ဘာဂါ၏ မုတ်ဆိတ်မွေးများကို ချစ်စဖွယ် လိုက်ကစားနေသည့် အနက်ရောင် ခွေးလေးကို ကြည့်ပြီး အာဒမ်နှင့် အက်ဒဝပ်တို့မှာ ဆွံ့အလျက် ရှိနေကြသည်။ အန္တရာယ်ကင်းပြီး ချစ်စရာကောင်းပုံရသော ဤသတ္တဝါလေးသည် ဟင်းလင်းပြင် (Space) ကို ဆွဲဖြဲပြီး ဘယ်ကမှန်းမသိသော နေရာမှ ခုန်ထွက်လာခဲ့ခြင်းဖြစ်သည်။ ကလေးနှစ်ယောက် မည်မျှ အံ့သြသွားသည်ကို ဖော်ပြရန် စကားလုံးပင် ရှာမရတော့ပေ။
အာဒမ်သည် အမွှေးပွပွ အမြီးလေးနှင့် မျက်လုံးအထက်တွင် မျက်ခုံးမွှေးနှင့်တူသော အညိုရောင် အစက်နှစ်စက်ပါသည့် အနက်ရောင် ခွေးလေးကို ကြည့်လိုက်သည်။ ထို့နောက် ပြန်လည် ပိတ်စပြုနေပြီဖြစ်သော ဟင်းလင်းပြင် အက်ကြောင်းကြီးကို ကြည့်ကာ မသိစိတ်အရ တံတွေးမျိုချမိလိုက်သည်။ ထိုနေရာရှိ အရောင်များမှာ တစ်ဖန်ပြန်လည် စုစည်းလာပြီး အက်ကြောင်းမှာလည်း လျင်မြန်စွာ ပိတ်သွားတော့သည်။
နောက်ဆုံးစက္ကန့်တွင် အာဒမ်သည် ထိုအက်ကြောင်းနောက်ကွယ်မှ မြင်ကွင်းကို တစေ့တစောင်း မြင်လိုက်ရသည်။ ၎င်းမှာ အစွန်းရောက်သော နေရာတစ်ခုပင်! ထိုနေရာရှိ အရောင်များမှာ အစွန်းကုန် တောက်ပနေပြီး ကြည့်ရသည်မှာ အလွန် ပြင်းထန်လွန်းလှသည်။ အာဒမ်သည် လမင်းမြို့တော် လမ်းဘေးများတွင် အနုပညာရှင်များ ပြသလေ့ရှိသော 'အဆင့်မြင့် ခေတ်ပေါ်ပန်းချီများ' ကို သတိရသွားသည်။ ခဏတာမျှသာ မြင်လိုက်ရသော်လည်း အာဒမ်မှာ ခေါင်းမူးသွားရသည်။ သူ၏ ဦးနှောက်ကို ပြန်လည် ကြည်လင်အောင် လုပ်ယူလိုက်ရပြီးနောက်တွင်တော့ ဟင်းလင်းပြင် အက်ကြောင်းမှာ ပြန်ပိတ်သွားခဲ့ပြီး အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့ပြီ။
ခွေးလေး ထွက်လာသည့် နေရာကို ကြည့်ရင်း အာဒမ်၏ ကျောပြင်မှာ ချွေးအေးများဖြင့် စိုရွှဲနေသည်။"အဲ-အဲဒါ ဘယ်လိုနေရာကြီးလဲ?!" သူက ကြောက်စိတ်မပြယ်သေးဘဲ မေးလိုက်သည်။
"ဟိုး..." ဘာဂါက အံ့သြဟန်ဖြင့် မျက်ခုံးပင့်လိုက်သည်။ "မှော်ဆရာ ဖြစ်ကာစ လူတစ်ယောက်အတွက်တော့ မင်းရဲ့ 'စိတ်ဝိညာဉ်စွမ်းအား'က တကယ်ကို မြင့်တာပဲ။"
"ဗျာ?" အာဒမ် ဇဝေဇဝါ ဖြစ်သွားသည်။ သူက ဘာဂါကို ကြည့်ပြီး "ဘာကို ဆိုလိုတာလဲ ဆရာ?" ဟု မေးလိုက်သည်။
ဘာဂါက အက်ဒဝပ်ကို ညွှန်ပြကာ တဟားဟား ရယ်သည်။ "ဒီအရူးကို ကြည့်ဦး။ 'ဝိညာဉ်ကမ္ဘာ'ကို တစ်ချက်ပဲ မြင်လိုက်ရသေးတယ်၊ သတိလစ်သွားပြီ။"
အာဒမ် လှည့်ကြည့်လိုက်ရာ သူ၏ အခန်းဖော်မှာ မြေပြင်ပေါ်တွင် သွားရည်များကျလျက် လဲနေသည်ကို တွေ့လိုက်ရသည်။ "သူ အဆင်ပြေပါ့မလား?" အာဒမ်က စိုးရိမ်တကြီး မေးလိုက်သည်။
"အေးပါ... မပူပါနဲ့။" ဘာဂါက လက်ကာပြလိုက်သည်။ ထို့နောက် သူက ငုံ့ပြီး ခွေးပေါက်လေးကို ကြမ်းပြင်ပေါ် ချပေးလိုက်သည်။ ခွေးပေါက်လေးမှာ သူ့ကို ပတ်ပြီး ပျော်ရွှင်စွာ ပြေးလွှားနေတော့သည်။
အာဒမ်သည် ဘာဂါ ခုနက ပြောလိုက်သည်ကို သတိရသွားပြီး မျက်လုံးများ တောက်ပလျက် မေးလိုက်သည်။ "ဆရာ... စိတ်ဝိညာဉ်စွမ်းအားဆိုတာ ဘာလဲ? ပြီးတော့ အဲဒီ ဝိညာဉ်ကမ္ဘာဆိုတာကော ဘာလဲ?"
ဘာဂါက မျက်နှာဆူလိုက်ပြီး ငေါက်တော့သည်။ "မင်းက စကားအရမ်းများတာပဲ! အကယ်ဒမီက ဟိုအရူးတွေကို သွားမေး။ ဟမ်း!"
အဘိုးကြီး၏ အငေါက်ကို ခံလိုက်ရပြန်သဖြင့် အာဒမ်မှာ ငြိမ်နေလိုက်ရသည်။
"မင်းရဲ့ အဲဒီ အဆီပုလင်းကို ဘယ်မှာ ထားခဲ့တာလဲ?" ဂနုမ်းကြီးက မေးသည်။
"ကျွန်တော့် စာကြည့်စားပွဲအောက်က သစ်သားသေတ္တာထဲမှာပါ" ဟု ကောင်လေးက အသံတိုးတိုးဖြင့် ဖြေလိုက်သည်။
ဘာဂါက ခွေးလေး၏ နားရွက်များကို ပွတ်သပ်ရင်း ညွှန်ကြားလိုက်သည်။ "ဘလက်ကီ.. မင်း ကြားတယ်မလား။ သူ့ရဲ့ သေတ္တာကို သွားယူချေ။"
"ဝုဖ်!" ဘလက်ကီက အမြီးနန့်ပြပြီး အာဒမ်ဆီသို့ ပြေးလာသည်။ သူသည် လူငယ်လေးကို အကြိမ်အနည်းငယ် ပတ်ပြေးပြီးနောက် နောက်ခြေထောက်တစ်ဖက်ကို မြှောက်ကာ စတင် ဆီးသွားတော့သည်။
"ဘာကြီးလဲဟ!!" အာဒမ် အံ့သြလန့်ဖြန့်ကာ နောက်သို့ ဆုတ်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ။ ဘလက်ကီက သူ့ပေါ်သို့ ဆီးနှင့် ပန်းလိုက်ပြီးဖြစ်သည်။ အာဒမ်သည် သူ၏ စွန်းထင်းသွားသော ဘောင်းဘီဖြူလေးကို ကြည့်ကာ ဘလက်ကီကို ကြိမ်းမောင်းလိုက်သည်။ "ခွေးစုတ်လေး!"
"ဝုဖ်!" ဘလက်ကီက လျှာလေးထုတ်ကာ အာဒမ်ကို လှောင်ပြောင်နေသယောင် ပြုလုပ်နေသည်။
၎င်းကို မြင်သောအခါ ဘာဂါက တဟားဟား ရယ်သည်။ "ကြည့်ရတာ ဘလက်ကီက မင်းကို သဘောကျသွားပုံရတယ်ဟေ့။"
"ဒါက သဘောကျတာကို ပြတဲ့ပုံစံလားဗျာ?!" အာဒမ်မှာ မကျေမနပ် ဖြစ်နေသည်။ "ကျွန်တော့်ပေါ် သေးပန်းပြီးတော့လေ?!"
"အဲဒါက မင်းအပေါ်မှာ သူ့ရဲ့ အမှတ်အသား ချန်ထားတဲ့ သူ့ရဲ့ နည်းလမ်းပဲ" ဟု ဘာဂါက ဆေးတံသောက်ရင်း ပြန်ဖြေသည်။ "ကဲ... သွားတော့ ဘလက်ကီ။"
"ဝုဖ်!" ဘလက်ကီက ခေါင်းညိတ်ပြပြီး သူ၏ ခြေဖဝါးလေးကို ဝှေ့ယမ်းလိုက်သည်။ နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင်မှာ ပုံပျက်သွားပြီး အက်ကြောင်းတစ်ခု ပွင့်လာရာ ခွေးပေါက်လေးမှာ အတွင်းသို့ ခုန်ဝင်သွားတော့သည်။
အာဒမ်မှာ ဤမြင်ကွင်းကို နောက်တစ်ကြိမ် အံ့ဩမိပြန်သော်လည်း၊ ယခုတစ်ခါတွင်မူ အက်ကြောင်းနောက်ကွယ်က ထူးဆန်းသော နေရာကို မကြည့်ရဲတော့ချေ။ သူသည် ထိုနေရာကို တကယ်ပင် ကြောက်လန့်နေမိသည်။ဟင်းလင်းပြင် အက်ကြောင်း ပြန်ပိတ်သွားမှသာ အက်ဒဝပ်ဆီသို့ လျှောက်သွားလိုက်သည်။ သူက အက်ဒဝပ်၏ ပုခုံးကို လှုပ်ခါပြီး နှိုးလိုက်သည်။ "အက်ဒ်! နိုးတော့!"
"ဟင်?" အက်ဒဝပ်က ကြောင်တောင်တောင်ဖြင့် ထထိုင်သည်။ "ဘာဖြစ်တာလဲ? ငါ ဘယ်ရောက်နေတာလဲ? ဗိုက်ဆာလိုက်တာ၊ ထမင်းဘယ်မှာလဲ?"
အာဒမ်က မျက်လုံးလှန်ကြည့်လိုက်ပြီး ပြန်ပြောမည်အလုပ် သူတို့ရှေ့ရှိ ဟင်းလင်းပြင်မှာ ပုံပျက်ကာ ပွင့်ထွက်သွားပြန်သည်။ ယခုတစ်ကြိမ်တွင် အက်ကြောင်းမှာ ပို၍ ကြီးမားလှသည်။ အာဒမ်က ချက်ချင်း မျက်လုံးမှိတ်ထားလိုက်သည်။ သို့သော် အက်ဒဝပ်မှာမူ...
"အီးးး!" ဝဝကောင်လေးမှာ ဝိညာဉ်ကမ္ဘာကို လှမ်းမြင်လိုက်ရပြန်သဖြင့် နောက်တစ်ကြိမ် သတိလစ်သွားပြန်သည်။
ဘလက်ကီက အက်ကြောင်းထဲမှ ခုန်ထွက်လာခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တွင် သူ၏ အမြီးမှာ မှော်ဆန်စွာ ရှည်ထွက်နေပြီး သစ်သားသေတ္တာကြီးကို ပတ်ချည်ထားသည်။ ချစ်စရာကောင်းသော ခွေးလေးသည် သေတ္တာကို ဘာဂါ၏ ရှေ့တွင် ချပေးလိုက်သည်။ သူ၏ အမြီးမှာ ပြန်တိုသွားပြီး အဆက်မပြတ် နန့်နေတော့သည်။
"ဝုဖ်!"ဘလက်ကီသည် 'ငါ့ကို ချီးကျူးဦးလေ၊ ငါ့ကို ချီးကျူးဦးလေ' ဟု ပြောနေသကဲ့သို့ ဘားဂါကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။
ဘာဂါက ငုံ့ပြီး ဘလက်ကီ၏ ခေါင်းကို အလိုလိုက်ကာ ပွတ်သပ်ပေးလိုက်သည်။ "လိမ္မာတယ်!" ထို့နောက် သူက သူ၏အိတ်ထဲမှ လူကြီးလက်သီးဆုပ်ခန့်ရှိသော တောက်ပသည့် ခရမ်းရောင် ကျောက်တုံးတစ်တုံးကို ထုတ်ကာ ဘလက်ကီကို ပေးလိုက်သည်။ "ရော့... ဒါက မင်းအတွက်။"
"ဝုဖ်!" ဘလက်ကီက ကျောက်တုံးကို ရှေ့ခြေထောက်နှစ်ဖက်ဖြင့် ဖမ်းကိုင်ကာ ချက်ချင်းပင် အလုံးလိုက် မျိုချလိုက်တော့သည်။ ထို့နောက် သူက ဘာဂါ၏ မျက်နှာကို တစ်ခေါက် ထပ်ယက်ပြီး လှည့်ကာ ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ပြန်သည်။ ချစ်စရာ ခွေးလေးသည် အာဒမ်ကို ဟောင်ကာ နှုတ်ဆက်ပြီးနောက် အက်ကြောင်းထဲသို့ ခုန်ဝင်ကာ ဝိညာဉ်ကမ္ဘာသို့ ပြန်သွားခဲ့တော့သည်။
အာဒမ်မှာ တောင့်တောင့်ကြီး ဖြစ်နေမိသည်။ ခုလေးတင် ဖြစ်ပျက်သွားခဲ့သော အရာများကို သူ မယုံနိုင်အောင် ဖြစ်နေရသည်။ သူ၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ထွက်လာပြီး ဦးနှောက်မှာ အလုပ်မလုပ်တော့ပေ။ ဝိညာဉ်ကမ္ဘာဆိုတာ ဘာလဲ? ဟိုခွေးက ဘာကောင်ကြီးလဲ? သူက အကယ်ဒမီရဲ့ ကာကွယ်ရေးတွေကို ဘယ်လို ကျော်ဖြတ်သွားတာလဲ? ငါ့အဆောင်ခန်းထဲကို ဘယ်လို ဝင်သွားတာလဲ? ငါ့သေတ္တာကို ဘယ်လို သယ်လာတာလဲ? ဘယ်သူလဲ? ဘာလဲ? ဘယ်တုန်းကလဲ? ဘယ်လိုလဲ? အာဒမ်မှာ ခေါင်းထဲ မူးနောက်လာပြီး အရာအားလုံးကို နားမလည်နိုင်တော့ချေ။
ဘာဂါက သူ့ကို လှမ်းပြောမှသာ သူ သတိပြန်ဝင်လာတော့သည်။
"ကောင်လေး... ခန္ဓာကိုယ်သန့်စင်ဆီကို ထုတ်လိုက်တော့။ မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်တဲ့ အလုပ် စရအောင်။"
ဂနုမ်းအဘိုးကြီးက သတ္တုဂိုလမ်ကို မှော်ရေအားလုံးကို ဂါနစ်ရှ် သစ်သားရေချိုးကန်ထဲသို့ လောင်းထည့်ရန် ခိုင်းလိုက်သည်။ ထို့နောက် ဘာဂါက လက်ဖျောက်တစ်ချက် တီးလိုက်ရာ ရှောက်သီးများထဲမှ အဆီအနှစ်များမှာ မှော်ဆန်စွာ ထွက်ပေါ်လာသည်။ ရှောက်သီးအဆီအနှစ်များနှင့် မှော်ရေများ ရောစပ်နေစဉ်မှာပင် အာဒမ်သည် သူ၏ သေတ္တာထဲမှ အဆီပုလင်းကို ထုတ်ကာ ဘာဂါကို ပေးလိုက်သည်။
သူသည် အဝတ်အစားများကို ချွတ်ပြီးနောက် ရေချိုးကန်ထဲသို့ ဆင်းလိုက်သည်။ သူ ခံစားရတော့မည့် နာကျင်မှုအတွက် အနည်းငယ် စိုးရိမ်ထိတ်လန့်နေမိသည်။
"စိတ်မပူနဲ့ ကောင်လေး" ဟု ဘာဂါက နှစ်သိမ့်သည်။ "ငါ မင်းရဲ့ နာကျင်မှုကို တတ်နိုင်သမျှ လျှော့ချပေးပါ့မယ်။"
အာဒမ် ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများမှာ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပနေသည်။ သူသည် အသက်ကို ဝဝရှူလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကဲ... စကြတာပေါ့!"