဂါ၏ မှော်ဆေးရည်များကြောင့်သာ သူမသည် ယနေ့အထိ အသက်ရှင် နေနိုင်ခဲ့ခြင်း ဖြစ်သည်။ ဘာဂါကဲ့သို့ ဆေးဖက်ဆိုင်ရာ အတွေ့အကြုံရှိသူပင်လျှင် သူမ၏ ရောဂါအကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။
ဤအချက်ကပင် အက်ဒဝပ်အား မိခင်၏ ဝေဒနာအတွက် သူ့ကိုယ်သူ အပြစ်တင်မိစေပြီး ဖခင်ဖြစ်သူနှင့်လည်း စိမ်းကားသွားစေခဲ့သည်။ သူ မွေးဖွားလာခြင်းက အမေ၏ ဖျားနာမှုနှင့် ဆက်စပ်နေသည်ဟု ကောင်လေးက ယုံကြည်နေပြီး မိမိကိုယ်ကို ဘယ်တော့မှ ခွင့်မလွှတ်နိုင်ခဲ့ချေ။
သူသည် စိတ်မကောင်းဖြစ်ကာ တိုးတိုးလေး ငိုနေစဉ်မှာပင် သူ၏အမေက သူ၏ခေါင်းကို နူးညံ့စွာ ပွတ်သပ်ပေးပြီး နွေးထွေးစွာ ပြောလိုက်သည်။ "ငါ့သားလေး အက်ဒဝပ်၊ မင်း ဘာလို့ ငိုနေပြန်ရတာလဲ? ကြည့်စမ်း... အမေ ဆေးသောက်ပြီးသွားရင် နေကောင်းသွားမှာပါ။"
"ဟုတ်ကဲ့" အက်ဒဝပ် ခေါင်းညိတ်ပြီး မျက်ရည်များကို သုတ်လိုက်သည်။
"အမေ့အတွက် စိတ်မပူနဲ့နော်၊ ဟုတ်ပြီလား?" သူ၏မိခင် 'အီလီယာ'က သူ့ကို နှစ်သိမ့်သည်။ "ဒီနေ့ အမေ့ဆေးကို မင်းကိုယ်တိုင် ဘယ်လိုဖြစ်ပြီး ယူလာရတာလဲ? အမြဲတမ်း မင်းအဖေရဲ့ လူတွေပဲ လာပို့နေကျလေ။"
အက်ဒဝပ်က အတင်းပြုံးရင်း ပြန်ဖြေသည်။ "အမေ... ဒီနေ့ ကျွန်တော် အခန်းဖော်နဲ့အတူ မှော်ဆရာ ဘာဂါရဲ့ ဆိုင်ကို သွားခဲ့တာပါ။ အဲဒီကျမှ သူက အမေ့အတွက် ဆေးတွေကို အခုထိ ဖော်စပ်ပေးနေတဲ့သူဆိုတာ သိခဲ့ရတာ။ အဲဒါနဲ့ သူက ကျွန်တော့်ကို ဆေးပေးလိုက်ပြီး အမေ့ကို တိုက်ခိုင်းလိုက်တာပါ။"
အီလီယာသည် ပါးစပ်ကို ပိတ်ကာ ချောင်းဆိုးလိုက်သည်။ ထို့နောက် ရေအနည်းငယ် သောက်ပြီး ခေါင်းညိတ်ပြသည်။ "အဘိုးကြီး ဘာဂါက အမေ့ကို အများကြီး ကူညီခဲ့တာ။ မင်း သူနဲ့ ရင်းနှီးသွားတာ ကောင်းပါတယ်။ သူက အရမ်း ပညာရှိတဲ့သူပဲ။"
သားအမိနှစ်ယောက် အကြာကြီး စကားပြောဖြစ်ကြသည်။ အက်ဒဝပ်သည် အကယ်ဒမီ တက်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်တွေ့ခြင်းဖြစ်၍ ပြောစရာများစွာ ရှိနေသည်။ သူ၏ အခန်းဖော် အာဒမ်အကြောင်းနှင့် အကယ်ဒမီက အကြောင်းများကို ပြောပြနေခဲ့သည်။ ဆယ်မိနစ်ခန့် ကြာပြီးနောက် ဆေးရှိန်ကြောင့် သူ၏အမေ ငိုက်စပြုလာသည်ကို သတိထားမိသောအခါ အက်ဒဝပ်က ချစ်ခင်စွာ ပြောလိုက်သည်။
"အမေ... အခု နားလိုက်တော့နော်။ ကျွန်တော် မနက်ဖြန်ကျမှ ထပ်လာခဲ့မယ်။"
"ကောင်းပြီ အက်ဒီ" အီလီယာ ခေါင်းညိတ်သည်။ "မင်းလည်း အခန်းကို ပြန်ပြီး နားတော့။ အမေနဲ့ မနက်ဖြန်မှ တွေ့ကြတာပေါ့။"
"ဟုတ်ကဲ့ အမေ!" အက်ဒဝပ်သည် ခြေဖျားထောက်ပြီး အီလီယာ၏ နဖူးကို နမ်းလိုက်သည်။ ထို့နောက် သူသည် လှည့်ထွက်ပြီး သူ၏ အခန်းဆီသို့ ပြေးသွားတော့သည်။
သူ၏ ချစ်လှစွာသော သားလေး၏ ကျောပြင်ကို ကြည့်ရင်း အီလီယာ၏ မျက်ရည်များမှာ မထိန်းနိုင်ဘဲ စီးကျလာသည်။ သူမက တိုးတိုးလေး ရေရွတ်လိုက်သည်။
"အမေ နောက်ထပ် ဘယ်လောက်ကြာကြာ နေရဦးမလဲ မသိဘူး... အမေ့ရဲ့ တစ်ခုတည်းသော ဆုတောင်းကတော့ သားရယ်၊ အီလိန်းရယ်၊ ဗစ်တာရယ် ပျော်ပျော်ရွှင်ရွှင် နေသွားကြဖို့ပါပဲ။"
အီလီယာသည် သူမ၏ ရောဂါကြောင့် တစ်နေ့နေ့တွင် သေဆုံးရတော့မည်ကို သိနေသည်။ သူမသည် သေခြင်းတရားကို မကြောက်ပေ၊ သို့သော် သူမ မရှိတော့သည့်နောက်တွင် သူမ၏ မိသားစု ခံစားရမည့် နာကျင်မှုနှင့် ဝေဒနာများကိုသာ စိုးရိမ်နေမိခြင်း ဖြစ်သည်။
ဖြူဖျော့သော ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျရင်း အီလီယာသည် မကြာမီမှာပင် အိပ်ပျော်သွားတော့သည်။ သူမသည် ဘယ်တော့မှ ရောက်မလာတော့မည့် ပိုမိုကောင်းမွန်သော နေ့ရက်များအကြောင်းကို အိပ်မက်မက်နေရှာသည်။
ဤကျယ်ပြောလှသော ကမ္ဘာကြီးတွင် ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ လူတိုင်းမှာ တစ်မျိုးမဟုတ် တစ်မျိုး နာကျင်မှုနှင့် ဆင်းရဲဒုက္ခတွေကို ခံစားကြရစမြဲပင်။ အကြောင်းမှာ... အသက်ရှင်နေထိုင်ခြင်းသည်ပင် ဆင်းရဲဒုက္ခတစ်မျိုး ဖြစ်သောကြောင့်ပင်။ ထိုဆင်းရဲဒုက္ခများကြားတွင် အဓိပ္ပာယ်တစ်ခုခုကို ရှာဖွေတွေ့ရှိခြင်းကသာ ဆက်လက်ရှင်သန်ခြင်းပင် ဖြစ်တော့သည်။