ဘာဂါက လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ လက်ထိပ်တွင် သေးငယ်သော မှော်စက်ဝန်းတစ်ခု ပေါ်လာသည်။ ထို့နောက် 'ခန္ဓာကိုယ်သန့်စင်ဆီ' ပါရှိသော ဖန်ပုလင်းလေးသည် သစ်သားရေချိုးကန်၏ အထက်တည့်တည့်သို့ လွင့်ပျံသွားပြီး အတွင်းရှိ အရည်များကို လောင်းချလိုက်သည်။ အာဒမ်သည် ကြည်လင်သော ထိုအရည်များ ရေကန်ထဲသို့ ကျသွားသည်ကို မျှော်လင့်တကြီး ကြည့်နေမိသည်။
မကြာမီမှာပင် ထိုအဆီသည် မှော်ပေါင်းခံရည်၊ ရှောက်သီးအဆီအနှစ်တို့နှင့် ရောနှောသွားတော့သည်။ ရေချိုးကန်ဘေးတွင် ဘားဂါသည် သားရေစာတမ်းများနှင့် ငှက်တောင်ကလောင်များကို အသင့်ပြင်ထားပြီးဖြစ်သည်။ သူက လက်တစ်ချက် ထပ်ယမ်းလိုက်ရာ စာတမ်းများမှာ သူ၏ပတ်လည်တွင် ဝဲပျံလာပြီး ကလောင်များမှာလည်း လုပ်ငန်းစဉ်တစ်ခုလုံးကို အလိုအလျောက် မှော်ဆန်စွာ စတင်မှတ်တမ်းတင်ကြသည်။
မကြာခင်မှာပင် မှော်ရေနှင့် ရှောက်သီးအဆီအနှစ် ရောစပ်ထားသော အရည်သည် အာဒမ်၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်များကို အစွမ်းကုန် ချဲ့ပေးလိုက်ရာ အာဒမ်မှာ နာကျင်လွန်းသဖြင့် အော်ဟစ်မိတော့သည်။
"အားးးးးးးးးးးးး!!"
လူငယ်လေးမှာ ပြင်းထန်လွန်းသော နာကျင်မှုကြောင့် မျက်လုံးများပင် လန်တက်သွားရသည်။ အစပိုင်းမှာတင် ဤမျှ နာကျင်နေလျှင် နောက်ပိုင်းတွင် မည်မျှအထိ ဆိုးရွားလာမည်ကို သူ မတွေးရဲတော့ပေ။
"တောင့်ခံထားစမ်း ကောင်လေး" ဘာဂါ၏ မျက်နှာမှာ တည်ငြိမ်နေဆဲပင်။ သူက လက်ဖျောက်တစ်ချက် တီးလိုက်ရာ အာဒမ်၏အထက်တွင် တောက်ပသော မှော်အင်းကွက်တစ်ခု လင်းလက်လာသည်။
အဆင့် (၂) မှော်အတတ် - စိတ်တည်ငြိမ်စေခြင်း !
ထိုဂါထာကို ရွတ်လိုက်သည်နှင့် အာဒမ်၏ နာကျင်နေသော မျက်နှာမှာ ငြိမ်သက်သွားသည်။ နာကျင်မှုက ရှိနေဆဲ ဖြစ်သော်လည်း သူ၏စိတ်မှာ နာကျင်မှု သက်သာသွားပြီဟု လှည့်စားခံ လိုက်ရခြင်းဖြစ်သည်။ ဤသည်မှာ ပြုစားခြင်းပညာရပ် ၏ စွမ်းပကားပင် ဖြစ်သည်!
နာကျင်မှုကို ခံစားရမှု လျော့နည်းသွားသော်လည်း အာဒမ်မှာ အံကြိတ်ကာ ဆက်လက် ရုန်းကန်နေရဆဲဖြစ်သည်။ ရေပျော်ရည်က သူ၏အရေပြားရှိ ချွေးပေါက်များကို ဖွင့်ပေးထားပြီး ခန္ဓာကိုယ်သန့်စင်ဆီက ဖြည်းဖြည်းချင်း စိမ့်ဝင်လာနေသည်။ မိနစ်အနည်းငယ် ကုန်ဆုံးသွားသော်လည်း အာဒမ်မှာ ထိုကြောက်စရာကောင်းသော နာကျင်မှုကို ဆက်လက် တောင့်ခံနေရသည်။ ဘာဂါသည် ရေချိုးကန်ကို ပတ်လျှောက်နေပြီး သူ၏မျက်လုံးများမှာ အရောင်တောက်နေသည်။ ငှက်မွှေးကလောင်များမှာလည်း လွင့်ပျံနေသော စက္ကူများပေါ်တွင် မှတ်စုများကို အဆက်မပြတ် ရေးနေကြသည်။
ယခုအခါ သွေးရောင် လွှမ်းနေပြီဖြစ်သော ရေမျက်နှာပြင်မှ အငွေ့များ စတင်ထွက်ပေါ်လာပြီး ခန္ဓာကိုယ်သန့်စင်ဆီမှာ အတားအဆီးတစ်ခုနှင့် တွေ့နေပုံရသည်။၎င်းသည် အာဒမ်၏ ခန္ဓာကိုယ်အတွင်းပိုင်းသို့ ထပ်မံ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိတော့ချေ။ ထိုအချိန်တွင် ဘာဂါက သူ၏ သတ္တုဂိုလမ်ကို အမိန့်ပေးလိုက်သည်။
"အခုပဲ!"
ဂိုလမ်က သွေးစုပ်မျှော့ ၅ ပေါင်ကို ရေချိုးကန်ထဲသို့ လောင်းထည့်လိုက်သည်။ ဤမျှော့များမှာ အလွန်သေးငယ်သော သတ္တဝါလေးများ ဖြစ်ကြသည်။ ၎င်းတို့သည် အာဒမ်၏ ချွေးပေါက်များမှ ထွက်လာသော သွေးနံ့ကို ရသွားကြပြီ ချက်ချင်းပင် အာဒမ်ဆီသို့ ကူးခတ်သွားကြသည်။ ဤမျှော့များမှာ ထူးဆန်းသော သတ္တဝါများဖြစ်ပြီး ပိုးဖလံများနှင့် အလွန်တူသည်။ သူတို့သည် သွေးကို မြင်သည်နှင့် မဆင်မခြင် အတင်းတိုးဝင်ကြသော်လည်း ထိုသွေးသည်ပင် သူတို့၏ သေမင်းတမန် ဖြစ်လာတော့သည်။
ခဏချင်းမှာပင် မျှော့များသည် အာဒမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်သွားပြီး အတွင်းပိုင်းအထိ ဆက်လက် တိုးဝင်သွားကြသည်။ ၎င်းတို့သည် အသားစိုင်များ၊ ကြွက်သားများနှင့် အကြောများကို ဖြတ်သန်းကာ နောက်ဆုံးတွင် အရိုးများအထိ ရောက်ရှိသွားသည်။ သို့သော် ထိုအချိန်တွင် ၎င်းတို့မှာ တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားကြပြီဖြစ်သည်။ သွေးသည် သူတို့အတွက် အာဟာရဖြစ်သလို သူတို့၏ အသက်ကို နုတ်ယူသည့်အရာလည်း ဖြစ်သည်။
"တကယ့်ကို စိတ်ဝင်စားစရာပဲ!" ဘာဂါက ရေရွတ်လိုက်သည်။ "ဒီလို သာမန်သတ္တဝါလေးတွေက ဒီလောက် ထိရောက်တဲ့ ရလဒ်ပေးနိုင်လိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ဒီကောင်လေးကို သင်ပေးခဲ့တဲ့ ဆေးဖက်ဝင်အပင်ပညာရှင်က တကယ့် ပါရမီရှင်ပဲ။ သူက ယူရီရယ်လ်တိုက်ကြီးကများလား... ဒါမှမဟုတ်..."
"အားးးးးးးးးးးး!!"
အာဒမ် ခံစားနေရသော နာကျင်မှုမှာ ဆယ်ဆခန့် တိုးလာသည်။ ရေတွက်မရနိုင်သော သွေးစုပ်မျှော့များသည် သေဆုံးသွားသော်လည်း ၎င်းတို့မှာ အာဒမ်၏ အသားစိုင်များအတွင်း၌ သေးငယ်သော လမ်းကြောင်းလေးများကို ဖောက်ပေးခဲ့သဖြင့် ခန္ဓာကိုယ်သန့်စင်ဆီမှာ ပို၍ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားနိုင်တော့သည်။ အဆီ၏ အာနိသင်မှာ အဆမတန် တိုးလာပြီး အာဒမ်၏ အရေပြား၊ အသားစိုင်၊ ကြွက်သား၊ အကြောနှင့် အရိုးများအထိ အပြည့်အဝ အာဟာရဖြည့်တင်းပေးလိုက်သည်။ ဖြည်းဖြည်းချင်းမှာပင် ၎င်းတို့မှာ အာဒမ်၏ ခန္ဓာကိုယ်အတွက် အကောင်းမွန်ဆုံးသော ပုံစံဖြင့် ပြန်လည် ဖွဲ့စည်းလာကြသည်။
သွေးရောင် လွှမ်းနေသော ရေများသည် အငွေ့များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ အာဒမ်၏ ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် အပြင်းအထန် တုန်ခါနေဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ လန်တက်နေသော်လည်း နာကျင်မှုကြောင့် သူ သတိလစ်မသွားဘဲ ဖြစ်နေရသည်။ သူ နောက်ထပ် တောင့်မခံနိုင်တော့ဘဲ သတိလစ်တော့မည်ဟု ခံစားရချိန်မှာပင် ဘာဂါ၏ အသံက နားထဲသို့ တိုးဝင်လာသည်။
"တောင့်ခံစမ်း ကောင်လေး! မင်းပြောခဲ့တာကို မှတ်မိလား... မခံစားနိုင်ရင် မစံစားရနိုင်ဘူးဆိုတာ!"
ထိုသို့ပြောပြီးနောက် သူက လက်နှစ်ဖက်ကို ဖြောင်းခနဲမြည်အောင် ရိုက်လိုက်ရာ အာဒမ်၏ အထက်တွင် နောက်ထပ် မှော်စက်ဝန်း နှစ်ခု ထပ်မံ ပေါ်လာပြန်သည်။ ၎င်းမှာ ရှေ့က အသုံးပြုခဲ့သည့် စိတ်တည်ငြိမ်စေသော မှော်အတတ်ပင် ဖြစ်သည်။ အာဒမ်၏ မျက်လုံးများ ပြန်လည် ကြည်လင်လာပြီး စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ‘ဇွဲရှိစမ်း! ငါ ဇွဲရှိရမယ်!’
"ဟားးးးးးး!!" သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ကောင်းကင်သို့ မော့ကာ ဟိန်းလိုက်သည်။
ကန်ထဲရှိ အရည်များသည် အပူကြောင့် လျင်မြန်စွာ လျော့နည်းလာသည်။ အငွေ့များစွာ ထွက်ပေါ်လာပြီး ဒုတိယထပ် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ အာဒမ်၏ ခန္ဓာကိုယ်မှာ ငယ်စဉ်ကတည်းက ခွန်အားလေ့ကျင့်ခန်းများ လုပ်ခဲ့သဖြင့် အတော်လေး ထွားကြိုင်း သန်မာခဲ့သည်။ သို့သော် ယခုအခါ ခန္ဓာကိုယ်သန့်စင်ဆီ၏ အကူအညီဖြင့် သူ၏ ခန္ဓာကိုယ်မှာ ထွားကြိုင်းနေရာမှ ပြန်လည် ကျစ်လျစ်သွားတော့သည်!
လူငယ်လေး၏ ခန္ဓာကိုယ်မှာ အတွင်းမှ အပြင်သို့ အံ့သြဖွယ် အသွင်ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။ သူ၏ အရိုးများ သန်မာလာပြီး ကြွက်သားနှင့် အကြောများမှာ ပို၍ ကျစ်လျစ်အောင် ပြန်လည် ပြုပြင်ခံလိုက်ရသည်။ သူ၏ ကြွက်သားများမှာ သေးငယ်သွားသည်ဟု ထင်ရသော်လည်း၊ အမှန်စင်စစ် ၎င်းတို့အတွင်း၌ ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေပြီ ဖြစ်သည်။
ကလောင်များမှာလည်း ဖြစ်စဉ်တစ်ခုလုံးကို စက္ကူများပေါ်တွင် အဆက်မပြတ် ရေးနေကြသည်။ ဤရိုးရှင်းသော လုပ်ငန်းစဉ်လေးမှပင် ဘာဂါသည် လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံနှင့် ပတ်သက်ပြီး များစွာ လေ့လာလိုက်ရသည်။ ထို့ထက်ပို၍ သူသည် ကြီးမားသော စိတ်ကူးဉာဏ်သစ်များကို ရရှိလိုက်သည်! သူ ယခု သိရှိလိုက်ရသည့် အချက်များကို အသုံးချပါက နောင်တွင် သူလုပ်မည့် စမ်းသပ်မှုများမှာ ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလာပြီး မထင်မှတ်ထားသော ရလဒ်ကောင်းများ ရရှိလာမည်မှာ သေချာလှသည်။
နောက်ထပ် ၁၂ မိနစ်ခန့်အကြာတွင် ကန်ထဲရှိ ရေများမှာ လုံးဝ အငွေ့ပျံသွားခဲ့ပြီ။ အက်ဒဝပ်မှာလည်း မည့်သည့်အချိန်ကမန်းမသိ နိုးလာခဲ့ပြီး ရေချိုးကန်ရှိရာသို့ အာရုံစိုက် ကြည့်နေသည်။ သို့သော် အခန်းတစ်ခုလုံး အငွေ့များ ဖုံးနေသဖြင့် သူ ဘာမှ သေချာမမြင်ရချေ။ ဘာဂါကမူ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။ သူသည် အားရပါးရ တဟားဟား ရယ်မောလိုက်သည်။
"ဟားဟားဟား! စိတ်ဝင်စားစရာပဲ….၊ တကယ်ကို စိတ်ဝင်စားစရာပဲ!"
အက်ဒဝပ်က အာဒမ်အကြောင်းကို ဂနုမ်းကြီကို မေးမည်အလုပ် အငွေ့များမှာ ကွဲထွက်သွားပြီး ရေချိုးကန်ထဲမှ ကိုယ်လုံးတီးဖြင့် ထွက်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ အက်ဒဝပ်၏ မျက်လုံးများမှာ ထိုပုံရိပ်ကို မြင်လိုက်ရသည်နှင့် မယုံနိုင်အောင် ပြူးကျယ်သွားတော့သည်။
အာဒမ်သည် ကန်ထဲမှ ဖြည်းဖြည်းချင်း ထွက်လာကာ မြေပြင်ပေါ်တွင် တည်ငြိမ်စွာ ရပ်လိုက်သည်။ သူ၏ အရပ်မှာ အနည်းငယ် ပိုရှည်လာသလို ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ အရင်က သူသည် ထွားကြိုင်းသော ပုံစံမျိုး ဖြစ်သော်လည်း ယခုမူ ကျစ်လျစ် သွယ်လျသော ပုံစံ ဖြစ်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားများမှာ ကျွမ်းကျင်သော ပန်းပုဆရာတစ်ဦးက ထုဆစ်ထားသကဲ့သို့ အဖုအထစ်များဖြင့် လှပစွာ ပေါ်လွင်နေသည်။
အာဒမ်သည် သူ၏ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးတွင် စီးဆင်းနေသော ကြီးမားသော စွမ်းအားကို ခံစားလိုက်ရသည်။ သူသည် အားရပါးရ ပြုံးလိုက်မိသည်။
"ဒီလောက်အထိ နာကျင်ခံစားခဲ့ရတာ... နောက်ဆုံးတော့ တန်သွားပြီပဲ!"